၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာကြမည့် ရုရှား၊ တရုတ်၊ အိန္ဒိယစသည့် ပြည်ပနိုင်ငံများမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ ရန်ကုန်မြို့သို့ ရောက်ရှိ
ရန်ကုန် ဒီဇင်ဘာ ၂၆
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကို ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ရုရှား၊ တရုတ်၊ အိန္ဒိယစသည့် ပြည်ပနိုင်ငံများမှ ရွေးကောက်ပွဲစောင့် ကြည့်လေ့လာရေးအဖွဲ့များသည် ယနေ့နံနက်ပိုင်းမှစ၍ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသို့ နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများအဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Deputy Chairman (State Duma)ဖြစ်သူ Mr.Kara-ool Sholban ဦးဆောင်သောအဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Special Envoy for Asian Affairs,MFA Mr.Deng Xijun ဦးဆောင်သောအဖွဲ့၊ အိန္ဒိယနိုင်ငံမှ Former Army Commander Mr.Sahni Arun Kumar ဦးဆောင်သောအဖွဲ့၊ ကာဇက်စတန်နိုင်ငံမှ Deputy Chairman of the Commission Mr.Yerman Mukhtar ဦးဆောင်သောအဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံမှ NEC Member ဖြစ်သူ H.E. Mr. YICH Samethy ဦးဆောင်သောအဖွဲ့နှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံမှ Mr.Nguyen Duc Thinh ဦးဆောင်သောအဖွဲ့တို့သည် ယနေ့တွင် သတ်မှတ်ချိန် များအလိုက် ရန်ကုန်မြို့သို့ ရောက်ရှိ လာကြခြင်းဖြစ်သည်။
အဆိုပါ အဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr.Iskander Azizov နှင့်တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတို့မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်းသိရသည်။




