မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား သွားရောက်ကြည့်ရှု နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၂၄

Wednesday, December 24, 2025 - 16:00

          ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေးအတွက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ရုံးများ၌ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို ယနေ့ နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြသည်။

          ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက မော်လမြိုင်မြို့၊ အခြေခံပညာအထက် တန်းကျောင်း(ရွှေနတ်တောင်)၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပပြုလုပ်နိုင်ရေး မဲရုံကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုရာ မဲရုံတာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် မဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက မော်လမြိုင်မြို့နယ်၊ စမ်းကြီးရပ်ကွက်နှင့် နောင်ခရီး ရပ်ကွက်တို့ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးခွဲများ၌ တတိယအကြိမ် မဲဆန္ဒရှင်များစာရင်း ကပ်ထားကြေငြာထားရှိမှု၊ အများပြည်သူများ လာရောက်ကြည့်ရှုနေမှု၊ ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုနှင့် ကြိုတင်မဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို သွားရောက်ကြည့်ရှုပြီး တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးခဲ့သည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) သရုပ်ပြရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။