ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မင်းဘူးမြို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ မြို့မိ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်း

Saturday, December 20, 2025 - 15:45

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မင်းဘူးမြို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ မြို့မိ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား 

မိမိတို့ဒေသကိုချစ်သည့်စိတ်၊ နိုင်ငံကောင်းရာကောင်းကျိုးကို လိုလားသည့်စိတ်များဖြင့်  ဒေသနှင့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြစေလို                                                                         နေပြည်တော်၊ ဒီဇင်ဘာ - ၂၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မင်းဘူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အသေးစား၊ အငယ် စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များနှင့်  ယနေ့နံနက်ပိုင်းတွင် မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ရှိ မင်းပူးဦးဩဘာသခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊  ပြည်ထောင်စု ဝန်ကြီး များ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့် မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိ သူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ မြို့ဖ များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား အသီးသီးတင်ပြ

            ဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူးက မင်းဘူးခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက် များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင် ရွက်လျက်ရှိမှု၊ အဓိကသီးနှံများအား ပန်းတိုင်အထွက်နှုန်းတိုးတက်ရေး ဆောင်ရွက် လျက်ရှိမှု၊ ခရိုင်အတွင်း ဆန်နှင့် ဆီဖူလုံမှု၊ ဆီထွက် သီးနှံများအား အထူးဇုန်များ အလိုက် စိုက်ပျိုးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုနှင့် အောင်မြင်ဖြစ်ထွန်း လျက်ရှိမှု၊  ဝါစိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်းလျက်ရှိမှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်နိုင်မှု၊ ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက် တန်းကျောင်း များဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများများဖြင့် စိုက်ပျိုးရေများလုံလောက်စွာရရှိရေး ဆောင်ရွက် လျက်ရှိမှု၊ လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ မင်းဘူးခရိုင် အတွင်း မြို့နယ်အလိုက် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လိုအပ်သည့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ မင်းဘူးခရိုင် အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့များ၊ ကျောက်မီးသွေးများ ထုတ်လုပ်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

            ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မင်းဘူးခရိုင်အတွင်း စိုက်ပျိုးမွေး မြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိမှုနှင့် တစ်ဧကပန်းတိုင်အထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်လျက်ရှိမှု၊ မကွေးတိုင်းဒေသကြီးအတွင်း ဆန်ဖူလုံမှုရှိ စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေများလုံလောက်စွာရရှိရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများကိုဆောင်ရွက်ခဲ့မှုကြောင့် ယခင် ကထက် သီးနှံများ ပိုမိုစိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိမှု၊ စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်လာနိုင်ခြင်းကြောင့် တိုင်းဒေသကြီး၏ GDP များတိုးတက်လျက် ရှိမှု၊ ဝါနှင့် ဆီထွက်သီးနှံအဓိကစိုက်ပျိုးထုတ်လုပ်သည့် တိုင်းဒေသကြီးဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

            ယင်းနောက် မင်းဘူးမြို့ရှိ မြို့မိမြို့ဖများက မင်းဘူးမြို့နယ်၊ ကောင်းသာရွေး ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စာသင်ဆောင်များလိုအပ်လျက် ရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် စိုက်ပျိုးရေများလုံလောက်စွာရရှိ ရေး နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများ ထပ်မံတိုးချဲ့ဆောင်ရွက်ပေးစေ လိုမှုနှင့် ဒေသဆိုင်ရာလိုအပ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများက ပြန်လည်ဆွေးနွေးပြောကြား

            ၎င်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမင်းနောင်၊ ဦးလှမိုး နှင့် ဦးခင်မောင်ရီ တို့က နိုင်ငံတော်တစ်ဝှမ်း တည်ငြိမ်မှုနှင့် အေးချမ်းသာယာမှုရှိစေရေးအတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန် ရေးနှင့် အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ မူးယစ်ဆေးဝါးတားဆီး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားတိုက်ဖျက်မှု လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် တရားမဝင် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးလျက်ရှိမှု၊ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အမျိုးသားရေး တာဝန်အဖြစ်ခံယူ၍ အမြစ်ပြတ်ချေမှုန်းလျက်ရှိသဖြင့် ပြည်သူလူထုများမှလည်း ဝိုင်း ဝန်းပူးပေါင်းပါဝင်ဆောင်ရွက်သွားရန်လိုအပ်မှု၊ စိုက်ပျိုးရေ လိုအပ်ချက်ပြည့်မီစေရေး အတွက် မြစ်ရေတင်လုပ်ငန်းများဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို ချိတ်ဆက်ဆောင်ရွက် သွားကြစေလိုမှု၊ တင်ပြချက်များတွင်ပါဝင်သည့် စိုက်ပျိုးရေလိုအပ်ချက်ရှိသည့် ကျေး ရွာများ၌ နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ မြေ အောက်ရေထုတ်ယူရရှိနိုင်ရေး လိုအပ်သည့် သုတေသနပြုတွက်ချက်မှုများကို ဆောင် ရွက်ပေးသွားမည့်အခြေအနေများ၊ မကွေးတိုင်းဒေသကြီးနှင့် မင်းဘူးခရိုင်တို့အတွင်း နှစ်အလိုက် သစ်တောဖုံးလွှမ်းမှု အခြေအနေများအပေါ် စိစစ်တွေ့ရှိချက်များ၊ နိုင်ငံ့ အဝန်းသဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ဆောင်ရွက်လျက်ရှိမှုနှင့် ဒေသခံများ အနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်မှုတို့နှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြကြသည်။

စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများကို အားပေး၍ ဒေသဖွံ့ဖြိုးတိုးတက်စေရေးအလေးထားဆောင်ရွက်

            ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက မင်းဘူးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မင်းဘူးဒေသတွင် ပဲနှင့်ဝါကို အဓိကထားစိုက်ပျိုးကြသည်ကို တွေ့ရှိရပြီး ဆန်ဖူလုံမှုရှိသည့် ဒေသလည်း ဖြစ်ကြောင်း၊ ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် စိုက်ပျိုးဆောင်ရွက်နိုင်မည် ဆိုပါက ယခုထက်ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မင်းဘူးခရိုင်တစ်ခုတည်း အနေဖြင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက် မပြည့်မီခြင်းကြောင့် ဝင်ငွေလျော့ နည်းမှုမှာ ၅၀၀ ဘီလီယံကျော်ခန့်ရှိကြောင်း၊  ထို့ကြောင့် ပန်းတိုင်ရည်မှန်းချက်ပြည့်မီ အောင်ဆောင်ရွက်ခြင်းဖြင့် ဒေသ၏စီးပွားရေးကို များစွာပြောင်းလဲသွားစေနိုင်မည် ဖြစ်ကြောင်း၊ အဓိကအားဖြင့် ယခုဒေသတွင် စိုက်ပျိုးဖြစ်ထွန်းသည့် ဝါများစိုက်ပျိုး ရာတွင် တစ်ဧကပန်းတိုင်ရည်မှန်းချက် ပြည့်မီရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ဝါစိုက်ပျိုးမှုဧက ၅ သိန်း ခန့်ရှိပြီး ဝါအထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက ပြည်တွင်း ချည်ချောထုတ်လုပ်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း။

            စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အချက်အလက်များအား တင်ပြ ဆောင်ရွက်ရာ၌ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်ရန်လိုအပ်ကြောင်း၊ မိမိတို့ နိုင်ငံ၌ခေတ်အဆက်ဆက်တွင် လယ်ယာထွက်ကုန်ပစ္စည်းများထွက်ရှိမှုမှာ ကိန်းဂဏန်း အချက်အလက်များအရကွာခြားချက်များရှိနေကြောင်း၊ ကိန်းဂဏန်း အချက်အလက်များ၊ စာရင်းဇယားများ မှန်ကန်စွာသိရှိနိုင်မှသာလျင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမို လေ့လာဆန်းစစ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းဆောင်ရွက်သူ များအနေဖြင့် ပန်းတိုင်ရည်မှန်းချက်များပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်သွားကြ ရန်နှင့် စာရင်းဇယားကောက်ယူသူများအနေဖြင့်လည်း မှန်ကန်သည့်စာရင်းဇယားများ ရရှိနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဓိကအားဖြင့် မိမိတို့နိုင်ငံဖွံ့ဖြိုး တိုး တက်ရေးအတွက် မိမိတို့အားလုံး အမှန်တကယ် အလုပ်လုပ်ကြရမည်ဖြစ်ပြီး အလုပ် လုပ်နိုင်ရေးအတွက်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း။

            တစ်ဧကပန်းတိုင်ရည်မှန်းချက်အတိုင်းထွက်ရှိစေရေး မိမိတို့အနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်းလိုအပ်ချက်များနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် လက်တွေ့မြေပြင်၌ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်နေကြသည့်သူများကို ကွင်းဆင်း၍ လိုအပ်ချက်များကိုသုတေသနပြုမေးမြန်းခဲ့ကြောင်း၊ ထိုသို့မေးမြန်းရာတွင် စိုက်ပျိုးမွေး မြူရေးနှင့်ပတ်သက်၍ အခြေခံကျသောအချက်၊ ဖြည့်ဆည်းပေးရမည့်အချက်များကို ရိုး ရှင်းစွာ မေးမြန်းခဲ့ကြောင်း၊ မေးမြန်းချက်များအရ မင်းဘူးဒေသတွင် သီးနှံ ၉ မျိုး စိုက်ပျိုးသည်ကိုတွေ့ရှိရကြောင်း၊ အားနည်းချက်များတွင် လူများ၏ အားနည်းချက်၊ ငွေကြေးအားနည်းချက်ဟူ၍ရှိကြောင်း၊ မြေပြုပြင်ခြင်းတွင် လိုအပ်သည့်ထွန်ယက်မှု များလုံလောက်စွာပြုလုပ်ခြင်း၊ ဓာတ်မြေဩဇာများလိုအပ်မှုရှိပါက သဘာဝမြေဩဇာ များ ထည့်သွင်းခြင်းများကိုဆောင်ရွက်နိုင်ကြောင်း၊ မြေဩဇာလိုအပ်ချက်များကို ဖြည့် ဆည်းပေးနိုင်ရန်အတွက် နိုင်ငံတော်မှ စိုက်ပျိုးရေးချေးငွေများကို ထုတ်ချေးပေးထား ကြောင်း၊ ကောက်ကွက်များ ပြည့်မီအောင်စိုက်ပျိုးရန်အတွက် လိုအပ်သည့်လူများ မရ ရှိနိုင်ပါက Feed Seeder များဖြင့် စနစ်တကျအစေ့ချစိုက်ပျိုးခြင်းဖြင့် တစ်ဧကပန်း တိုင်အထွက်နှုန်း ပြည့်မီရေးအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် မိရိုးဖလာ ဆောင်ရွက်နေခြင်းအစား ခေတ်မီနည်းစနစ်များ ကိုလည်း လေ့လာကျင့်သုံး၍ အထွက်နှုန်းများ တိုးတက်အောင်ဆောင်ရွက်သွားကြရန် လိုကြောင်း။

            စိုက်ပျိုးရေလိုအပ်ချက်နှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီးအတွင်း နေရောင် ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ မင်းဘူးဒေသ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးရေးလုပ်ငန်း ဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်ပြောင်းလဲစေရေး မိမိအနေဖြင့် ဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ဒေသမှထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များအပေါ် အခြေ ခံသည့်စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသ၏လူမှုစီးပွားဘဝများသည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံ တော်အနေဖြင့်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက် အား ပေးဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့် သွင်းအားစုများကို ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ အဓိကလိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးရေလုံလောက်စွာရရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရရှိရေးအတွက်လည်း နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်း ဒေသ၏စားရေး လိုအပ်ချက်ကို ပြည့်မီအောင်မွေးမြူထုတ်လုပ်သွားရန်လိုကြောင်း၊ ဒေသအတွင်းမွေးမြူ ဖြစ်ထွန်းသည့် ဆိတ်မွေးမြူရေးလုပ်ငန်းအပြင် အခြေခံစားကုန်များဖြစ်သည့် ကြက်၊ ဝက်၊ နွားတို့ကိုလည်း အောင်မြင်အောင် မွေးမြူဆောင်ရွက်ကြရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများ အတွက်လိုအပ်သည့် အစာလိုအပ်ချက်အတွက်လည်း ဒေသမှ ထွက်ရှိသည့် စိုက်ပျိုးရေး ထုတ်ကုန်များကို အခြေခံ၍ လုပ်ဆောင်ရနိုင်မည် ဖြစ်ကြောင်း။

လူသားအရင်းအမြစ်ကောင်းများရရှိရေး နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် အသိ ပညာ၊ အတတ်ပညာဖြင့်ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများ လိုအပ်မည်ဖြစ် ကြောင်း၊ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဟူသည့်အတိုင်း အတန်းပညာရှိ မှသာ အတတ်ပညာရှိမည်ဖြစ်ကြောင်း၊ ထို့အတူ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး လူရည်မွန်များလည်း ဖြစ်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံပညာ အထက်တန်းကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ ကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စု အစီရင်ခံစာကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ပြည်ထောင်စု အစီရင်ခံစာ ထုတ်ပြန်မှုသည် နိုင်ငံတော်အတွက် အဖိုးတန်သည့် စာရင်းအင်း၊ ကိန်း ဂဏန်း အချက်အလက်များပင်ဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်တို့အနေ ဖြင့်လည်း မိမိတို့ဒေသ၏ကိန်းဂဏန်းအချက်အလက်များကို အခြေခံ၍ မိမိတို့ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိရှိအသုံးချသွားကြရန် လိုကြောင်း။

မိမိတို့အနေဖြင့် “ နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ၊ “နိုင်ငံတော် ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းစို့” ဆိုသည့် ဆောင်ပုဒ်များကိုချမှတ်ထားကြောင်း၊ မကွေးတိုင်းဒေသကြီး အတွင်း ရှိပြီးသား သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရန်နှင့် သစ်ပင်များ တိုးချဲ့စိုက်ပျိုးကြရန် လိုကြောင်း၊ အပူဒဏ်ကို ကာကွယ်နိုင်ရေးအတွက် ရွာတိုင်းရွာတိုင်း အရိပ်ရပင်များကို တိုးချဲ့စိုက်ပျိုးကြရန်လိုကြောင်း၊ မကွေးတိုင်းဒေသကြီး အတွင်းရှိ အချို့မြို့နယ်များ သည် ကမ္ဘာ့အပူဆုံးမြို့များစာရင်းအတွင်း၌ ပါဝင်သည်ကို တွေ့ရကြောင်း၊ အပူရှိန် လျှော့ချရေးနှင့် ရာသီဥတုကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရန်မှာ သစ်ပင်စိုက် ပျိုးခြင်းပင်ဖြစ်ပြီး ကျေးရွာတစ်ရွာချင်းစီအလိုက် သစ်တောသစ်ပင်များကို တိုးချဲ့စိုက် ပျိုးသွားကြရန်လိုကြောင်း၊ ထိုသို့စိုက်ပျိုးရာတွင် ဒေသတွင်းဖြစ်ထွန်းအောင်မြင်ပြီး ကုန်ထုတ်လုပ်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေနိုင်သည့် ဆီးသီးပင်၊ မန်ကျည်းပင်အပါအဝင် အခြားအပင်များကို ထည့်သွင်းစိုက်ပျိုးသွားရန်လိုကြောင်း၊ MSME လုပ်ငန်းများဆောင်ရွက်ရန်အတွက် ကုန်ကြမ်းပစ္စည်းများသည်အဓိက ကျ ကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများဖြင့် တန်ဖိုးမြင့်ထုတ်ကုန် များ ကို ထုတ်လုပ်နိုင်မည်ဆိုပါက ဒေသအတွက်များစွာအကျိုးရှိစေမည်ဖြစ်ကြောင်း၊

ပညာရေးနှင့်ပတ်သက်၍ ပညာရည်သင်ကြားခြင်းကိုသာမက သိသင့်သိထိုက် သည့် အသိပညာဗဟုသုတများရရှိစေရေးအတွက် မိမိတို့ကိုယ်တိုင်နှင့် မိမိတို့သားသမီး များကို စာဖတ်သည့်အလေ့အကျင့်များမွေးမြူပေးရန်လိုကြောင်း၊ မိမိတို့သားသမီး များ၏ ဘဝတိုးတက်ရေးအတွက် ပညာရည်မြှင့်တင်ခြင်းများကို ဆောင်ရွက်ပေးသွား ရန်လိုကြောင်း၊ ပညာရည်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်းအားဖြင့် ဒေသ တွင်း လူမှုစီးပွားဘဝများသည်လည်း တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုသည် ဖွံ့ဖြိုးတိုးတက်သည့်အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ခြင်းပင် ဖြစ်သဖြင့် နိုင်ငံတော်မှအလေးပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံအတွင်း တရား ဥပဒေစိုးမိုးရေးအတွက် အထောက်အကူပြုနိုင်ရန်အတွက်လည်း နိုင်ငံ့ဝန်ထမ်း များ၊ ကျောင်းသား၊ ကျောင်းသူများကို ဥပဒေနှင့်ပတ်သက်သည့် အသိပညာများ သင်ကြားပေးလျက်ရှိကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိမှသာလျင် နိုင်ငံအတွင်း သွားလာ လုပ်ကိုင်မှုများအဆင်ပြေချောမွေ့လာမည်ဖြစ်သဖြင့် အားလုံးက ဝိုင်းဝန်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။

 

 

လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး

            ရွေးကောက်ပွဲနှင့်ပတ်သက်၍ ယခု ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင် မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန် အရေးကြီးသကဲ့ သို့ ၂၀၂၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ် စေရေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့် မဆုံးရှုံးစေရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးခြင်း မပေးခြင်းသည် မဲဆန္ဒရှင်များ၏ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပေးရမည်မှာ အစိုးရ၏ တာဝန် ပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းသည် ဒီမိုကရေစီစနစ် အပေါ် လျှောက်လှမ်းခြင်းကိုထောက်ခံခြင်းဖြစ်ပြီး  မဲမပေးခြင်းသည် ဒီမိုကရေစီစနစ် အပေါ် လျှောက်လှမ်းမှုကို မထောက်ခံခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မင်းဘူးဒေသအတွင်း  ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးသွား ကြရန်လို ကြောင်း။
            နိုင်ငံတော်အစိုးရအနေဖြင့် မင်းဘူးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင် သည့်ဘက်မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသတွင် နေထိုင်ကြသူများ၊ တာဝန် ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ဒေသကိုချစ် သည့်စိတ်၊ နိုင်ငံကောင်းရာကောင်းကျိုးကိုလိုလားသည့် စိတ်များဖြင့်  ဒေသနှင့်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

            ယင်းနောက် အခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌသည် အခမ်းအနားတက်ရောက်လာကြသူများအားရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ သည် ခင်းကျင်းပြသထားသည့် မင်းဘူးခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန် ပစ္စည်းများအား လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လို အပ်သည်များ လမ်းညွှန်မှာကြားသည်။

မင်းဘူးမြို့၊ ခရိုင်ဘောလုံးအားကစားကွင်း

            ထို့နောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲဝင်များသည်  မင်းဘူးမြို့၊ ခရိုင်ဘောလုံးအားကစားကွင်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် အားကစားပွဲများကျင်းပပြုလုပ်ချိန်တွင် အားကစားဝါသနာရှင်ပြည်သူများ အဆင်ပြေစွာကြည့်ရှုနိုင်ရန်အတွက် ပွဲကြည့်စဉ် တည်ဆောက်ပေးနိုင်ရေးဆက်လက် ဆောင်ရွက်သွားရန်၊ ရေနုတ်မြောင်း ဆောက်လုပ် ရာတွင်လည်း ရေများစနစ်တကျ စွန့်ထုတ်နိုင်ရန်အတွက် မြေအနိမ့်အမြင့်အား တွက် ချက်ဆောင်ရွက်သွားရန်၊ ပြေးလမ်းအားစနစ်တကျ တည်ဆောက်သွားရန်နှင့် အခြား လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

မင်းဘူးမြို့ အထွေထွေရောဂါကုဆေးရုံကြီး

            ယင်းနောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မင်းဘူးမြို့ အထွေထွေရောဂါကု ဆေးရုံကြီး သို့ရောက်ရှိကြရာ ဆေးရုံအုပ်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများက ကြိုဆို နှုတ်ဆက်ကြသည်။

            ထို့နောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် သွားနှင့်ခံတွင်းကုသမှုဌာန၊ ဓာတ်ခွဲ ခန်းနှင့် ဇီဝဓာတ်ခွဲခန်းတို့အတွင်း လှည့်လည်၍ ပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးနေမှုနှင့်ကျန်းမာရေးဝန်ဆောင်မှုပေးနေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာ ကြားသည်။

            ယင်းနောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့က  မင်းဘူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးအတွက် အလှူငွေများကို ပေးအပ်ရာ ဆေးရုံအုပ်ကြီးနှင့်တာဝန်ရှိသူများက လက်ခံရယူသည်။

မကွေး-မင်းဘူး လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု

            နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မ ရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင်လည်း မင်းဘူးမြို့ ရှုခင်းသာ နေရာသို့ ရောက်ရှိကြရာ မကွေး-မင်းဘူး လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ကြသည်။

            ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက လမ်းနယ်များနှင့်ပတ်သက်၍ သတ်မှတ် ထားသည့်အတိုင်း စနစ်တကျဖြစ်ရန်လိုပြီး အချို့လမ်းနယ်များ၌ကျူးကျော်မြေအသုံး ချမှုများရှိနေသည့်အတွက် လမ်းမကြီးများဥပဒေနှင့် အညီဆောင်ရွက်သွားရန်လိုအပ် မည်ဖြစ်ကြောင်း၊ လမ်းများအဆင့်မြှင့်တင်ခြင်းများပြုလုပ်ရာတွင်လည်း လမ်းကြောင်း တစ်လျှောက် စနစ်တကျဖြစ်စေရေးနှင့် သတ်မှတ်ချက်များပြည့်မီစေရေး စနစ်တကျ တွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်းသတင်းရရှိသည်။