တပ်မတော်စစ်ကြောင်းများက PDF အမည်ခံပူးပေါင်းအကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် စဉ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာ ဒေသတို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်ရရှိ နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၁၉

Friday, December 19, 2025 - 16:45

    PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုး ထားသည့် စဉ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာ ဒေသတစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက ယနေ့တွင် ပြန်လည်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။
    PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် မိုးကုတ်၊ မိုးမိတ်၊ သပိတ်ကျင်း၊ မတ္တရာ၊ စဉ့်ကူး ဒေသတစ်ဝိုက်အား ၂၀၂၄ ခုနှစ်မှစ၍ ဝင်ရောက် တိုက်ခိုက်ကာ မြို့/ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လုံခြုံရေး အင်အား နည်းသော တပ်စခန်းငယ်များအား အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခြင်း၊ ပြည်သူပိုင် ပစ္စည်းများအား အတင်းအဓမ္မ ယူဆောင်ခြင်း၊ နိုင်ငံ့အကျိုးပြု စက်ရုံ၊ အလုပ်ရုံများအား ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်း၊ နိုင်ငံပိုင် မြေပေါ်၊ မြေအောက် သယံဇာတများ အဓမ္မနည်းဖြင့် ထုတ်ယူကိုယ်ကျိုးသုံးစွဲခြင်း စသည့် အကြမ်းဖက် လုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်ခဲ့သဖြင့် အဆိုပါဒေသရှိ ဒေသခံ တိုင်းရင်းသားအနေဖြင့် ၎င်းတို့ပိုင်ဆိုင်သည့် နေအိမ်အဆောက်အအုံများနှင့် ဥစ္စာ ပစ္စည်းများကို စွန့်လွတ်၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
    ထို့ကြောင့် တပ်မတော်စစ်ကြောင်းများက အဆိုပါဒေသများတည်ငြိမ်အေးချမ်း ရေး၊ ယာယီနေရပ်စွန့်ခွာပြည်သူများ ၎င်းတို့၏နေရပ်သို့ ပြန်လည် အခြေချ နေထိုင်နိုင် ရေး၊ စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် နိုင်ငံစီးပွားတိုးတက်ရေး အထောက်အကူပြုသည့် မြေပေါ်/မြေအောက် သယံဇာတများ ပြန်လည်ဆောင်ရွက် နိုင်ရေးတို့အတွက် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ပြီး အကြမ်းဖက်ချေမှုန်း မှုစစ်ဆင်ရေး (Counter-Terrorism Operation)ကို ဆောင်ရွက်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူပူပေါင်းအဖွဲ့များ ယာယီ စိုးမိုးထားသည့် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် လည်းကောင်း၊ မတ္တရာမြို့နယ်ရှိ ဖယောင်းတောင် သတ္တုတွင်းဒေသအား ဩဂုတ်လ ၂၄ ရက်တွင်လည်းကောင်း၊ အယ်လ်ဖာ ဘိလပ်မြေ စက်ရုံတစ်ဝိုက်အား ဩဂုတ်လ ၂၈ ရက်တွင်လည်းကောင်း၊ ဆည်တော်ကြီးကျေးရွာနှင့် ရေလှောင်တမံအား နိုဝင်ဘာလ ၇ ရက်တွင်လည်းကောင်း အဝေးရောက်ဒေသခံ ပြည်သူများ၏ စစ်ရေးသတင်းပေး ကူညီမှုများဖြင့် တစ်နေရာပြီး တစ်နေရာအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
    ထိုသို့ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဒေသများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသခံပြည်သူများ၏ အားပေး ထောက်ခံမှုရရှိထားသည့် တပ်မတော်စစ်ကြောင်းများအနေဖြင့် မတ္တရာ၊ ပြင်ဦးလွင် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ ဌာနချုပ်အဖြစ် ဖွင့်လှစ်၍ ယာယီစိုးမိုး ထားသည့် စဉ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာ ဒေသတို့အား ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ရေးအတွက် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများအား ဖြည့်တင်း ဆောင်ရွက်ပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများ ပူးပေါင်း၍ မြေပြင်/ ဝေဟင် ဟန်ချက်ညီပေါင်းစပ်ကာ မြေပြင်သတင်း ဖော်ထုတ်ပြီး တိုက်ပွဲဝင် အရာရှိ၊ စစ်သည်များ၏ တိုက်စွမ်းရည်၊ တိုက်စွမ်းအား တိုးတက်မြင့်မားလာမှု၊ စိတ်ဓာတ် ခွန်အားတက်ကြွမှု၊ တိုက်လို ခိုက်လိုစိတ်ပြင်းပြမှု၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်တို့နှင့်အတူ စဉ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာ ဒေသတို့အား ပြန်လည် သိမ်းပိုက်ရရှိရေးအတွက် ပိတ်ဆို့ရေးအနေဖြင့် သပိတ်ကျင်း-ဝါးဖြူတောင် မှတစ်ဆင့် ဇရပ်ကွင်းသို့ စစ်ကြောင်း ၂ ကြောင်းဖြင့် ပိတ်ဆို့ရှင်းလင်းခဲ့ရာ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဇရပ်ကွင်းကို ထိန်းချုပ်နိုင်ခဲ့ပြီး လိပ်ကျ၊ ချောင်းကြီးနှင့် နွယ်ရုံ တစ်ဝိုက်ကိုလည်း  ဆက်လက် ပိတ်ဆို့ထိန်းချုပ်ခဲ့သည်။ ဆက်လက်၍ ရတနာသိင်္ဂီ-နားခါ-ပျဉ်းချောင်း-လမင်းသာ လမ်းကြောင်း၊ ပန်းတင်-မြကန်သာ လမ်းကြောင်း၊ မတ္တရာ-စဉ့်ကူးလမ်းမကြီး ဘယ်/ညာမှ-တရော်ပင်-ညောင်ဝန်း-သာယာကုန်း လမ်း ကြောင်း၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း-ကျောက်ငနွား-ရေတော်-ရွှေလှေ လမ်းကြောင်း တို့ဖြင့် စစ်ကြောင်းများခွဲ၍ အဆင့်ဆင့်တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်သောင်း ကျန်းသူများ ယာယီစိုးမိုးထားသည့် လက်ပန်လှ ကျေးရွာတစ်ဝိုက်အား ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် လည်းကောင်း၊ စဉ့်ကူးမြို့တစ်မြို့လုံးအား ယနေ့တွင်လည်းကောင်း၊ ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက် သောင်းကျန်းသူများ ဖရိုဖရဲဆုတ်ခွာထွက် ပြေးသွားခဲ့သည်။
    တပ်မတော်စစ်ကြောင်းများအနေဖြင့် စဉ့်ကူးမြို့နှင့် အဆိုပါဒေသတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ရရှိရေး အသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်း ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲကြီး/ငယ် ၅၀ ကြိမ်ဖြစ် ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၂၂ လောင်း၊ လက်နက်မျိုးစုံ ၄၇ လက်၊ အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်ရွက်တွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ ပြီး အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်။
    နိုင်ငံတော်ပျက်စီးရာ ပျက်စီးကြောင်းကို နည်းလမ်းမျိုးစုံဖြင့် အစဉ်တစိုက် ကြိုးပမ်းလုပ်ဆောင်နေသော CRPH၊ NUG အမည်ခံအကြမ်းဖက်အဖွဲ့အစည်းများ၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများသည် အဆိုပါဒေသအား ယာယီ စိုးမိုးထားစဉ် မြို့/ရွာများအတွင်း ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ စာသင် ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ်များ အတွင်း ဝင်ရောက်နေရာယူ၍ ဘန်ကာများပြုလုပ်ခြင်း၊ ပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပြည်သူများ အဓိက သွားလာ အသုံးပြုလျက်ရှိသည့် အဆိုပါဒေသရှိ ဧရာဝတီတံတား(ရတနာသိင်္ဃ)၊ ကျောက်စရစ်ကုန်းတံတား၊ ဇရပ်ကွင်းတံတားနှင့် အပါအဝင် လမ်း၊ တံတားကြီးများ အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနေသည့် စက်ရုံ၊ အလုပ်ရုံ များနှင့် ဌာနဆိုင်ရာ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ သည်။ 
    ထို့အပြင် ဆည်တော်ကြီး ရေလှောင်တမံ၏ ဆည်ရေပိုလွှဲရေတံခါး အဖွင့်/ အပိတ် မောင်းခလုပ်၊ ဆည်တမံဘောင်နှင့် ရေထိန်းတံခါး တို့အား မိုင်းထောင်၍ ဖောက်ခွဲဖျက်ဆီးရန် ယုတ်မာရိုင်းစိုင်းစွာဖြင့် လုပ်ဆောင်ခဲ့သည်ကို တွေ့ရပြီး တပ်မတော်အနေဖြင့် လက်မတင် အချိန်မီတားဆီးထိန်းချုပ်နိုင်ခဲ့သည်။
    ယခု ဆုတ်ခွာထွက်ပြေးစဉ်တွင်လည်း ၎င်းတို့ လုပ်ဆောင်နေကျနည်းလမ်းများ ဖြစ်သည့်  ပြည်သူများပိုင်ဆိုင်သည့် အဖိုးတန် နှင့် အမြတ်တနိုး သိမ်းဆည်းထားသော ပစ္စည်းများအား အတင်းအဓမ္မ ယူဆောင်ခြင်း၊ အဆိုပါဒေသအတွင်းရှိ နိုင်ငံတော်၏ သယံဇာတဖြစ်သော တရားဝင်ခွင့်ပြုထားသည့် ရွှေလုပ်ကွက်များအတွင်း အတင်း အဓမ္မဝင်ရောက်လုပ် ကိုင်တူးဖော်ခြင်း၊  ပြည်သူများပိုင်ဆိုင်သည့် အဖိုးတန်ပစ္စည်း များကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်ယူဆောင်ခြင်းများ ပြုလုပ်ကာ ရွှေ/သတ္တု ရောရာ မြေစာများနှင့် အဖိုးတန်ပစ္စည်းများအား ယာယီနေရပ်စွန့်ခွာ ပြည်သူများထား ရှိခဲ့သည့် မော်တော်ယာဉ်များဖြင့် တင်ဆောင်ကာ ဧရာဝတီမြစ်အား ဖြတ်ကူး၍ ဆုတ်ခွာထွက်ပြေးရန် လုပ်ဆောင်လျက်ရှိကြောင်း မြေပြင်သတင်းဖော်ထုတ်ချက်အရ တပ်မတော် စစ်ကြောင်းများက မြေပြင်၊ ဝေဟင် စစ်နည်းဗျူဟာမြောက် ပေါင်းစပ် ချေမှုန်းခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများသည် အထိနာစွာဖြင့် ဧရာဝတီမြစ် အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးစဉ် အစီအစဉ်ပျက်ပြားကာ ဦးတည်ရာမဲ့ ထွက်ပြေးလျက်ရှိပြီး အဆိုပါအကြမ်းဖက်သောင်းကျန်းသူများကိုလည်း တပ်မတော် စစ်ကြောင်းများက မြေပြင်/ဝေဟင် ပေါင်းစပ်၍ ထပ်ချပ်လိုက်လံချေမှုန်းလျက်ရှိ ကြောင်းနှင့် စဉ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာအတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများ အန္တရာယ်ကင်းရှင်းစွာ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးနှင့် အစိုးရအုပ်ချုပ်မှုယန္တရား အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်း များ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။