တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာန ဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယနေ့တွင် အဆိုပါမြို့နယ် နယ်မြေခံတပ်ရင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲစာရင်းများမှန်ကန်မှုရှိစေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးမှုမရှိစေရေးနှင့် ပြည်သူများအားလုံးပါဝင်၍ အေးချမ်းလုံခြုံ လွတ်လပ်စွာ မဲပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူအသီးသီးက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ဆွေးနွေးတင်ပြကြရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်အတွင်း မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ ထိန်းသိမ်းထားရှိသည့်နေရာနှင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ထားရှိမည့် လျာထားမဲရုံ နေရာများအား သွားရောက်ကြည့်ရှု့စစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
