နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပူတာအိုမြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုက

Wednesday, December 17, 2025 - 16:45

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း                    

ပူတာအိုမြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့များနှင့် မြို့မိ မြို့ဖများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၁၇

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ အဆင့်မြင့်တပ်မတော် အရာ ရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူ များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် ပူတာအိုမြို့သို့ ရောက်ရှိကြရာ လေဆိပ်တွင် ပူတာအိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်  တာဝန်ရှိ သူများ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအလှများဖြင့် ကြိုဆို နှုတ်ဆက်ကြသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပူတာအိုခရိုင်/ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ အား တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့များနှင့် မြို့မိမြို့ဖများကို  ပူတာအိုမြို့ရှိ ဖုန်ကန်ရာဇီခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။ 

          ဦးစွာ  ပူတာအိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ   ခရိုင်အတွင်း ရှိ ဒေသဆိုင်ရာအချက်အလက်များ၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်‌များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်နေမှု၊  စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထား ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများအကောင်အထည်ဖော် ဆောင် ရွက်နေမှုနှင့် ချေးငွေများထုတ်ချေးထားရှိမှု၊  ဒေသအတွင်း ဆန်စပါးနှင့်ဆီ ဖူလုံမှုရှိ စေရေး စီမံဆောင်ရွက်လျက်ရှိမှု၊ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ခရိုင်အတွင်း MSME လုပ်ငန်း များဆောင်ရွက်နေမှု၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ထို့နောက် မြန်မာနိုင်ငံရဝမ်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးခေါင်လန်ဒီး က ဒေသဝမ်းစာအတွက် ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီချိန်တွင် မြစ်ကြီးနား- ပူတာအို လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်  စားရေရိက္ခာများ၊ ဆေးဝါးများ၊ လယ်ယာ သုံးစက်များ အသုံးပြုရန်အတွက် စက်သုံးဆီများကို တပ်မတော်လေယာဉ် များဖြင့် ပို့ဆောင်ပေးမှုအတွက် ကျေးဇူးတင်ရှိမှု၊ ပူတာအို၏ အဓိကလမ်းမ ကြီးဖြစ်သည့် မြို့တွင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ဆိုလာစနစ်သုံးလမ်းမီး တပ်ဆင်ပေးနိုင်ရန်နှင့် ဒေသအတွင်း အလုပ်သမားမှတ်ပုံတင်ကတ်ပြားနှင့် ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ရာတွင် အဆင်ပြေစေရန်အတွက် ပူတာအိုမြို့၌ အလုပ်သမားညွှန်ကြား မှုဦးစီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန များ လာရောက်ဖွင့်လှစ်ပေး နိုင်ရေးနှင့် ဒေသခံပြည်သူ ဦးမြင့်အောင်က မွေးမြူရေး လုပ်ငန်းများအတွက် အဓိကလိုအပ်ချက်ဖြစ်သည့်  တိရစ္ဆာန်အစာ များလုံလောက်စွာ ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးစေလိုမှုတို့ကို တင်ပြကြသည်။

ထို့နောက်  ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ရှင်းလင်းတင်ပြမှု များအပေါ်  ပူတာအိုခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်၍ စပါးစိုက်ဧကများ တိုးချဲ့စိုက်ပျိုးခြင်းထက် ရှိပြီး စိုက်ဧကများကို ပန်တိုင်အထွက်နှုန်း  ပြည့်မီ‌ရန်လို ကြောင်း၊ ၄၉ ဒသမ ၀၈ ရာခိုင်နှုန်းသာ ထွက်ရှိ၍ သတ်မှတ်ပန်းတိုင်အထွက်နှုန်း  ပြည့်မီရေး လိုအပ်သည့် ယူရီးယား သဘာဝဓာတ်မြေဩဇာနှင့်  သွင်းအားစုများ ဖြည့်တင်းခြင်းနှင့် သတ်မှတ်ကောက်ကွက်ပြည့်မီအောင် စိုက်ပျိုးရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်၍ တောင်သူများ စိုက်ပျိုးရေး အသိပညာများရရှိရေး ဆောင်ရွက်သွားရန်၊  MSME ကဏ္ဍနှင့် ပတ်သက်၍ ခရိုင် အတွင်း စားကုန်၊ သောက်ကုန်၊ သုံးကုန်များ ဒေသအတွင်း ဖူလုံစွာထုတ် လုပ်သွားရန်၊ မဂွေဇ- ခေါင်လန်းဖူး လမ်းပေါ်ရှိ ဆန်းလွှတ်ချက်ရောက်ပြီး ၆ မိုင်အပိုင်းမှ ခေါင်လန်ဖူး အထိ အချို့နေရာများတွင်  မြေပြိုလမ်းပိတ်ဆို့မှုများအား ပြည်သူများသွားလာရေး အဆင်ပြေစေရန်အတွက် ရှိသည့်စက်အင်အား၊ လူအင်အားတို့ တိုးမြှင့်၍  အမြန်ဆုံး ရှင်းလင်း ဆောင်ရွက်သွားရန်၊ ပူတာအိုမြို့ သောက်သုံးရေ ဖူလုံစွာရရှိမှုမှာ ၄၇ ရာခိုင်နှုန်းသာရှိသဖြင့် သောက်သုံးရေ ဖူလုံစွာ ရရှိရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းစီမံ ဆောင်ရွက်သွားရန်နှင့် ရေဝေရေလွှဲနေရာများ၌ သဘာဝပတ်ဝန်း ကျင် ထိခိုက်မှုမရှိစေရေး ထိန်းသိမ်း သွားရန် ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန်နှင့် တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊  ပူအိုတာဒေသမှ ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် ခေတ်အဆက်ဆက်၌ပင် တပ်မတော်နှင့် လက်တွဲကာ ဒေသဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်အကြီးအကဲမှလည်း များစွာအားထားသည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊  မကြာမီ ကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ပူတာအိုမြို့ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထား သည်ကို တွေ့ရှိရကြောင်း။

ပူတာအိုဒေသသည် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ ကြိုးပမ်းမှုဖြင့် ယခုစပါး ဖူလုံမှုရှိလာပြီဖြစ်ကြောင်း၊  စားသုံးဆီ ဖူလုံမှုအနည်းငယ် လိုအပ်ချက်ရှိသဖြင့် ဆက်လက်ကြိုးပမ်း၍ ဒေသအတွင်း ဖြစ်ထွန်းနိုင်မည့် ဆီထွက်သီးနှံများကို စိုက်ပျိုးကြရန်လိုကြောင်း၊  နိုင်ငံတော်အစိုးရအနေဖြင့် အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရန် စီးပွားရေးကောင်းနေရန် လိုကြောင်း၊ သို့မှသာ ဒေသအတွင်း ကုန်စည်စီးဆင်းမှုရှိစေရေး ဒေသနှင့် ကိုက်ညီ သည့် ထွက်ကုန်ပစ္စည်း တိုးမြှင့်ထုတ်လုပ်သွားရန် လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန် ပုံငွေ၊   MSME ချေးငွေများ ဖြင့် ထုတ်ချေးပေးထားပြီးဖြစ်၍ စနစ်တကျ အကျိုးရှိစွာ စီမံဆောင်ရွက်သွားရန်လိုကြောင်း၊  လုပ်ငန်းဆောင်ရွက်ရာ တွင် လုပ်ငန်းရှင်များ အချင်းချင်း အသိပညာဖလှယ်ခြင်း၊ သက်ဆိုင်ရာ ဝန်ထမ်းများ ကလည်း စိတ်ပါဝင်စား စွာဖြင့် လုပ်ငန်းလုပ်ကိုင်လိုသူများကို တွေ့ဆုံဆွေးနွေးပြီး ၎င်းတို၏လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အဓိက လိုအပ်သည်မှာ ငွေကြေးအရင်းအနှီးဖြစ်ကြောင်း၊ အရင်းအနှီးရရှိမှသာ ဆောင်ရွက်လိုသည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပြီး ထုတ်ကုန်များ ထုတ်လုပ်ရောင်း ချနိုင်မည် ဖြစ်ကြောင်း၊ ပူတာအို ဒေသတွင် ရှားပါးဆေးဖက်ဝင်ပစ္စည်းများ နိုင်ငံတကာအဆင့်မီ ဂရိတ်ဖုသီး၊ အမေရိကန် သံပုရာ သီး၊ ဝါရှင်တန်သီးများ ဖြစ်ထွန်းသည့်အပြင် အိမ်နီးချင်းနိုင်ငံသို့ တင်ပို့နိုင်သည့် ဟင်းခတ်အမွှေးအကြိုင် ရှာကော၊ ပါကော ထွက်ရှိရာ ဒေသဖြစ်၍ နားလည်တတ် ကျွမ်းသည့် ပညာရှင်များဖြင့် ပူးပေါင်းပြီး စနစ်တကျ ထုတ်လုပ်တင်ပို့ နိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထို့ပြင် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ် သည် အချက်များကို တာဝန်ရှိသူများဖြင့် တိုင်ပင်ဆွေးနွေး တင်ပြရမည်ဖြစ်ကြောင်း။

ဆက်လက်၍ မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း  သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများဖြင့် ပူးပေါင်းဆောင် ရွက်သွားရန်လိုကြောင်း၊ ယခုရွေးကောက်ပွဲသည် တပ်မတော်က ဦးဆောင်ကျင်းပ ပြုလုပ်ခြင်း ဖြစ်သဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ်စေရေး ဆောင်ရွက်ရန် စီမံထားပါကြောင်း ၊ ရွေးကောက်ပွဲကျင်းပ ပြုလုပ်မှသာ လွှတ်တော်ကိုခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့် အစိုးရအား နိုင်ငံတော်၏ တာဝန်များကို လွှဲပြောင်းပေးအပ်သွားနိုင်မည် ဖြစ်ကြောင်း။ ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် မဲမသမာမှုများပြုလုပ်၍ မရနိုင်သည့် ဒီဂျစ်တယ်စနစ်ဖြင့် မဲပေးသည့်စနစ် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)များကို အသုံးပြုသွားမည်ဖြစ် ကြောင်း၊ ယင်းစနစ်ကို နိုင်ငံပေါင်း ၃၄ နိုင်ငံက အသုံးပြု၍ ရွေးကောက်ပွဲများ ကျင်းပခဲ့ကြောင်း၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင် လူဦးရေ ၁ ဒသမ ၄၆ ဘီလီယံရှိပြီး မိမိနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများထက်ပင် ပို၍များပြားကြောင်း၊ ထိုသို့လူဦးရေများပြားသည့် အိန္ဒိယတွင်ပင် အသုံးပြုလျှက်ရှိသည်ကို လေ့လာတွေ့ရှိရ ကြောင်း။

မဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် ပါတီစုံဒီမိုကရေစီလျှောက်လမ်းသည့် နိုင်ငံတွင် နေထိုင်သူများဖြစ်၍ ရွေးကောက်ပွဲတွင် မဲပေးရန် တစ်ဦးချင်းစီ၌ တာဝန်ရှိကြောင်း၊ လူငယ် များအနေဖြင့်လည်း နိုင်ငံတော်တာဝန်များကို တစ်ချိန်တွင် ဒီမိုကရေစီစနစ်နှင့် အညီ ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်သဖြင့် ယခု ကျင်းပမည့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဖြစ် မနေ ပါဝင်၍ မဲပေးကြရမည် ဖြစ်ကြောင်း၊ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား ရှိသူများသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက မဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေး ကျရာ ကဏ္ဍမှ ပူးပေါင်းဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲပေးရာတွင်လည်း မဲပေးမည့် ကိုယ်စားလှယ်သည် တပ်မတော်နှင့် စိတ်တူ ကိုယ်တူ လက်တွဲဆောင် ရွက်နိုင်သည့်သူ၊ ဒို့တာဝန်အရေး သုံးပါးကို စောင့်ထိန်း လိုက်နာမည့်သူ၊  မိမိ ဒေသကောင်းကျိုး ဆောင်ရွက်နိုင်သူ၊ အကျင့်စာရိတ္တ ကောင်းမွန် သူ၊ ကျန်းမာကြံ့ခိုင်ပြီး အဖွဲ့အစည်းကို ဦးဆောင်ဦးရွက် ပြုလုပ်နိုင်သူများကို ရွေးချယ်၍ ဆန္ဒမဲများပေးနိုင်ရန်လိုကြောင်း။

          ပညာရေးကဏ္ဍနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့၏ ယမန်နှစ် Grade -12 အောင်ချက်ရာခိုင်နှုန်းကို အတုယူ၍ ပူတာအိုခရိုင်အတွင်း ၂၀၂၆ ခုနှစ် မတ်လတွင် ကျင်းပမည့် Grade -12 စာမေးပွဲတွင် ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ စာမေးပွဲထူးချွန်စွာ အောင်မြင်ရန်နှင့် အောင်ချက်ရာခိုင်းနှုန်းမြင့်မားအောင် တာဝန်ရှိသူများက ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဆရာ ဆရာမများအနေဖြင့် KG တန်းမှ စ၍  Grade -12 ထိ ကျောင်းသားလူငယ်များ စာကြေအောင်၊ စာတတ် မြောက်အောင် သင်ကြားပေးရန်လိုကြောင်း၊ စာကြေစာတတ်မှသာ ၎င်းတို့၏ ဘဝတွင် အောင်မြင်မှုများ ရရှိနိုင်မည် ဖြစ်ကြောင်း၊ သို့မှသာ မိမိဒေသအတွင်း ထူးချွန်သည့် ဆရာဝန်၊ အင်ဂျင်နီယာများကအစ ပညာတတ် လူသားအရင်းအမြစ်များစွာ ပေါ်ထွက်လာမည်ဖြစ်ပြီး မိမိဒေသအကျိုးအတွက် ပြန်လည်တာဝန်ထမ်းနိုင်မည် ဖြစ်ကြောင်း၊ ဒေသတွင်း လူငယ်များကျောင်းစာ သင်ကြားမှုနှင့် တန်းစဉ် ကူးပြောင်း ရေးတွင် အားနည်းနေသေး သည့်အတွက် အစိုးရ၊ မိဘ၊ ကျောင်းသား ကျောင်းသူ၊ ရပ်မိရပ်ဖများ အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွား ကြရန်နှင့် စာပေဖတ်ရှု လေ့လာ ခြင်းများကိုလည်း အလေ့အထ ကောင်းတစ်ခုအဖြစ် ဖတ်မှတ်လေ့လာကြရန် ရှိပြီး စာကြည့်တိုက်များ ပိုမိုပြည့်စုံရန်လိုကြောင်း၊ ထိုသို့ စာပေဖတ်ရှုခြင်းအားဖြင့် အသိပညာ ဗဟုသုများရရှိလာပြီး အမှားနှင့် အမှန်၊ အကောင်းနှင့်အဆိုးကို ခွဲခြား သိမြင်ပြီး တွေးခေါ်နိုင်စွမ်းရှိမည် ဖြစ်ကြောင်း။

            နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း ပူတာအိုဒေသအား ယခင်ကထက် ပိုမိုဖွံ့ဖြိုး တိုးတက်စေရန် အလေးထားကာ လိုအပ်သည်များ ကူညီပံ့ပိုး ဖြည့်ဆည်းလျက်ရှိကြောင်း၊ ဒေသတွင်းရှိ တိုင်းရင်းသားပြည်သူများ၊ သစ္စာရှိ နိုင်ငံဝန်ထမ်းအားလုံး အနေဖြင့် မိမိနေထိုင် ရာဒေသ၊ မိမိတာဝန်ထမ်းဆောင်ရာဒေသ  ဖွံ့ဖြိုးတိုးတက်ရေးနှင့်  ဝိုင်းဝန်းဆောင်ရွက် သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

          ယင်းနောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ များကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူက လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြ သူများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။