နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပူတာအိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ ဒီဇင်ဘာ - ၁၇
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့မွန်းလွဲပိုင်း ပူတာအိုမြို့ရှိ တပ်နယ်ခန်း၌ ပူတာအိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော် အရာရှိ ကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပူတာအိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင် မိမိတို့တပ်မတော်သားများ သည် သစ္စာ ၄ ချက်ကို နေ့စဉ်ရွတ်ဆိုနေကြသူများ ဖြစ်သည့်အတွက် သစ္စာ ၄ ချက် အပေါ်တွင် သစ္စာစောင့်သိ၊ သစ္စာရှိရန် လိုကြောင်း၊ မိမိနိုင်ငံအပေါ်၊ မိမိ နိုင်ငံသား များအပေါ်၊ မိမိတပ်မတော် သားများအပေါ်တွင် သစ္စာစောင့်သိသွားကြရန် လိုကြောင်း၊ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကို ကာကွယ်ပေးရန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လေထု၊ မြေထု၊ ရေထုများကို တစ်လက်မမျှ ကျူးကျော်မှုမရှိစေရေး ကာကွယ်ပေးရန်မှာ မိမိတို့တာဝန် ဖြစ်ကြောင်း။
ထိုသို့ ကာကွယ်နိုင်ရန်အတွက် တပ်မတော်အနေဖြင့် အင်အားတောင့်တင်းပြီး စွမ်းရည်သုံးရပ် ပြည်စုံနေရန်လိုကြောင်း၊ တစ်ဦးချင်း၏ တိုက်ပွဲဝင် စိတ်ဓာတ်ကို တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန်အလံမလှဲသည့် စိတ် ဓာတ်တို့ဖြင့် သင်ယူထားသော စစ်ပညာများကို ကြံရည်ဖန်ရည်ဖြင့် အသုံးချနိုင်ရန် လိုအပ်ပြီး စစ်မြေပြင်တွင် တစ်ဦးချင်း၏ တိုက်ပွဲစွမ်းရည်ကို ဟန်ချက်ညီပေါင်းစပ်၍ အဖွဲ့အစည်း၏ တိုက်ပွဲစွမ်းရည်ကို မြှင့်တင်နိုင်ရန် လိုအပ်ကြောင်း။
ထိုသို့ ဆောင်ရွက်နိုင်ရန် လေ့ကျင့်သင်ကြားထားသည့် စစ်ပညာများကို ကျွမ်းကျင်အောင် လေ့ကျင့်နေရန်နှင့် ပြောင်းလဲတိုးတက်နေသည့် စစ်နည်းဗျူဟာများ ကိုလည်း အမြဲမပြတ်လေ့လာနေရန် လိုအပ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှ တိုက်ပွဲဝင် နိုင်မည်ဖြစ်သဖြင့် နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုများကိုလည်း အမြဲမပြတ်လုပ် ဆောင်သွားကြရန်လိုကြောင်း၊ လေ့ကျင့်သင်ကြားထားရှိသည့် စစ်အတတ်ပညာများ၊ စစ်နည်းဗျူဟာများကိုလည်း “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ် အတိုင်း လိုက်နာဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့ အကြိမ်ကြိမ်အဖန်ဖန် လေ့ကျင့်မှသာ ကျွမ်းကျင်မှုရှိ၍ မိမိကိုယ့်ကို ယုံကြည်မှုရှိလာမည်ဖြစ်ပြီး တိုက်ပွဲဝင် သည့်အခါ ရဲစွမ်းသတ္တိများဖြင့် ရဲသုံးရဲဖြင့် အောင်ပွဲခံနိုင်မည်ဖြစ်ကြောင်း၊ လေ့ကျင့်ရာ တွင်လည်း တစ်ဦးချင်း သာမက အဖွဲ့လိုက်ပါလေ့ကျင့်နိုင်ရေး တာဝန်ရှိသူများက စီမံဆောင်ရွက်ရန်လိုအပ်ပြီး အမြဲတမ်းလေ့ကျင့်ရမည်၊ အမြဲတမ်းစစ်ရေး သတိရှိရမည်၊ အမြဲတမ်း တိုက်ပွဲဝင်အသင့် ဖြစ်ရမည်ဆိုသည့် “မြဲ(၃)မြဲ”နှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း။
အုပ်ချုပ်ရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ တပ်ရင်း/တပ်ဖွဲ့တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ စားဝတ်နေရေး၊ သွားလာရေးနှင့် ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများကို တာဝန်ရှိသူများအနေဖြင့် ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် ၊ ညီညွတ်မျှ တစွာ အုပ်ချုပ်ကွပ်ကဲကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားကြရန်နှင့် ရသင့် ရထိုက်သည်များ မှန်မှန်ကန်ကန်နှင့် ပြည့်ပြည့်ဝဝရရှိအောင် ကြပ်မတ်ကွပ်ကဲ ခြင်းဖြင့် သက်သာချောင်ချိရေးကို ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ အထက်နှင့်အောက် အပြန်အလှန် လေးစားယုံကြည်မှုရှိပြီး စိတ်အေးချမ်းသာစွာဖြင့် လုပ်ငန်း တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော် ကာကွယ်ဦးစီးချုပ်၏ အမြဲလမ်းညွှန်မှာကြားချက်ဖြစ်သည့် သင့်လေးသင့်ကို လိုက်နာ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။ တပ်မတော်သားများသည် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာထမ်းရွက်နိုင်ရန်အတွက် တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်ရေး ပြည့်ဝခိုင်မာနေရန်အထူးလိုအပ်ကြောင်း။
မကြာမီ ကျင်းပပြုလုပ်မည့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို တပ်မတော်က ဦးစီးကျင်းပသွားမည် ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ်စေရေး အထူးဂရုပြု ဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် မဲမသမာမှုများပြုလုပ်၍ မရနိုင် သည့် ဒီဂျစ်တယ်ဖြင့် မဲပေးသည့်စနစ် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) များကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ယင်းစနစ်ကို နိုင်ငံတကာတွင် လည်း ရွေးကောက်ပွဲများတွင် အသုံပြုနေသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ပြည်သူများ စိတ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးသည် အရေးကြီးသည့်အတွက် လုံခြုံရေး လုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနေပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိပ်နှင်းရေးအဖွဲ့များ၊ စေတနာ့ဝန်ထမ်း၊ ရပ်မိ ရပ်ဖများနှင့် ဒေသခံပြည်သူများတို့က အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊၊
မဲပေးရာတွင်လည်း မဲပေးမည့် ကိုယ်စားလှယ်သည် တပ်မတော်နှင့် စိတ်တူ ကိုယ်တူ လက်တွဲဆောင် ရွက်နိုင်သည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်း လိုက်နာမည့်သူ၊ မိမိ ဒေသကောင်းကျိုး ဆောင်ရွက်နိုင်သူ၊ အကျင့်စာရိတ္တ ကောင်းမွန် သူ၊ ကျန်းမာကြံ့ခိုင်ပြီး အဖွဲ့အစည်းကို ဦးဆောင်ဦးရွက် ပြုလုပ်နိုင်သူများကို ရွေးချယ်၍ ဆန္ဒမဲများပေးနိုင်ရန်လိုကြောင်း။
ပညာရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံ၏ လက်ရှိလူဦးရေသည် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ၅၁ သန်းကျော်ရှိပြီး လူဦးရေ ၅၁ သန်းတွင် ကျောင်းနေ အရွယ်များကို ကြည့်မည်ဆိုပါက ကလေးငယ် ၁၀ ဦးလျှင် ၉ ဦးသည် ကျောင်းတက် လျက်ရှိကာ ၉၀ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ကျောင်းနေအရွယ် အသက် ၁၀ နှစ်မှ ၁၄ နှစ်တွင် ၉၄ ဒသမ ၈ ရာခိုင်နှုန်းတွေ့ရှိရကြောင်း၊ ကျောင်းနေအရွယ် အသက် ၁၅ နှစ်မှ ၁၉ နှစ် အခြေခံပညာအဆင့်တွင် ၄၅ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး အသက် ၂၀နှစ် မှ ၂၄နှစ် တက္ကသိုလ်အဆင့်တွင် ၁၅ ရာခိုင်နှုန်းသာ ရှိသည်ကို တွေ့ရှိရပြီး အသက် ၂၅ နှစ် အထက်တွင် မရှိသလောက် နည်းပါးကြောင်း၊ တန်းစဉ်ကူးပြောင်း မှုနှင့် ပတ်သက်၍ မိမိတို့ နိုင်ငံတွင် များစွာအားနည်းမှုရှိနေသည့်အတွက် မိမိတို့တပ်နယ်အတွင်း မိသားစုဝင်များ၏ သားသမီးများ တန်းစဉ်ကူးပြောင်းမှုတွင် အားလုံးပါဝင်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန် နှင့် ၂၀၂၆ ခုနှစ် မတ်လတွင် ကျင်းပတော့မည့် Grade-12 စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် တပ်နယ်မှ ကျောင်းသား ကျောင်းသူများ ထူးချွန်စွာအောင်မြင်စေရေး တာဝန်ရှိသူများနှင့် မိဘများအနေဖြင့် လိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးကြရန် လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများ၏ တင်ပြ ချက်များအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများ၊ ဂုဏ်ပြုချီးမြှင့် ငွေများကိုပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲသို့ တက်ရောက်လာသော အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။



