ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံ ဆိုင်ရာ ပါကစ္စတန် နိုင်ငံသံအမတ်ကြီး H.E. Mr. Tariq Karim က ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး၊ သံတမန် ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကိုပေးအပ်သည်။
ထို့နောက် နှစ်နိုင်ငံအကြား ခိုင်မာသည့်သံတမန်ဆက်ဆံရေးရှိမှုနှင့် ချစ်ကြည် ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ကုန်သွယ် ရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ နိုင်ငံရေးဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဘာသာရေး ဆိုင်ရာနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံ၌ မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသို့ ပါကစ္စတန်နိုင်ငံမှ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များ စေလွှတ်ပေးသွားမည့်အခြေအနေများနှင့်စပ်လျဉ်းပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး တို့သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွေးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


