နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြစ်ကြီးနားတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား 

Tuesday, December 16, 2025 - 17:30

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြစ်ကြီးနားတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ ဒီဇင်ဘာ - ၁၆

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးမြို့သို့ ရောက်ရှိကြရာ လေဆိပ်တွင် ကချင်ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအလှများဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။

ထိုမှတစ်ဆင့် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် မြောက်ပိုင်းတိုင်း စစ် ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမသို့ သွားရောက်၍  မြစ်ကြီးနားတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

           ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း၊  ယခု ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ ပထမအပိုင်းကို မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ဒုတိယအပိုင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ နှင့် တတိယ အပိုင်းကို (၂)ပတ်အကြားတွင်လည်း မြို့နယ် ၇၂ မြို့နယ်တို့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို တပ်မတော်က ဦးစီးကျင်းပသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန် သက်ဆိုင် ရာတာဝန်ရှိသူများက ကျရာကဏ္ဍမှ အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင် ရွက်ရမည် ဖြစ်ကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲ ကျင်းပရန် ကျန်ရှိသည့် မြို့နယ် ၅၆ မြို့နယ် ကိုလည်း အတတ်နိုင်ဆုံး ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရန် ရည်ရွယ်ထားပါ ကြောင်း။

၂၀၂၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ် စေရေး ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲတွင် မဲစာရင်းများမှားယွင်းမှုများကြောင့် နိုင်ငံတော်၏ တာဝန်များကို ခေတ္တတာဝန် ယူခဲ့ရကြောင်း၊ ယခု ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို တပ်မတော်က ဦးဆောင် ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲမသမာမှုများပြုလုပ်၍ မရနိုင်သည့် ဒီဂျစ်တယ်ဖြင့် မဲပေးသည့် စနစ် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)များကို အသုံးပြုသွားမည်ဖြစ် ကြောင်း၊ ယင်းစနစ်ကို နိုင်ငံပေါင်း ၃၄ နိုင်ငံက အသုံးပြု၍ ရွေးကောက်ပွဲများ ကျင်းပခဲ့ကြောင်း၊ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားရှိသူများသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကို မဲပေးပိုင် ခွင့်ရှိသူ အားလုံးဆန္ဒမဲပေးနိုင်ရေး တစ်အိမ်တက်ဆင်း ဖြင့် လိုအပ်သည့် အချက်အလက်များကို စိစစ်ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့် မဆုံးရှုံးစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ကျရာကဏ္ဍမှ လစ်ဟာမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူများ စိတ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် နယ်မြေ တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးသည့်အတွက် လုံခြုံရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနေပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိပ်နှင်းရေးအဖွဲ့များ၊စေတနာ့ ဝန်ထမ်း၊ ရပ်မိရပ်ဖများနှင့်  ဒေသခံပြည်သူ များတို့က အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူများ အနေဖြင့် ပါတီစုံဒီမိုကရေစီလျှောက်လမ်းသည့် နိုင်ငံတွင် နေထိုင်သူများဖြစ်၍ ရွေးကောက်ပွဲတွင် မဲပေးရန် တစ်ဦးချင်း တာဝန်ရှိပါကြောင်း၊ လူငယ်များအနေဖြင့် လည်း နိုင်ငံတော်တာဝန်များကို တစ်ချိန်တွင် ဒီမိုကရေစီစနစ်နှင့်အညီ တာဝန် ထမ်းဆောင်ကြမည့်သူများဖြစ်သဖြင့် ယခုကျင်းပမည့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဖြစ်မနေ ပါဝင်၍ မဲပေးကြရမည် ဖြစ်ကြောင်း၊ မဲပေးရာတွင်လည်း မဲပေးမည့် ကိုယ်စားလှယ်သည် တပ်မတော်နှင့် စိတ်တူကိုယ်တူ လက်တွဲဆောင် ရွက်နိုင်သည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်း လိုက်နာမည့်သူ၊  မိမိ ဒေသကောင်းကျိုး ဆောင်ရွက်နိုင်သူ၊ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ ကျန်းမာ ကြံ့ခိုင်ပြီး အဖွဲ့အစည်းကိုဦးစီး ဦးရွက် ပြုလုပ်နိုင်သူများနှင့် လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးအမြင်ရှိ သူများကို ရွေးချယ်၍ ဆန္ဒမဲများ ပေးနိုင် ရန်လိုကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြီးစီး ချိန်တွင် လွှတ်တော်ကိုခေါ်ယူ၍ အသစ် ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏ တာဝန်များကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ် ကြောင်း။

တပ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ နေ့စဉ်ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန် များ လစ်ဟင်းမှုမရှိစေရန်မှာ အရေးကြီးကြောင်း၊ ကျန်းမာကြံ့ခိုင်မှ အလုပ်လုပ်နိုင်မည် ဖြစ်သဖြင့် နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုများကိုလည်း အမြဲမပြတ်လုပ်ဆောင်သွား ကြရန်လိုကြောင်း၊ သို့မှသာ ကိုယ်ကျန်းမာ စိတ်ချမ်းသာဖြင့် လုပ်ငန်းတာဝန်များနှင့် စိန်ခေါ်မှုအမျိုးမျိုးကို ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုတို့ဖြင့် အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ မိမိကိုယ်ကို ကျန်းမာကြံ့ခိုင်မှုရှိအောင် စနစ်တကျနေထိုင် စားသောက်သွားရန်လည်း လိုအပ်ကြောင်း၊ လေ့ကျင့်သင်ကြား ထားရှိသည့် စစ်အတတ်ပညာများ၊ စစ်နည်းဗျူဟာများကိုလည်း “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း လိုက်နာဆောင်ရွက်သွားကြရန်လိုကြောင်း၊  ထိုသို့ အကြိမ်ကြိမ်အဖန်ဖန် လေ့ကျင့်မှသာ  ကျွမ်းကျင်မှုရှိ၍ မိမိကိုယ့်ကို ယုံကြည်မှု ရှိလာမည်ဖြစ်ပြီး တိုက်ပွဲဝင်သည့်အခါ ရဲစွမ်းသတ္တိများဖြင့် အောင်ပွဲဆင်နိုင်မည်ဖြစ် ကြောင်း၊ ရဲစွမ်း သတ္တိသည် ပင်ကိုယ်ဗီဇပါသည့်သူ အနည်းငယ်သာရှိပြီး ကျန်းမာကြံ့ ခိုင်မှု၊ စစ်နည်းဗျူဟာ ကျွမ်းကျင်မှုများဖြင့် မွေးမြူသွားကြရမည်ဖြစ်ကြောင်း။    

တပ်မတော်သားများသည် နိုင်ငံတော်ကို ကာကွယ်ရန် တာဝန်ရှိသည့်အတွက် မူလတာဝန်များကိုလည်း မလစ်ဟင်းအောင်၊ တရားသဖြင့် ပေးအပ်လာသည့် အမိန့်နှင့် တာဝန်များကိုလည်း ကျေပွန်စွာထမ်းဆောင်သွားကြရန်လို ကြောင်း၊ ထိုသို့ တာဝန် ထမ်းဆောင်ရာတွင် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည် ဆိုသည့် စွမ်းရည်သုံးရပ်ပြည့်ဝနေရန်လိုအပ်ပြီး တပ်မတော်၏ အစဉ်အလာ ၁၂ ရပ်ကို လည်း ထိန်းသိမ်းကာကွယ် သွားကြရန်လိုကြောင်း၊ ထိုသို့ စွမ်းရည်သုံး ရပ်ပြည့်စုံရန်မှာ တပ်ရင်း/တပ်ဖွဲ့အလိုက်လေ့ကျင့်ရေးဖြင့်တည်ဆောက်၊ အုပ်ချုပ်ရေးဖြင့်တည်ဆောက်၊ သက်သာချောင်ချိရေးဖြင့် တည်ဆောက်၊ စိတ်ဓာတ်ဖြင့် တည်ဆောက် ဆိုသည့် တပ်တည်ဆောက်ရေးလုပ်ငန်းတာဝန် (၄)ရပ်ကိုလည်း နိစ္စဓူဝ လုပ်ဆောင်နေကြရ မည် ဖြစ်ကြောင်း။

အုပ်ချုပ်ရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ တပ်ရင်း/တပ်ဖွဲ့တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ စားရေး၊ ဝတ်ရေး၊ နေရေး၊ သွားလာရေးနှင့် ပညာရေး၊ ကျန်းမာရေးစသည့်ကဏ္ဍများကို တာဝန်ရှိသူများအနေဖြင့် မျက်ခြည်မပြတ် ကြည့်ရှုပြီး အချိန်မီ  ဖြည့်ဆည်း ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် လိုကြောင်း၊ ထို့ပြင် သက်ဆိုင်ရာ ကွပ်ကဲအုပ်ချုပ်သည့် တပ်မှူးများအနေဖြင့်လည်း မိမိတပ်ရင်း/တပ်ဖွဲ့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ် များကို တပ်မှူးကောင်း စိတ်ဓာတ်ဖြင့် ညီညွတ်မျှတစွာ အုပ်ချုပ်ကွပ်ကဲကာ လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် စစ်သည်အဆင့်အတန်းအားလုံးကို အဆင့်အလိုက် လျော်ညီသည့် ရပိုင်ခွင့်များ၊ ခံစား ခွင့်များ ပေးထားပြီးဖြစ်ကြောင်း၊ ရသင့် ရထိုက်သည်များ မှန်မှန်ကန်ကန်နှင့် ပြည့်ပြည့်ဝဝရရှိအောင် ကြပ်မတ်ကွပ်ကဲခြင်းဖြင့် သက်သာချောင်ချိရေးကို ဖော်ဆောင် ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ အထက်နှင့် အောက်အပြန်အလှန် လေးစားယုံကြည်မှု ရှိပြီး လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ် ကြောင်း။

အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) လုပ်ငန်းလမ်းစဉ်ပါ တပ်မတော်သားတစ်ဦးချင်း ပြုကျင့်လိုက်နာရမည့် စစ်သည်တော် ကျင့်ဝတ် ၂၀ ပါးပါ ရိုးရိုးပဲနေထိုင်စားသောက်ပါ၊ မိမိဝင်ငွေနှင့် ထွက်ငွေညီမျှပါစေ ဆိုသည့်အချက်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အရက်သေစာသောက်စားခြင်းနှင့် လောင်းကစားခြင်းရှောင်ပါ၊  တံစိုးလက်ဆောင်ကို မစင်ကဲ့သို့ ရွံရှာစက်ဆုပ်ပါ ဆိုသည့် အတိုင်း မိမိကိုယ်ကို အကျိုးမဖြစ်စေနိုင်သည့် အသောက် အစား၊ အပျော်အပါးနှင့် အစားအသောက်များကို ကိုယ်စီအသိစိတ်ဖြင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်သွား ကြရန် မှာကြားလိုကြောင်း၊ မိမိတို့ရရှိသည့် ဝင်ငွေနှင့် ထွက်ငွေကို မျှတအောင် သုံးစွဲခြင်းဖြင့် သက်သာချောင်ချိမှုကို ဖန်တီးနိုင် မည်ဖြစ်ပြီး ဝင်ငွေနှင့် ထွက်ငွေမျှတ မှုရှိစေရေး အသုံးနှင့်အဖြုန်းကို ခွဲခြားသိရှိဆောင်ရွက် ကြရန်လိုကြောင်း၊ တပ်မတော် အနေဖြင့် တပ်မတော်သားများ၏ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေး လျက်ရှိသကဲ့သို့ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မှန်မှန်ကန်ကန် ဆောင်ရွက်သွားမည်ဆိုပါက သက်သာချောင်ချိရေး အတွက်များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ မိမိတို့ဘဝတိုးတက်ရေးအတွက် အလိမ္မာ စာမှာရှိ ဆိုသည့်အတိုင်း တပ်တိုင်းတွင် စာကြည့်တိုက်များထားရှိ ပေးထား ပြီးဖြစ်၍စာကောင်းပေမွန်များကိုဖတ်မှတ်လေ့လာကြရန်လိုကြောင်း၊စာများများ ဖတ်ရှု လေ့လာမှသာ အသိပညာဗဟုသုတများ ရရှိလာမည်ဖြစ်ပြီး အမှားနှင့်အမှန်၊ အကောင်း နှင့်အဆိုးကို ခွဲခြားနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အရာရှိ ၊ စစ်သည်၊ မိသားစုများ အနေဖြင့် စာများများ တိုးတက်ဖတ်ရှုကြရန်လိုကြောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏အမြဲလမ်းညွှန်မှာကြားချက်ဖြစ်သည့် သင့်လေးသင့်ကို လိုက်နာဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ သင်လေးသင့်ဆိုသည်မှာ သွားသင့်သည့် နေရာကိုသွားရန်၊ ပြောဆိုသင့်သည့် စကားကိုသာ ပြောဆိုရန်၊ လုပ်သင့်သည့် အလုပ်ကိုသာ လုပ်ရန်နှင့် ပေါင်းသင်းသည့် သူကိုသာပေါင်းသင်းသွားရန်တို့ ဖြစ်ကြောင်းနှင့်  နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် နိုင်ငံသားကောင်းများဖြစ်အောင် ပေးအပ်သည့် တာဝန်များကို သစ္စာရှိစွာဖြင့် ကျေပွန်စွာထမ်းဆောင်သွားကြရန် လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများ၏ တင်ပြ ချက်များအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများ၊ ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူးနှင့် ဇနီး၊ တာဝန်ရှိသူတို့က လက်ခံရယူကြသည်။

          တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်   အဖွဲ့ဝင်များသည် တွေ့ဆုံပွဲသို့ တက်ရောက်လာသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။