ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ တောင်ကြီးဂေါက်ကွင်းအနီး၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ဖိတ်ကြားထားသူများ၊ ဘင်ခရာ/ပန်းပွားအက အဖွဲ့များ တက်ရောက် ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက “တို့အတူတူ မဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့” မြေစိုက်ပိုစတာအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ဖြင့် ပက်ဖျန်းပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဘင်ခရာ/ပန်းပွားအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက စူဠာမုနိဘုရား မုဒ်ဦးရှေ့နှင့် တောင်ကြီးမြို့မဈေးတို့၌ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ နိုင်ငံသား အခွင့်အရေးဆုံးရှုံးမှုမရှိစေရေး၊ ပြည်သူများအားလုံးပါဝင်၍ လွတ်လပ်စွာ ဆန္ဒမဲ ပေးနိုင်ရေး တို့အတူတူ မဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်း၊ မော်တော်ယာဉ်များအား စတေကာများ ကပ်ပေးပြီး ဒေသခံတိုင်းရင်းသားပြည်သူများ အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
