(၇၈)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြအခမ်း အနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်း၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ လေတပ်ကွပ်ကဲမှုဌာနချုပ်မှူးများ၊ လေတပ်စခန်း ဌာနချုပ်မှူးများ၊ လေတပ်စခန်းမှူးများ၊ တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင် များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသောတပ်မတော်သားများအား အလေးပြုခြင်း၊ သစ္စာလေးချက်ရွတ်ဆိုခြင်းများ ဆောင်ရွက်ခဲ့သည်။ ၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ)က စစ်ရေးပြတပ်ခွဲများအားစစ်ဆေးပြီး (၇၈)နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(လေ)က စစ်ရေးပြတပ်ခွဲများ၏ စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာခဲ့သည်။
အလားတူ (၇၈)နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပရိတ်တရား နာယူခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားအား ၎င်းလေတပ်စခန်း၌ပင် ကျင်းပ ပြုလုပ်ရာ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော သံဃာတော် အရှင်သူမြတ်များက ကြွရောက်ချီးမြှင့်တော်မူကြသည်။ ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် တက်ရောက်လာသော တပ်မတော်(လေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ က ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် တရားတော်များအား နာယူကြသည်။
ဆက်လက်ပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေခြင်းများ ဆောင်ရွက်ကြပြီးနောက် သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။



