ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအသံလွှင့်ဌာန ၌ကျင်းပပြုလုပ်ပြီး အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ ခေါင်းဆောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများ က သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
ဦးစွာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှုအမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး နိုင်ငံတကာသံတမန်များနှင့် ပြည်တွင်းပြည်ပမီဒီယာများကို မိမိအနေဖြင့် ရှင်းလင်းပြောကြားသွား မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ရှင်းလင်းပြောကြားရာတွင် အွန်လိုင်း လိမ်လည်လောင်းကစားလုပ်ငန်း များလုပ်ကိုင်ခဲ့သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)လောက်ကိုင်နှင့် မူဆယ်ဒေသ၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်၊ KK Park နှင့် ကျောက်ခက်ဒေသများ၌ မိမိတို့အစိုးရအနေဖြင့် အွန်လိုင်း လိမ်လည်မှုတိုက်ဖျက်နှိမ်နင်းမှုဆောင်ရွက်ခဲ့မှုများကို အပိုင်းလိုက် ရှင်းလင်းသွားမှာဖြစ်ကြောင်း၊ ပထမဦးစွာ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများသည် မြန်မာနိုင်ငံက စတင်ပေါ်ပေါက်လာ ခြင်း မဟုတ်သည်ကို မီဒီယာများမှတစ်ဆင့် မိမိအနေဖြင့် အကြိမ်ကြိမ်ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများကို အဓိကကြိုးကိုင်လုပ်ဆောင်နေသော ပိုင်ရှင်များသည် မြန်မာနိုင်ငံသားများ မဟုတ်ဘဲ နိုင်ငံခြားသားများဖြစ်သည်ကို အားလုံးတွေ့ရှိနိုင်ပါကြောင်း ပြောကြားသည်။
၎င်းတို့အနေဖြင့် မိမိတို့မြန်မာနိုင်ငံ၏နယ်စပ်ဒေသ သောင်းကျန်းသူအဖွဲ့အစည်းများကြီးစိုး သောနယ်မြေများတွင် အခြေချပြီး ယခုကဲ့သို့လုပ်ငန်းများကို တရားမဝင်လုပ်ဆောင်နေကြခြင်း ဖြစ်ပါကြောင်း၊ ထိုဒေသများသည် လုံခြုံရေးအခြေအနေအရ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရား လက်လှမ်းမမီသည်ကို အခွင့်ကောင်းယူပြီး လက်နက်ကိုင်သောင်းကျန်းသူများ၏ အကာအကွယ်ကို ရယူလုပ်ဆောင်ခဲ့ကြသည်ကိုလည်း တွေ့ရှိနိုင်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအစိုးရအနေဖြင့် ယခု ကဲ့သို့ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများကို ခွင့်ပြုထားခြင်း၊ လက်ခံထားခြင်းမရှိသလို နှိမ်နင်းရေးလုပ်ငန်းများတွင် နိုင်ငံတကာနှင့် တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများကို ၂၀၁၉ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ တွေ့ရှိခြေရာခံမိခြင်းဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ကိုဗစ်ရောဂါကြောင့် တစ်နေရာ နှင့်တစ်နေရာ သွားလာမှုကန့်သတ်ချက်ရှိခဲ့ပြီး ထိုကဲ့သို့ခက်ခဲသည့်အချိန်များကို အခွင့်ကောင်းယူပြီး အွန်လိုင်းလိမ်လည်မှုနေရာများကို မြန်မာနိုင်ငံအတွင်း တိုးချဲ့ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုကြောင့် တပ်မတော်က နိုင်ငံတော်တာဝန်ရယူခဲ့မှုနောက်ပိုင်း ဖြစ်ပွားခဲ့ သော နိုင်ငံရေးမတည်ငြိမ်မှု၊ အချို့သော EAO အဖွဲ့များက အကြမ်းဖက်ဆူပူသောင်းကျန်းသူများကို လက်နက်နှင့်စစ်ပညာထောက်ပံ့ပြီး နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးပျက်ပြားအောင်ဆောင်ရွက် ခဲ့မှုတို့အပေါ် အခွင့်ကောင်းယူပြီး၊ လုံခြုံရေးအခြေအနေယိုယွင်းလာမှုအပေါ် အခွင့်ကောင်းယူပြီး အွန်လိုင်းလိမ်လည်မှုနေရာများ ပိုမိုများပြားလာပါကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်ဒေသ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုအပါအဝင် အခြားသောတရားမဝင်လုပ်ငန်း များလုပ်ဆောင်ခဲ့သည်ကို စိစစ်တွေ့ရှိခဲ့ရကြောင်း၊ ယင်းလုပ်ငန်းများကို အဓိကလုပ်ဆောင်နေသူ များသည် နိုင်ငံတကာ၌ ရာဇဝတ်မှုများကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေကြသူများက ဦးဆောင် လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းဒေသများရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်း များကို တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ Task Force ဖွဲ့စည်းပြီး ပူးပေါင်းနှိမ်နင်းမှုများဆောင်ရွက်ခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ပြီး အွန်လိုင်းလိမ်လည်မှုများတွင် ပါဝင် ပတ်သက်ခဲ့သည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့ ပါကြောင်း၊ အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ဒေသ၌လည်း တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းပြီး အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများကို နှိမ်နင်းခဲ့ပါကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို တိုက်ဖျက်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန တို့အကြား သတင်းဖလှယ်မှုများဆောင်ရွက်ပြီး တရားခံများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါကြောင်း ပြောကြားသည်။
ယခုကဲ့သို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ဖမ်းဆီးနှိမ်နင်းမှုများကြောင့် အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းလုပ်သူများသည် ရှမ်းပြည်နယ်(တောင်ပိုင်း)ဘက်သို့ ရောက်ရှိလာပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း နမ့်စန်မြို့ပတ်ဝန်းကျင်နှင့် ဇူလိုင်လအတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တို့၌ တရားမဝင်နိုင်ငံခြားသား ၁,၃၃၃ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ထိုအကြောင်းအရာများ ကို တရားဝင်သတင်းများ ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။
၂၀၂၃ ခုနှစ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများသည် ထိုင်း-မြန်မာနယ်စပ် မြဝတီဒေသကို ရောက်ရှိလာပြီး ဒုစရိုက်လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်လာသောကြောင့် မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံအကြား နယ်စပ်ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးအစည်းအဝေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် မဲဆောက်မြို့တို့၌ ကျင်းပပြီး အွန်းလိုင်းလိမ်လည်မှု(Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု(Online Gambling)ဆိုင်ရာ ရှေ့ပြေးစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ ကြောင်း၊ မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် အွန်လိုင်း လိမ်လည်လောင်းကစားမှုကျူးလွန်ရန် အဓမ္မစေခိုင်းသည့်ဖြစ်စဉ်များကို သုံးနိုင်ငံနားလည်မှုရှိရှိ သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှု(Trilateral Cooperation)ပုံစံ ထိထိရောက်ရောက် ပူးပေါင်းနှိမ်နင်း လျက်ရှိကြောင်း၊ မိမိတို့အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ပတ်သက် နေသူများကို သက်ဆိုင်ရာအိမ်နီးချင်းနိုင်ငံများနှင့် တက်ကြွစွာပူးပေါင်းပြီး ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းနယ်မြေ၌ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများလုပ်ဆောင်နေကြသည့် နိုင်ငံခြားသားများ မည်ကဲ့သို့ရောက်ရှိလာသည်ကို ယခင် ကလည်း ရှင်းပြခဲ့ပြီးဖြစ်ကြောင်း၊ ယင်းဒေသကို ရောက်ရှိလာသည့် နိုင်ငံခြားသားများ၏ ၉၉ ဒသမ ၆ ရာခိုင်နှုန်းမှာ တစ်ဖက်နိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံထဲသို့ ကူးပြောင်းရောက်ရှိလာခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံထဲကို တရားမဝင်လမ်းကြောင်းမှတစ်ဆင့်ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့် တရားမဝင်နိုင်ငံခြားသားများကိုလည်း မပြတ်ဖမ်းဆီးပြီး သက်ဆိုင်ရာနိုင်ငံသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိကြောင်း ပြောကြားသည်။
ကရင်ပြည်နယ်၊ မြဝတီဒေသ၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ၏ အစမှာ ၂၀၁၇ ခုနှစ်က စတင်ခဲ့သည့် ရွှေကုက္ကိုလ်စီမံကိန်းဖြစ်ကြောင်း၊ ရွှေကုက္ကိုလ်စီမံကိန်းဆိုသည်မှာ မြန်မာ-ရထိုက် ရွှေကုက္ကိုလ်အထူးစီးပွားရေးဇုန်စီမံကိန်းအဖြစ် Yatai International Holding Group နှင့် ချစ်လင်းမြိုင်ကုမ္ပဏီတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ စတင်ရန် ၂၀၁၆ ခုနှစ်လောက်ကတည်းက ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်က NLD အစိုးရ၏ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဆွေးနွေးတိုင်ပင်မှုများလုပ်ဆောင်ခဲ့သည်ကို သိရှိရကြောင်း၊ နောက်ပိုင်း ၂၀၁၇ ခုနှစ်၊ ဧပြီလအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြခွင့်ပြုချက်ရယူခဲ့သည်ကို သိရှိရကြောင်း၊ ယင်းစီမံကိန်းများကို တင်ပြရာတွင် လောင်းကစားရုံများတည်ဆောက်မည့်အစီအစဉ် မပါဝင်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ နှစ်ဦးပိုင်းတွင် ခွင့်ပြုပေးထားသည့်အဆောက်အဦထက် ပိုမိုဆောက်လုပ် နေကြောင်းကို ပြည်သူများက တိုင်ကြားထားသောကြောင့် ထိုအချိန်က တာဝန်ယူထားသော NLD အစိုးရအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့သောကြောင့် စီမံကိန်းလုပ်ငန်းများ ယာယီရပ်ဆိုင်းခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း၊ အဆိုပါစီမံကိန်းကိစ္စများကို ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေး၏ (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင်လည်း မေးခွန်းမေးမြန်းမှုနှင့် ပြန်လည်ဖြေကြားမှုများလုပ်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် လောင်းကစားလုပ်ငန်း များနှင့်ပတ်သက်နေသူများက ရပ်ဆိုင်းနေသည့်လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်အောင် တရုတ် နိုင်ငံက အကောင်အထည်ဖော်နေသည့် BRI စီမံကိန်းတွင် ပါဝင်သယောင် ဝါဒဖြန့်ခဲ့သည်ကို တွေ့ရှိ ရသောကြောင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက အဆိုပါရွှေကုက္ကိုလ်စီမံကိန်းသည် BRI စီမံကိန်းတွင် မပါဝင်ကြောင်းကို တရားဝင်သတင်းထုတ်ပြန်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ သံအမတ်ကြီး မစ္စတာချန်ဟိုင်က လာရောက်တွေ့ဆုံစဉ် ရှင်းလင်းတင်ပြ ခဲ့ပါကြောင်း၊ ရွှေကုက္ကိုလ်စီမံကိန်းတစ်ခုတည်းသာ နိုင်ငံတော်ကို တစ်စိတ်တစ်ပိုင်းတင်ပြဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့် ကျောက်ခက်နှင့် KK Park စသည့်စီမံကိန်းများမှာ လုံးဝတင်ပြခဲ့ခြင်း မရှိသည်ကိုလည်း တွေ့ရှိရကြောင်း ပြောကြားသည်။
မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာ၌ လုပ်ဆောင်နေသည့် Chongkhaed Garden Resort လောင်းကစားရုံစီမံကိန်းကို KKO အဖွဲ့က ဗိုလ်မှူးချုပ်အဆင့်ရှိသော စိုင်းကျော်လှက ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ထိုင်းနိုင်ငံအခြေစိုက် ထိုက်ချန် ကုမ္ပဏီနှင့်စာချုပ်ချုပ်ပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း ပြောကြားသည်။
ထို့ပြင် KK Park စီမံကိန်းလုပ်ငန်းများကို KNU အဖွဲ့၏ မုလအိအလင်း( Mu La Ei Ahlin) ကုမ္ပဏီနှင့် ဟွာ့ညအပြည်ပြည်ဆိုင်ရာစီးပွားရေးလုပ်ငန်းစု(Huanya International Holding Group) လက်အောက်ခံ ထိုင်းနိုင်ငံအခြေစိုက် Trans Asia International Holding Group တို့က ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ သဘောတူစာချုပ်ချုပ်ပြီး စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းစာချုပ်တွင် မုလအိအလင်းဘက်က အသိသက်သေများအနေဖြင့် လက်ရှိ KNU ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် စောကွယ်ထူးဝင်းနှင့် KNU ကာကွယ်ရေးဌာန၏အကြီးအကဲဖြစ်သူ စောရော်ဂျာခင် တို့ကိုယ်တိုင်လက်မှတ်ရေးထိုးထားကြောင်းကိုလည်း မိမိတို့ ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ မုလအိအလင်းကုမ္ပဏီသည် KNLA စစ်ဦးစီးချုပ်အဆင့်ရှိ စောဂျော်နီ၏သားအကြီးဆုံးဖြစ်သူ စောဒို့စိုးဂျော်နီက ပိုင်ဆိုင်ပြီး မြေပြင်တွင် ၎င်း၏လူယုံများဖြစ်သည့် စောဝင်းကျော်နှင့် စောကျော်သူ တို့က လုပ်ကိုင်နေခြင်းဖြစ်ကြောင်းကိုလည်း စိစစ်တွေ့ရှိရကြောင်း ပြောကြားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း နိုင်ငံရေးဖြစ်စဉ်များကြောင့် နိုင်ငံတော်၏လုံခြုံရေး အခြေအနေများအပေါ် အခွင့်ကောင်းယူပြီး ယင်းဒေသများတွင် တရားမဝင်အဆောက်အအုံများ တိုးချဲ့ ဆောက်လုပ်နေကြောင်း သိရှိရသောကြောင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက သက်ဆိုင်ရာ ကရင်ပြည်နယ်အစိုးရကို တရားမဝင်အဆောက်အအုံများဆောက်လုပ်နေထိုင်မှုမရှိစေရေး စစ်ဆေး ကြပ်မတ်ဖို့ညွှန်ကြားခဲ့သောကြောင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်ကလည်း အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး တရားမဝင်အဆောက်အအုံများဆောက်လုပ်သည့်နယ်မြေများက လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်(ပုံစံ-၇)ရရှိထားသူများကို တရားစွဲဆိုခဲ့ပြီး ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ပိုင်ခွင့်များ ပယ်ဖျက်ခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားသည်။
နိုင်ငံတော်အစိုးရ၏အုပ်ချုပ်ရေးယန္တရားလက်လှမ်းမီပြီး တည်ငြိမ်အေးချမ်းသည့် နယ်မြေ ဒေသများတွင် တရားမဝင်ဒုစရိုက်ရာဇဝတ်မှုများကို လုပ်ဆောင်၍မရနိုင်ကြောင်း၊ KNU အဖွဲ့သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် KNU တပ်မဟာ(၅)က ဖာပွန်မြို့နယ်အတွင်းရှိ သီးမူးထာနယ်မြေခံ လုံခြုံရေးစခန်းကို စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး NCA သဘောတူညီချက်များကို ချိုးဖောက်ကာ နယ်မြေ ဒေသတည်ငြိမ်မှုမရှိစေရန် စတင်ဖန်တီးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်တွင် သင်္ကန်းညီနောင် မြို့ကို KNU နှင့် PDF အဖွဲ့တို့ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ကော့ကရိတ်နှင့်သင်္ကန်းညီနောင်မြို့ အကြားက အာရှလမ်းမကြီးကို အကြမ်းဖက်သောင်းကျန်းသူများက ထိန်းချုပ်ခဲ့ကြောင်း၊ ကရင်ပြည်နယ် နယ်စပ်ဒေသအနှံ့အပြားတွင် KNU နှင့်အပေါင်းအပါ သောင်းကျန်းသူအဖွဲ့များက လုံခြုံရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့များကို တိုက်ပွဲဖော်ဆောင်ပြီး နယ်မြေဒေသမတည်ငြိမ်အောင်လုပ်ဆောင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့လုပ်ဆောင်မှုများသည် နိုင်ငံတော်၏လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများကို KNU ထိန်းချုပ်နယ်မြေထဲမှ ဖယ်ရှားပြီး ယခုဖြစ်ပေါ်နေသည့် အွန်လိုင်းလိမ်လည် လောင်းကစားမှုနှင့်ဒုစရိုက်လုပ်ငန်းများကို သောင်းကျန်းသူအဖွဲ့များက အခကြေးငွေယူ အကာအကွယ် ပေးပြီး ဥပဒေမဲ့လုပ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
မိမိတို့အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူပြီး အမြစ်ပြတ်ချေမှုန်းရန် ရည်မှန်းထားသည့်အတိုင်း သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် အာရှလမ်းမကြီးပေါ်က ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း၊ ကော့ကရိတ်မြို့နှင့် ကော့ကရိတ်-သင်္ကန်းညီနောင်လမ်းပိုင်းကို စက်တင်ဘာလ အတွင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အသက်သွေးချွေးများပေးဆပ်ပြီး ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါ ကြောင်း၊ KNU နှင့်အပေါင်းအပါသောင်းကျန်းသူများသည် ရရှိလာသည့် တရားမဝင်ငွေကြေးနှင့် လူအင်အား၊ ငွေအင်အားအလုံးအရင်းသုံးပြီး နယ်မြေတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး ပျက်ပြား အောင်လုပ်ဆောင်ခဲ့ခြင်းကို တပ်မတော်က ခက်ခက်ခဲခဲပြန်လည်တိုက်စစ်ဆင်ပြီး တည်ငြိမ်မှုရှိအောင် လုပ်ခဲ့ရပါကြောင်း၊ အောက်တိုဘာလ ၁၉ ရက်တွင် လေးကေ့ကော်အပါအဝင် နယ်စပ်ဒေသတစ်လျှောက် ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မြဝတီဒေသကို နယ်မြေစိုးမိုးရေးဆောင်ရွက်နိုင်ခဲ့ပါကြောင်းပြောကြား သည်။
မိမိတို့နိုင်ငံထဲကိုဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်း အပါအဝင် ဒုစရိုက်လုပ်ငန်းများလုပ်ဆောင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို အဆက်မပြတ်ဖမ်းဆီးထိန်းသိမ်း ကာ သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးမှုများ ဆက်လက်ဆောင်ရွက်နေပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်အထိ နိုင်ငံပေါင်း ၅၄ နိုင်ငံက နိုင်ငံခြားသား ၇၀,၁၃၅ ဦးကိုလွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ မြဝတီဒေသတွင် အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများနှင့် ဒုစရိုက်လုပ်ငန်းများပြန်လည်အခြေမချနိုင်စေရန်အတွက် တရားမဝင် ဆောက်လုပ်ထားသည့် အဆောက်အဦများကို အပြီးတိုင်ဖြိုချဖျက်ဆီးရှင်းလင်းခြင်းများဆောင်ရွက် နေပါကြောင်း၊ KK Park နယ်မြေထဲတွင် ဒီဇင်ဘာလ ၁၃ ရက်အထိ အဆောက်အဦ ၄၁၃ လုံးကို ဖြိုချဖျက်ဆီးရှင်းလင်းနိုင်ခဲ့ပြီး ကျန်ရှိသည့် ၂၂၂ လုံးကိုလည်း ဆက်လက်ဖြိုချဖျက်ဆီးသွားမည် ဖြစ်ပါကြောင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများကို မိမိတို့အနေဖြင့် အမြစ်ပြတ်အောင် တိုက်ဖျက်ရှင်းလင်းနေမှုအပေါ် KNLA နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့တို့ ပူးပေါင်းပြီး မြဝတီ ဒေသ၊ လေးကေ့ကော်နှင့် အနီးဝန်းကျင်တစ်ဝိုက်တွင် တိုက်ပွဲများဖော်ဆောင်ကာ အမျိုးမျိုးနှောင့်ယှက် နေပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်မှ ဒီဇင်ဘာလ ၈ ရက်အတွင်း တိုက်ပွဲဖြစ်စဉ် ၅၆ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ အသက်ခန္ဓာစွန့်လွှတ်ခဲ့ရသော်လည်း မိမိတို့၏ ရည်မှန်းချက်များ အောင်မြင်သည်အထိ တရားမဝင်ဒုစရိုက်လုပ်ငန်းများကို ဆက်လက်ရှင်းလင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ယင်းဒေသက အခိုင်အမာအဆောက်အဦများကိုလည်း အွန်လိုင်းလောင်းကစားမှု ပြန်လည်မလုပ်ဆောင်နိုင်အောင် မြေလှန်ဖျက်ဆီးမှု၊ မိုင်းခွဲဖျက်ဆီးမှုများ လုပ်ပြီး ရေသောက်မြစ်ပါမကျန်အောင် အမြစ်ဖြတ်ဖျက်ဆီးလျက်ရှိပါကြောင်း ပြောကြားသည်။
ဖမ်းဆီးထိန်းသိမ်းရမိသည့် နိုင်ငံခြားသားများ၏ ထွက်ဆိုချက်များကိုကြည့်ပါက ၎င်းတို့ သည် တစ်ဖက်နိုင်ငံမှ မြန်မာနိုင်ငံထဲကို ဝင်ရောက်လာခြင်းဖြစ်ပြီး ယင်းကိုလည်း မိမိတို့တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုလည်း ၎င်းတို့၏ထွက်ဆိုချက်များကို ပြသထားပါကြောင်း၊ အလားတူထွက်ဆိုချက် များလည်း မိမိတို့ထံတွင် များစွာရရှိထားပါကြောင်း၊ ယခုသတင်းစာရှင်းလင်းပွဲကို တက်ရောက်လာ သည့် သံတမန်ကြီးများအနေဖြင့်လည်း မိမိတို့၏နိုင်ငံအလိုက် မြန်မာနိုင်ငံအတွင်းကို တရားမဝင် ရောက်ရှိလာသည့်သူများ၏ ထွက်ဆိုချက်များကို အသေးစိတ်သိရှိကြပြီးဖြစ်မည်ဟု မျှော်လင့်ပါ ကြောင်း၊ ယင်းတို့ကိုကြည့်ခြင်းအားဖြင့် ယခုကဲ့သို့ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ တွင် မည်သူတို့ပါဝင်ပတ်သက်ခဲ့ကြသည်ကို ရှင်းရှင်းလင်းလင်းသိရှိနိုင်ပြီဖြစ်ပါကြောင်းပြောကြား သည်။
မိမိတို့မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံခြားသားများကို ၎င်းတို့နိုင်ငံ၏အစိုးရများ လာမခေါ် မချင်း လူသားချင်းစာနာထောက်ထားမှုအပြည့်နှင့် ထိန်းသိမ်းထားရခြင်းဖြစ်ပါကြောင်း၊ အဆိုပါ တာဝန်သည် အင်မတန်ကြီးလေးပါကြောင်း၊ ၎င်းတို့အတွက် တစ်နေ့တာလိုအပ်သည့် အစားအစာ အပြင် သောက်ရေ၊ သုံးရေမှအစ ဝတ်စရာနှင့် အိပ်ရာအဆုံးအားလုံးကို နိုင်ငံတော်က ဖြည့်ဆည်း ပေးထားရခြင်းဖြစ်ပါကြောင်း၊ စားစရိတ်တစ်နေ့သုံးနပ်စာအတွက်တစ်ဦးကို တစ်သောင်းခွဲကျပ်နှုန်း အနည်းဆုံးကုန်ကျပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်အထိ ငွေကျပ်သိန်းပေါင်း တစ်သောင်းသုံးထောင်ကျော်(၁,၃၃၆,၀၅၀,၀၀၀ ကျပ်)သုံးစွဲကုန်ကျခဲ့ပြီးဖြစ်ပါ ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့သိက္ခာအတွက် အခုကဲ့သို့ဆောင်ရွက်ပေးနေခြင်းဖြစ်ပါ ကြောင်း၊ ကျန်ရှိနေသေးသည့်သူများကို သက်ဆိုင်ရာနိုင်ငံများအနေဖြင့် မိမိနိုင်ငံသားကို အမြန်ဆုံး လာရောက်ခေါ်ဆောင်ပေးကြရန်ကိုလည်း ပြောကြားလိုပါကြောင်းပြောကြားသည်။
ဆက်လက်ပြီး အွန်လိုင်းလိမ်လည်မှု(Online Scamming)၊ အွန်လိုင်းလောင်းကစားမှု(Online Gambling)များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရ၏ သဘောထား၊ ရပ်တည်ချက်နှင့် မူဝါဒများကို ပြောကြားသွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုများသည် နိုင်ငံတော်လုံခြုံရေး ကို ခြိမ်းခြောက်သည့်ကိစ္စ(National Security Threat)အဖြစ် မြန်မာနိုင်ငံအစိုးရက ရှုမြင်ပါကြောင်း၊ အစိုးရအပေါ်လူထု၏ယုံကြည်မှု(Public Trust)ကို ထိခိုက်စေပါကြောင်း၊ စီးပွားရေးလုံခြုံမှု (Economic Security)ကို ထိခိုက်စေပါကြောင်း၊ နိုင်ငံတော်၏တည်ငြိမ်မှု(National Stability)ကို ပျက်ပြားစေ ပါကြောင်း၊ တိုင်းပြည်၏ဂုဏ်သတင်း(National Dignity)ကို ညှိုးနွမ်းစေပါကြောင်း၊ မိမိတို့နိုင်ငံက နိုင်ငံသားများမဟုတ်ဘဲ မိမိတို့နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလိမ်လည်မှု ကို ဦးဆောင်လုပ်ကိုင်ခဲ့သည့် နိုင်ငံခြားသားများ၊ အချို့သော EAO များ၊ လက်နက်ကိုင်အဖွဲ့အစည်း များ၊ ဝိသမစီးပွားရေးသမားများကြောင့် ရှမ်းပြည်နယ်(အရှေ့မြောက်)ဒေသ၊ ကရင်ပြည်နယ် အချို့ ဒေသများတွင် လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးများစွာ ထိခိုက်ခဲ့ရပါကြောင်း၊ နိုင်ငံတကာတွင် တိုင်းပြည်၏ဂုဏ်သိက္ခာ(National Dignity) ကျဆင်းခဲ့ရပါကြောင်း၊ ထို့ကြောင့် ယနေ့လူကြီးမင်း တို့ကို လေးလေးနက်နက်ပြောကြားလိုသည်မှာ မိမိမြန်မာနိုင်ငံ၊ မြန်မာလူမျိုးများသည် အွန်လိုင်း လိမ်လည်မှု၊ ရာဇဝတ်မှုများ၏ဆိုးကျိုးကိုပြင်းထန်စွာခံစားခဲ့ရသဖြင့် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်း လောင်းကစားမှုကို လူကြီးမင်းတို့ မုန်းသည်ထက် မိမိတို့မြန်မာနိုင်ငံအစိုးရ၊ မြန်မာပြည်သူလူထုက ပိုမုန်းပါကြောင်း၊ မြန်မာအစိုးရကလည်း အွန်လိုင်းလိမ်လည်မှုကို လူအများစုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအဖြစ် သတ်မှတ်ကြောင်းကို အသိပေးပြောကြားလိုပါကြောင်း ပြောကြားသည်။
အွန်လိုင်းလိမ်လည်ရာဇဝတ်မှုများနှင့် ပြစ်မှုကျူးလွန်ခဲ့သူများကို မိမိတို့အစိုးရအနေဖြင့် ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ No Second Chance ၊ ဒုတိယအကြိမ် အခွင့်အရေးလုံးဝမရှိပါကြောင်း၊ No Political or Personal Protection ၊ ပုဂ္ဂိုလ်ရေးအရသော် လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း လုံးဝအကာအကွယ်ပေးသွားမည်မဟုတ်ပါကြောင်း၊ အွန်လိုင်းလိမ်လည်ရာဇဝတ်မှုများသည် တည်ငြိမ်အေးချမ်းမှုနည်းသည့်၊ ဥပဒေလက်လှမ်းမီမှုနည်း သည့် နယ်စပ်ဒေသများတွင်အဖြစ်များပြီး International Organized Crime နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုပုံစံ/နိုင်ငံပေါင်းစုံမှ မသမာသူများပါဝင်ဆောင်ရွက်သည့်ပုံစံဖြစ်သဖြင့် နိုင်ငံတကာနှင့် ဒေသတွင်း နိုင်ငံများအကြား တက်ကြွစွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အစိုးရအနေဖြင့် Task Force များ၊ Cooperation အဖွဲ့များ ဖွဲ့စည်းပြီး ထိရောက်စွာပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်ပြီးလည်း တက်ကြွထိရောက်စွာပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
အွန်လိုင်းလိမ်လည်မှုသည် ဆက်သွယ်မှုကွန်ရက်များကိုအသုံးပြုပြီး လိမ်လည်ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများလည်း လိမ်လည်မှု၏သားကောင်များဖြစ်ခဲ့ရပါ ကြောင်း၊ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ မြန်မာနိုင်ငံအတွင်းတွင် ပြည်သူ ၈၀၀ ဦးခန့် အွန်လိုင်းလိမ်လည်မှုခံခဲ့ရပြီး အမှုဖွင့်တိုင်ကြားခဲ့ပါကြောင်း၊ တိုင်ကြားမှုမရှိဘဲ ကြိတ်ပြီးဖြေရှင်းမှု များ ယခုထက် အဆများစွာပိုရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။
KK Park ၊ ရွှေကုက္ကိုလ်စသည့်နေရာများက အွန်လိုင်းလိမ်လည်မှုကျူးလွန်ခဲ့သည့် အဆောက်အအုံများကို မိမိတို့အစိုးရက ဖောက်ခွဲမြေလှန်ဖျက်ဆီးမှုနှင့်ပတ်သက်ပြီး သက်သေအထောက် အထားများကို လက်စဖျောက်သည်ဆိုသည့် ပြည်ဖျက်မီဒီယာတချို့၏ ဝေဖန်မှုများကို အံ့ဩဖွယ်ရာ တွေ့ရှိရပါကြောင်း၊ မိမိတို့အနေဖြင့် ယင်းဒေသများတွင် ရောက်ရှိနေသည့်သူများကို ထိန်းသိမ်းခြင်း၊ မှတ်တမ်းတင်ခြင်း၊ စစ်ဆေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ခဲ့ပါကြောင်း၊ သက်သေခံပစ္စည်းများ ကိုလည်း စနစ်တကျသိမ်းဆည်းခဲ့ပါကြောင်း၊ စစ်ဆေးချက်များ၊ တွေ့ရှိချက်များ၊ ထွက်ဆိုချက်များ ကို အဖွဲ့နှင့်စနစ်တကျသုံးသပ်ခြင်း၊ သတင်းဆက်ဖော်ထုတ်ခြင်းများ၊ ကွင်းဆက်လိုက်ခြင်းများ လုပ်ဆောင်ခဲ့ပါကြောင်း၊ ယင်းကဲ့သို့လုပ်ဆောင်ခဲ့ခြင်းကြောင့် ယခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလ အတွင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အနီးတွင် အွန်လိုင်း လိမ်လည်မှုကျူးလွန်သူ ၃၄ ဦးနှင့်သက်သေခံပစ္စည်းများ ဖမ်းဆီးရမိခဲ့ပါကြောင်း၊ KK Park ၊ ရွှေကုက္ကိုလ်စသည့်နေရာများက အွန်လိုင်းလိမ်လည်မှုကျူးလွန်ခဲ့သည့် အဆောက်အအုံများကို ဖြိုချ ဖျက်ဆီးနေခြင်းသည် ယင်းဒေသတွင် နောင်ယခုကဲ့သို့ကိစ္စများထပ်မံမလုပ်နိုင်အောင်၊ မခိုအောင်း နိုင်အောင်လုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း၊ မိမိတို့ရရှိထားသည့် မှတ်တမ်းမှတ်ရာများ၊ စစ်ဆေးချက် များကို သင့်တော်သည့်အချိန်တွင် ထပ်မံသတင်းထုတ်ပြန်မှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်ပြီး မိမိတို့ပြည်သူလူထုကို ပြည်တွင်း Media များ မှတစ်ဆင့် အသိပေး၊ သတိပေးနေခြင်းများရှိပါကြောင်း၊ အွန်လိုင်းလိမ်လည်မှုများ၏ သားကောင် များမဖြစ်စေရန် ဆောင်ရန်၊ ရှောင်ရန်များကို ပုံစံမျိုးစုံနှင့် အသိပေးနေပါကြောင်း၊ ၎င်းအချက်များထဲမှ အရေးကြီးသည့် အချက်အချို့ကို ပန်ကြားလိုပါကြောင်း၊ နံပါတ်တစ်အနေဖြင့် အွန်လိုင်းမှတစ်ဆင့် ဖုန်းထဲသို့ ရောက်လာသည့် မိမိမသိသည့် Link များကို မဖွင့်ရန်၊ မိမိမသိသည့် Message များကို မကြည့်ရန်လိုပါကြောင်း၊ နံပါတ်နှစ်အနေဖြင့် အွန်လိုင်းလိမ်လည်မှုခံရလျှင် မိမိတစ်ဦးတည်း ကြိတ် မဖြေရှင်းဘဲ တာဝန်ရှိသူများကို သတင်းပို့တိုင်ကြားပေးစေလိုပါကြောင်း၊ ပြည်သူလူထု၏ သတင်း ပေးခြင်း၊ တိုင်ကြားခြင်းသည် မိမိတို့အတွက် အလွန်တန်ဖိုးရှိပါကြောင်း၊ ထိုမှတစ်ဆင့် ကွင်းဆက် လိုက်ပြီး လိမ်လည်သူများကို မိမိတို့နှိမ်နင်းနိုင်မည်ဖြစ်ကြောင်း၊ နံပါတ်သုံးအနေဖြင့် အစိုးရတာဝန်ရှိ သူများ(Government Authority)အပေါ် ယုံကြည်စွာပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံ လိုပါကြောင်း ပြောကြားသည်။
မိမိတို့ မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု(Online Scam)၊ အွန်လိုင်း လောင်းကစားမှု(Online Gambling)များအပေါ် ဆက်လက်လုပ်ဆောင်သွားမည့်မူဝါဒနှင့် နည်းလမ်း များကို လူကြီးမင်းတို့ကို လေးစားစွာအသိပေးလိုပါကြောင်း၊ နံပါတ်တစ်အနေဖြင့် အွန်လိုင်းလိမ်လည်မှု (Online Scam)၊ အွန်လိုင်းလောင်းကစားမှု(Online Gambling)များသည် လူအများစုအပေါ်ကျူးလွန် သည့် ကြီးလေးသည့် ရာဇဝတ်မှုများဖြစ်သည်ဟု မိမိတို့ မြန်မာနိုင်ငံအစိုးရက သတ်မှတ်ပါကြောင်း၊ မိမိတို့အစိုးရ၏မူဝါဒသည် Zero Tolerance Policy ဖြစ်ပါကြောင်း၊ နည်းနည်းလိမ်သည်ဖြစ်စေ၊ များများလိမ်သည်ဖြစ်စေ၊ ခွင့်လွှတ်မှုမရှိ၊ ရေဆုံးရေဖျားလိုက်လံနှိမ်နင်းချေမှုန်းမည်ဖြစ်ပါကြောင်း၊ နံပါတ်နှစ်အနေဖြင့် မိမိတို့ အစိုးရကျင့်သုံးမည့်နည်းလမ်း (Method)သည် Aggressive Crackdowns Method ပြင်းပြင်းထန်ထန် နှိမ်နင်းမည့်မူဝါဒဖြစ်ပါကြောင်း၊ ယင်းတို့ကိုဆောင်ရွက်ရန် အွန်လိုင်း လိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီကို ၁၀-၁၂-၂၀၂၅ ရက်တွင် အမျိုးသားအဆင့်၊ နိုင်ငံတော်အဆင့် ဖွဲ့စည်းပြီးဖြစ်ပါကြောင်း ပြောကြားသည်။
မြန်မာပြည်သူလူထုကြီးအတွက် မိမိအနေဖြင့် မေတ္တာရပ်ခံလိုသည်မှာ -
“မြန်မာပြည်သူလူထုကြီးခင်ဗျာ။ Your Safety is Our Responsibility ပါ။ ပြည်သူ လူထုလုံခြုံမှုရှိရေးသည် ကျွန်တော်တို့ရဲ့ အဓိက တာဝန်ပါ။ Your Trust is Our Priority ။ ခင်ဗျား တို့ရဲ့ ယုံကြည်မှုသည်သာ ကျွန်တော်တို့ရဲ့ တာဝန်ဝတ္တရားပါ။”ထိုအတိုင်း မိမိတို့ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်က မိမိတို့မြန်မာနိုင်ငံအတွင်းရှိ Online Scam လုပ်ငန်းလုပ်ကိုင်နေသည့် နယ်မြေအများစု၌ လက်နက်ကိုင် အဖွဲ့ပေါင်းစုံလှုပ်ရှားနေသဖြင့် တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာလုပ်ငန်းစဉ်များတွင် အခက်အခဲများနှင့် ကန့်သတ်ချက်များရှိပါကြောင်း၊ အဆိုပါလုပ်ငန်းများကို ဦးစီးဆောင်ရွက်နေသူ များသည် အများအားဖြင့် နိုင်ငံခြားသားများဖြစ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေကို အခွင့်ကောင်း ယူ၍ လုပ်ဆောင်နေကြခြင်းဖြစ်သည်ကို အားလုံးလည်းသိကြမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသော နိုင်ငံခြားသားများကို လုပ်ထုံး လုပ်နည်းနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးသည့် လုပ်ငန်းစဉ်အား ထိရောက်အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်“မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့်နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးဗဟိုကော်မတီ” ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ဖွဲ့စည်းခဲ့ ပါကြောင်း၊ ဗဟိုကော်မတီ၏လုပ်ငန်းတာဝန်များကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ကြီးကြပ်ရေးလုပ်ငန်းကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများ၊အတွင်းရေးမှူးရုံးအဖွဲ့တို့ကို ဆက်လက် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့ပြင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို နယ်စပ်ဒေသများတွင် အမြစ်ပြတ်ရှင်းလင်းရန်၊ ထိုမှတစ်ဆင့် ပြည်တွင်းအထိ ပျံ့နှံ့ရောက်ရှိမလာစေရန်၊ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှု များအား နိုင်ငံတော်အကြီးအကဲ၏မူဝါဒနှင့်အညီ ထိထိရောက်ရောက် အမြစ်ပြတ်နှိမ်နင်းရန်အတွက် အဓိက Focal ဆောင်ရွက်မည့် ကြီးကြပ်ရေးအဖွဲ့လိုအပ်ကြောင်း စိစစ်တွေ့ရှိသဖြင့် “အွန်လိုင်း လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီ” ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ဗဟိုကော်မတီတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးဖြစ်သည့် မိမိက အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း၊ ဗဟိုကော်မတီ၏လုပ်ငန်းတာဝန်များကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ဒီဇင်ဘာလ ၁၀ ရက်တွင် ဗဟိုကော်မတီဖွဲ့စည်းပြီး ဒီဇင်ဘာလ ၁၁ ရက်တွင် အစည်းအဝေးချက်ချင်းခေါ်ယူ၍ ဒီဇင်ဘာလ ၁၂ ရက်တွင် “ပြည်ထောင်စုနယ်မြေ အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေးကော်မတီ”နှင့် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်း လောင်းကစားမှုများတိုက်ဖျက်ရေးကော်မတီ” တို့ကိုလည်း ဗဟိုကော်မတီ၏ကြီးကြပ်မှုဖြင့် အမြန်ဆုံးဆက်လက်ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး ကော်မတီတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ဥက္ကဋ္ဌဖြစ်ပြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၁)က အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေးကော်မတီတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များက ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး များက အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ဗဟိုကော်မတီအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေး အတွက် မူဝါဒများချမှတ်ခြင်း၊ လိုအပ်သည့်ကော်မတီများဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ သတ်မှတ် ပေးခြင်း၊ အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးဆိုင်ရာ စံပြုလုပ်ထုံး လုပ်နည်း(Standard Operation Procedure–SOP)များရေးဆွဲခြင်း၊ ယင်းလုပ်ငန်းများသို့ တရားမဝင်ရောက်ရှိလုပ်ကိုင်နေသောနိုင်ငံခြားသားများအား ပြန်လည်လွှဲပြောင်းပေးရန် သက်ဆိုင်ရာ နိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ခြင်း စသည့် လုပ်ငန်းတာဝန် များကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသူများအပါအဝင် အွန်လိုင်းလိမ်လည်မှု နှင့် အွန်လိုင်းလောင်းကစားမှုလုပ်ငန်း လုပ်ကိုင်သည့်နေရာများအား ဖော်ထုတ်အရေးယူဆောင်ရွက် ခဲ့ရာ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်အထိ နိုင်ငံခြားသား ၇၀,၁၃၅ ဦးကို စိစစ်တွေ့ရှိခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ပါကြောင်း ပြောကြားသည်။
ကရင်ပြည်နယ်အတွင်း ရှာဖွေကူညီကယ်တင်နိုင်ခဲ့သည့် နိုင်ငံခြားသားများ၏ ထွက်ဆိုချက် များအရ ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်၍ ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ မော်တော်ယာဉ်/လေယာဉ်တို့ဖြင့်သွားရောက်ခြင်း၊ မဲဆောက်မြို့မှတစ်ဆင့် သောင်ရင်းမြစ်အား တရားမဝင်ဖြတ်ကူး၍ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကုမ္ပဏီများသို့သွားရောက်ခြင်း၊ တရားဝင်ဗီဇာဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီး မော်တော်ယာဉ် ဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကုမ္ပဏီများသို့သွားရောက်ခြင်းတို့ဖြစ်ပါကြောင်း၊ ရာခိုင်နှုန်းအားဖြင့် မဲဆောက်ဘက်မှ တရားမဝင်ဝင်ရောက်လာသူ ၉၉.၆ ရာခိုင်နှုန်း၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှဝင်ရောက်သူ ၀.၄ ရာခိုင်နှုန်းဖြစ်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ လူကုန်ကူးခံရ ကြောင်းကို နိုင်ငံတကာမှ အကူအညီတောင်းခံထားသည့် နိုင်ငံများရှိကြောင်း၊ သက်ဆိုင်ရာသံရုံး များအနေဖြင့် ၎င်းတို့နိုင်ငံသားများအား လူကုန်ကူးခံရသူများဖြစ်သည်ဟုဖော်ပြ၍ အကူအညီတောင်းခံ ကြသော်လည်း စိစစ်တွေ့ရှိချက်အရအချို့သည် လူကုန်ကူးခံရသူများမဟုတ်ဘဲ ကိုယ်ကျိုးစီးပွား အတွက် လာရောက်အလုပ်လုပ်ကိုင်ကြသူများဖြစ်သည်ကို စိစစ်တွေ့ရှိခဲ့ပါကြောင်း၊ သာဓက အနေဖြင့် မြဝတီဒေသမှ ရှာဖွေကယ်တင်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ပြီး ဖြစ်သော်လည်း တရုတ်နိုင်ငံသား ၁ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦးနှင့် အိန္ဒိယနိုင်ငံသား ၅ ဦးနှင့် အချို့သူများသည် ဒုတိယအကြိမ်ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ပြီး တရားမဝင်လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်နေသည်ကို စိစစ်တွေ့ရှိခဲ့ပါကြောင်း ပြောကြားသည်။
တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး စဉ်ဆက်မပြတ်အားထုတ်ဆောင်ရွက်မှုကြောင့် ၃၀-၁-၂၀၂၅ ရက်မှ ၁၁-၁၂-၂ဝ၂၅ ရက်အထိ မြဝတီဒေသအတွင်း၌ နိုင်ငံခြားသား ၁၃,၂၇၂ ဦး ရှာဖွေကယ်တင်နိုင်ခဲ့ပါကြောင်း၊ ၎င်းတို့အနက် ၁၁,၅၆၁ ဦးကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လွှဲပြောင်းခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသူ ၁,၇၁၁ ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည် လွှဲပြောင်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါကိစ္စများနှင့်ပတ်သက်၍ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့၏နေထိုင်စားသောက်မှုများကို တာဝန်ယူ ဆောင်ရွက်ရကြောင်း၊ ထို့ပြင်ပြဿနာအနည်းငယ်လည်းရှိပါကြောင်း၊ ၎င်းတို့ကို မိုးလုံလေလုံ အားကစားရုံကဲ့သို့သော ခန်းမကြီးများတွင် စု၍ထားရကြောင်း၊ နိုင်ငံပေါင်းစုံက လူမျိုးများ ဖြစ်သောကြောင့် စရိုက်ပေါင်းစုံဖြစ်ပါကြောင်း၊ ၎င်းတို့ကို ထိန်းသိမ်းရာတွင် အခက်အခဲများ ရှိပါ ကြောင်း၊ ထို့ကြောင့် တက်ရောက်လာသော သံတမန်များအနေဖြင့် အမြန်ဆုံးမိမိနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ရေး ကူညီပေးကြပါရန် မိမိအနေဖြင့် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။
ယင်းနေရာများ၌ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအတွက် တည်ဆောက်ထားသည့် အဆောက်အအုံများအတွက် လိုအပ်သောအိမ်ဆောက်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများ၊ လျှပ်စစ်မီး၊ စက်သုံးဆီ၊ အင်တာနက် စသည်တို့ကိုလည်း မိမိတို့နိုင်ငံအတွင်းမှ အသုံးပြုခြင်းမဟုတ်ဘဲ တစ်ဖက်နိုင်ငံမှတစ်ဆင့် ရယူအသုံးပြုဆောင်ရွက်ခြင်းဖြစ်သည်ကို တွေ့ရှိရ ပါကြောင်း ပြောကြားသည်။
ကရင်ပြည်နယ်၊ မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တားဆီးနှိမ်နင်းရေးအတွက် မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံ(Trilateral Cooperation)ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ၃ ကြိမ်နဲ့ ဝန်ကြီးအဆင့်အစည်း အဝေး ၂ ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ Online Scam တိုက်ဖျက်ရေးဆိုင်ရာ လန်ချန်း-မဲခေါင် ၆ နိုင်ငံဝန်ကြီးအဆင့်အစည်းအဝေးကိုလည်း ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင်ကျင်းပခဲ့ပြီး မိမိဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါကြောင်း၊ အလားတူ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်တွင် ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်ခဲ့ သည့် မဲခေါင်ဒေသတွင်း လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာစီမံကိန်း(COMMIT)၏ (၆)ကြိမ် မြောက်ဝန်ကြီးအဆင့်အစည်းအဝေးကိုလည်း မိမိတို့၏ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်တက်ရောက် ခဲ့ပြီး နည်းပညာများကို အလွဲသုံး၍ အတင်းအဓမ္မရာဇဝတ်မှုကျူးလွန်စေခြင်းကို ပူးပေါင်းတိုက်ဖျက်ရန် ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။
အဆိုပါရာဇဝတ်မှုများသည် မြန်မာနိုင်ငံ၏နယ်မြေအတွင်းတည်ရှိနေခြင်းထက် ကွင်းဆက် များစွာဖြင့် လည်ပတ်နေသော စီးပွားရေးလုပ်ငန်း(Multi-faceted Criminal Enterprise)အဖြစ် ရှုမြင်ရမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် Scam Centre တည်နေရာဖြစ်သော်လည်း ယင်းရာဇဝတ်မှု ၏အရင်းအမြစ် (Root Cause)နှင့် အဓိကအကျိုးအမြတ်(Core Profit)ရရှိသူမဟုတ်ပါကြောင်း၊ လိမ်လည်မှုမှရရှိသောငွေကြေးအားလုံးသည်လည်း မြန်မာနိုင်ငံ၏ ဘဏ်စနစ်အတွင်း ရောက်ရှိလာ ခြင်းမရှိပါကြောင်း၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း(UNTOC) အရ နိုင်ငံတိုင်းသည် မိမိတို့နှင့်သက်ဆိုင်သော အစိတ်အပိုင်းအားလုံးကို တိုက်ဖျက်ရန် တာဝန်ရှိပါ ကြောင်း၊ ယင်းပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတကာရာဇဝတ်မှုတိုက်ဖျက်ရေးစံနှုန်းများ (International Standards)နှင့်အညီ နိုင်ငံတိုင်းသည် မိမိတို့၏တာဝန်ကျရာကဏ္ဍကို အပြည့်အဝ ထမ်းဆောင်ရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပဋိပက္ခဒေသများမှ လူကုန်ကူးခံရသူများကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့အား လုံခြုံစိတ်ချစွာ ဇာတိနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးအတွက် သက်ဆိုင်ရာသံရုံးများ၊ အဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ တကာအသိုက်အဝန်းများအနေဖြင့် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုများကို အသိအမှတ်ပြုပြီး၊ ထောက်လှမ်းရေးသတင်းဖလှယ်မှု၊ နည်းပညာနှင့် လေ့ကျင့်ရေးပံ့ပိုးမှုတို့ဖြင့် လက်တွေ့ကျကျ ကူညီ သင့်ပါကြောင်း၊ မြန်မာနိုင်ငံသည် ပြဿနာကိုဖြေရှင်းရန် တစ်ဦးတည်းဆောင်ရွက်နိုင်ခြင်း မရှိပါ ကြောင်း၊ နိုင်ငံတကာအနေဖြင့် UNODC နှင့် ယင်းကဲ့သို့သောမိတ်ဖက်များမှတစ်ဆင့် ပံ့ပိုးကူညီခြင်း ဖြင့်သာ Online Scam ကွန်ရက်များကို ထိထိရောက်ရောက် ဖြိုခွင်းနိုင်မှာဖြစ်ပါကြောင်း၊ ပြဿနာကို အပြစ်ဖို့နေမည့်အစား အားလုံးလက်တွဲပူးပေါင်းဆောင်ရွက်ရန် မိမိအနေဖြင့် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက Online scam ဆိုင်ရာဆောင်ရွက်နေမှုကိစ္စရပ်များကို ဒုတိယဝန်ကြီးက ရှင်းလင်းပြောကြားသွားပြီးဖြစ် ကြောင်း၊ မိမိအနေဖြင့် online scam နှင့်အလားတူ နိုင်ငံဖြတ်ကျော်မှုခင်းများဖြစ်တဲ့ Transnational Crime၊ online scam နှင့်ဆက်စပ်ပတ်သက်နေသည့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ် များ၊ ငွေကြေးဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါးဆိုင်ရာကိစ္စရပ်များ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဆောင်ရွက်နေမှုများကို ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အကျဉ်းချုပ်ပြီး ရှင်းလင်း ပြောကြားသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
မိမိတို့မြန်မာနိုင်ငံသည် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၈ ၌ “နိုင်ငံတော် သည် ကျေးကျွန်ပြုမှုနှင့် လူကုန်ကူးမှုများကိုတားမြစ်သည်” ဟုအတိအလင်းပြဋ္ဌာန်းထားသည်ကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းနှင့် ယင်း၏နောက်ဆက်တွဲစာချုပ်များတွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီးနောက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကို ၂၀၀၅ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့ပါကြောင်း၊ အဆိုပါ ဥပဒေကို ခေတ်စနစ်နှင့်လျော်ညီစွာ ပိုမိုပြည့်စုံသည့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေအဖြစ် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်တွင် အတိအလင်းပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းဥပဒေအသစ်အရ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာလုပ်ငန်းကော်မတီ၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၊ ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာလုပ်ငန်းကော်မတီ၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၊ မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ၅ နှစ်စီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီနှင့် အခြားလိုအပ် သည့် လုပ်ငန်းကော်မတီများကို တိုးချဲ့ဖွဲ့စည်းခဲ့ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိထိ ရောက်ရောက်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
လူကုန်ကူးမှုများကိုလည်း စုံစမ်းစစ်ဆေးဖော်ထုတ်အရေးယူ၍ ထိရောက်ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်အထိ လူကုန်ကူးမှု ၁၃၇ မှုစုံစမ်းဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊ ကျူးလွန်သူတရားခံ ၃၉၅ ဦးကို တရားစွဲ တင်နိုင်ခဲ့ပြီး ၁၁၂ ဦးကို ထိရောက်သော ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ကြောင်း၊ ထောင်ဒဏ်ချမှတ်မှုအနေဖြင့် ထောင်ဒဏ်တစ်သက် ၁၄ ဦး၊ ထောင်ဒဏ်(၂၀)နှစ် မှ (၂၅)နှစ်အတွင်း ၂၃ ဦး၊ ထောင်ဒဏ်(၁၀)နှစ်မှ (၁၅)နှစ်အတွင်း ၆၁ ဦး နှင့် ထောင်ဒဏ်(၈)နှစ်အောက် ၁၄ ဦးတို့ ဖြစ်ပါကြောင်း ပြောကြားသည်။
လူကုန်ကူးမှုဖြစ်ပေါ်စေနိုင်သည့် ပြည်ပသို့ တရားမဝင်ထွက်ခွာမှုများကို ထိန်းချုပ်နိုင်ရေး အတွက် တရားမဝင်ပို့ဆောင်သူများကို စုံစမ်းဖော်ထုတ်အရေးယူလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်အထိ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်မှု ၅၉ မှုရှိပြီး ကျူးလွန်သူတရားခံ ၁၂၈ ဦး(ကျား ၅၃ ဦး ၊ မ ၇၅ ဦး)ကို စုံစမ်းဖော်ထုတ်၍ ထိရောက် ပြစ်ဒဏ်ရရှိရေး တရားစွဲဆိုဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားသည်။
မိမိတို့နိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ပြည်တွင်း၌သာမက နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်းပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ-ထိုင်းလူကုန်ကူးမှုပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၀၉ ခုနှစ်၊ ဧပြီလ ၂၄ ရက်တွင် လက်မှတ်ရေးထိုး ခဲ့ပါကြောင်း၊ အလားတူ မြန်မာ-တရုတ်၊ မြန်မာ-လာအို၊ မြန်မာ-ဗီယက်နမ်၊ မြန်မာ-အိန္ဒိယနိုင်ငံ တို့အကြား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် နားလည်မှုစာချွန်လွှာများကို အသီးသီးလက်မှတ် ရေးထိုးပြီး ပူးတွဲဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့ပြင်ဒေသတွင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် (၆)နိုင်ငံပါဝင်သော လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာ (Coordinated Mekong Ministerial Initiative against Trafficking- COMMIT MOU)ကို ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်တွင် ရန်ကုန်မြို့၌ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အဆိုပါနားလည်မှု စာချွန်လွှာအရ ဝန်ကြီးများအဆင့်အစည်းအဝေး(IMM)ကို သုံးနှစ်လျှင် (၁)ကြိမ်၊ အဆင့်မြင့်အရာရှိကြီး များအစည်းအဝေး(SOM)ကို တစ်နှစ်လျှင် (၁)ကြိမ်ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ ထို့ပြင် ၂၀၁၁ ခုနှစ်မှစ၍ မဲခေါင်ဒေသတွင်း လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့(COMMIT Regional Task Force)နှင့် လူငယ်ဖိုရမ်(Youth Forum)တို့ကို ပူးတွဲ၍ အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပပြုလုပ်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့ပြင် တောင်အာရှနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံတို့ပါဝင်သည့် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့်နည်းပညာဆိုင်ရာဘက်စုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း(Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation-BIMSTEC)ကိုလည်း ၂၀၀၄ ခုနှစ်မှစ၍ လူကုန်ကူးမှုအပါအဝင် နိုင်ငံ ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြား သည်။
လူကုန်ကူးမှုအထူးသဖြင့် အမျိုးသမီးများနှင့်ကလေးသူငယ်များအား လူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာအာဆီယံကွန်ဗင်းရှင်း(ASEAN Convention Against Trafficking in Persons, Especially Women and Children)အား ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီး အဆိုပါကွန်ဗင်းရှင်းအား ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်တွင် အတည်ပြုနိုင်ခဲ့ပါ ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံကွန်ဗင်းရှင်း၊ အာဆီယံကြေညာစာတမ်း၊ အာဆီယံလုပ်ငန်းစီမံချက်နှင့် အာဆီယံကဏ္ဍပေါင်းစုံပါဝင်သောလုပ်ငန်းစီမံချက်(ဘိုဟိုးလုပ်ငန်း စီမံချက်)တို့အား ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အာဆီယံကဏ္ဍအလိုက် အဖွဲ့ အစည်းအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီး တိုက်ဖျက်ရေးဆိုင်ရာအချက်အလက်များကို မိမိအနေဖြင့် အကျဉ်းချုပ်ပြောသွားမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု၊ လူမျိုးတစ်မျိုးတည်းနှင့်သာ သက်ဆိုင်သည် မဟုတ်ဘဲ တစ်ကမ္ဘာလုံးရှိ လူသားမျိုးနွယ်တစ်ရပ်လုံးကို ဆိုးရွားစွာခြိမ်းခြောက်နေသော ပြဿနာ တစ်ခုဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သုံးစွဲမှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ အကျင့်ပျက်ခြစားမှု၊ ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှုတို့နှင့် နက်ရှိုင်းစွာဆက်စပ်နေပြီး နိုင်ငံတော်၏တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးတို့ကိုပါ ထိခိုက်ပျက်စီးစေလျက်ရှိပါကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုမရှိအောင်လုပ်ဆောင်လျက်ရှိပြီး ထိုအခြေအနေများကို အခွင့်ကောင်း ယူကာ ဝင်ငွေရလမ်းလွယ်ကူသည့် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများ လုပ်ဆောင်နေသည်ကို တွေ့ရှိရပါကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတု ပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများသည် မြန်မာနိုင်ငံအတွင်းထုတ်လုပ်နိုင်မှုမရှိသော်လည်း နယ်စပ်ဒေသ များမှတစ်ဆင့် တရားမဝင်အလွယ်တကူဝင်ရောက်လျက်ရှိပြီး ထွက်ရှိလာသော မူးယစ်ဆေးဝါး အများစုသည် နယ်စပ်ဒေသများမှတစ်ဆင့် ဒေသတွင်းနိုင်ငံများနှင့် ဝယ်လိုအားမြင့်မားသည့် နိုင်ငံ များသို့သယ်ဆောင်ရောင်းဝယ်လျက်ရှိသည့်အတွက် တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို ၁၉၇၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ တားဆီးနှိမ်နင်းရေး လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်ရှိ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကို တပ်ဖွဲ့ခွဲ ၁၁ ခွဲ၊ တပ်ဖွဲ့စု ၇၁ စုတို့ဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ခေတ်မီရှာဖွေရေးကိရိယာများ ဝယ်ယူတပ်ဆင်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
မူးယစ်ဆေးဝါးဖမ်းဆီးအရေးယူမှုအနေဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၃၀,၄၂၀ မှု၊ တရားခံ(ကျား) ၃၆,၈၈၅ ဦး၊ တရားခံ(မ) ၅,၈၇၄ ဦး၊ တရားခံစုစုပေါင်း ၄၂,၇၅၉ ဦးအား ဘိန်း ၇.၂ တန်ကျော်၊ ဘိန်းဖြူ ၉.၄ တန်ကျော်၊ ဆေးခြောက် ၄ တန်ကျော်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁၃၈ သန်းကျော်၊ အိုက်စ် ၁၀၇ တန်ကျော်၊ ကက်တမင်း ၂၂.၂ တန်ကျော်၊ Happy Water ၈၆၆ ကီလိုကျော်၊ အက်တက်စီဆေးပြား ၁,၁၆၆,၀၀၂ ပြားအပါအဝင် အခြားမူးယစ်ဆေးဝါးများ၊ ကဖင်း ၈၉.၆ တန်ကျော်အပါအဝင် ထိန်းချုပ်ဓာတုပစ္စည်းများနှင့် အခြား ဓာတုပစ္စည်းစုစုပေါင်းတန်ဖိုးငွေကျပ် ၅,၅၇၀.၇ ဘီလီယံကျော် ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း ပြောကြားသည်။
ထို့ပြင် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများ တွင် လက်နက်/ခဲယမ်းပါဝင်သော အမှုပေါင်း ၁၇၄ မှုမှ တရားခံ(ကျား) ၃၇၉ ဦး၊ တရားခံ(မ) ၂၆ ဦး၊ တရားခံစုစုပေါင်း ၄၀၅ ဦးအား လက်နက်မျိုးစုံ ၇၀၉ လက်၊ ဗုံးမျိုးစုံ ၃၀၃ လုံး၊ မိုင်းမျိုးစုံ ၆၁ လုံး၊ ကျည်မျိုးစုံ ၁၃၇,၅၅၀ တောင့်၊ ကျည်အိမ်မျိုးစုံ ၁,၆၄၅ ခု၊ ယမ်းမျိုးစုံ ၁၅၉ ကီလိုကျော်၊ ဒီတိုနေတာ မျိုးစုံ ၁,၁၅၇,၆၃၄ ခုနှင့် ဆက်စပ်ပစ္စည်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ပြောကြားသည်။
၂၀၂၁ ခုနှစ်တွင် ၁,၀၆၈.၆၆ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁,၁၈၈.၈၂၈ ဘီလီယံကျော်၊ ၂၀၂၃ ခုနှစ်တွင် ၉၃၆.၇၂၃ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁,၁၆၃.၆၄၈ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ် တွင် ၉၇၁.၇၉ ဘီလီယံကျော်၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၅,၃၂၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါကြောင်း ပြောကြားသည်။
မူးယစ်ဆေးဝါးမှုများနှင့်ဆက်နွှယ်၍ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမှုများကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအထိ နိုင်ငံတော်ဘဏ္ဍာသိမ်းဆည်းမှု ၄,၁၉၇ မှုတွင် မြန်မာငွေကျပ် ၄၈၈ သန်းကျော်၊ ထိုင်းဘတ် ၃,၆၁၂,၁၂၀ ဘတ်၊ တရုတ်ယွမ် ၅၀၀ ယွမ်၊ အမေရိကန်ဒေါ်လာ ၂,၀၀၀၊ ရွှေ ၂.၅ ကျပ်သား၊ မော်တော်ယာဉ် ၄၇၇ စီး၊ ဆိုင်ကယ် ၂,၄၃၈ စီး၊ ဖုန်း ၅၉၆ လုံး၊ သုံးဘီးယာဉ် ၇ စီး၊ သုံးဘီးဆိုင်ကယ် ၅ စီး၊ စက်ဘီး ၁၉ စီး၊ ဘက်ထရီဆိုင်ကယ် ၁ စီး၊ ဘေးတွဲဆိုင်ကယ် ၁ စီး၊ စက်လှေ ၃၅ စီး၊ ထော်လာဂျီ ၁ စီး၊ Air Cooler ၂ လုံး၊ ကျောပိုးအိတ် ၁ လုံး တို့ကို စုစုပေါင်း တန်ဖိုးငွေကျပ် ၁၃,၀၄၄ သန်းကျော် သိမ်းဆည်းနိုင်ခဲ့ပါကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများကို နိုင်ငံတကာ နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဟာမဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ကုလသမဂ္ဂမူးယစ် ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၊ ဩစတြေးလျနိုင်ငံရဲတပ်ဖွဲ့ (AFP)၊ အမေရိကန်နိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအုပ်ချုပ်မှုအဖွဲ့(DEA)၊ တရုတ်နိုင်ငံအမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင်(NNCC)၊ ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB) တို့နှင့်လည်း အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးဆိုင်ရာဆောင်ရွက်ချက်များကို ရှင်းလင်း ပြောကြားသွားမည်ဖြစ်ကြောင်း၊ မိမိတို့မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့အနေဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးပဒေ နှင့်အညီ သတင်းပို့အဖွဲ့အစည်းများမှ ပေးပို့လျက်ရှိသည့် သံသယဖြစ်ဖွယ်ငွေကြေးလွှဲပြောင်း ဆောင်ရွက်မှုသတင်းပို့ချက်(Suspicious Transaction Report-STR)များအား လက်ခံခြင်း၊ စိစစ် ခွဲခြမ်းစိတ်ဖြာခြင်းနှင့်စိစစ်ချက်ရလဒ်များအား သက်ဆိုင်ရာတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ နှင့်သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများထံသို့ဖြန့်ဝေခြင်းများဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြား သည်။
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီး အမျိုးသားအဆင့်မဟာဗျူဟာများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငွေကြေးဆိုင်ရာလိမ်လည်မှုများနှင့် ပြစ်မှုများ ပေါ်ပေါက်လာပါက အဖွဲ့ဝင်များမှ မိမိဌာနနှင့်သက်ဆိုင်သည့်လုပ်ငန်းတာဝန်များကို ထိရောက် မြန်ဆန်စွာဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် “ငွေကြေးလိမ်လည်မှုများအား အချိန်မီတားဆီးရေး နှင့် အရေးယူမှုမြန်ဆန်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့(Action Task Force)"ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၁၃/၂၀၂၄ ဖြင့် ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ လုပ်ငန်း အဖွဲ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီးနောက် ငွေကြေးဆိုင်ရာလိမ်လည်မှုဖြစ်စဉ်များအား ထိရောက် မြန်ဆန်စွာဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် စံလုပ်ငန်းစည်းမျဉ်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Standard Operating Procedures-SOP)အား ၂ဝ၂၅ ခုနှစ် ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ငွေကြေးလိမ်လည်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ အဆိုပါစံပြုလုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
အွန်လိုင်းလိမ်လည်မှုများမှရရှိသောငွေကြေးများကို စနစ်တကျခဝါချရန်အတွက် တရားမဝင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများက အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ ကမ္ဘာ့နိုင်ငံများ တွင်ဖြစ်ပေါ်နေသည့် အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှုများအပေါ် လေ့လာတွေ့ရှိချက် များအရ Scam Center များမှရရှိသော တရားမဝင်ငွေကြေးများသည် နယ်စပ်ဒေသရှိ တရားမဝင် ကုန်ပစ္စည်းများကို ဝယ်ယူရန်အတွက် အသုံးပြုကြောင်း၊ အဆိုပါတရားမဝင်ပစ္စည်းများကို နယ်စပ် ဖြတ်ကျော်ရောင်းချခြင်းဖြင့် တရားဝင်ပုံစံဆောင်သောဝင်ငွေအဖြစ်သို့ ပြောင်းလဲပစ်ကြောင်း၊ Scam Center များလည်ပတ်ရန်အတွက် လိုအပ်သည့်စက်ပစ္စည်းများ၊ အစားအသောက်နှင့်အခြားထောက်ပံ့ရေး ပစ္စည်းများကို တရားမဝင်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် အခွန်ရှောင်၍ သယ်ယူ ပို့ဆောင်ကြောင်း၊ Scam Center များလည်ပတ်ရန်အတွက် လိုအပ်သည့်ဝန်ထမ်းအင်အားကို တရားမဝင်နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် လူကုန်ကူးခြင်းဖြင့်ရရှိနေခြင်းဖြစ်ကြောင်း ပြောကြား သည်။
အနှစ်ချုပ်အနေဖြင့် တရားမဝင်နယ်စပ်ကုန်သွယ်ရေးသည် Scam Center များအတွက် ငွေကြေးခဝါချရန်လမ်းကြောင်းများ ဖန်တီးပေးနေခြင်းဖြစ်ပါကြောင်း၊ လူကုန်ကူးခံရသူများကို သယ်ယူပို့ဆောင်ရန်လမ်းကြောင်းများကို ပံ့ပိုးပေးနေခြင်းဖြစ်ပါကြောင်း၊ ယင်းဆက်စပ်မှုများကို တားဆီးဖြတ်တောက်ရန်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးတို့ကို ပေါင်းစပ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။


