မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီး မန္တလေး- မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြ ကျေးရွာတို့အား ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးခဲ့ ကြောင်း သိရှိရသည်။
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင် ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့၏ တောင်ဘက်မီတာ ၇၀၀၀ ခန့်အကွာရှိ ဇရပ်ကွင်းကျေးရွာအနီးသို့ ရောက်ရှိစဉ် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမားများသည် ကျေးရွာ၏ တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများသည် ၎င်းတို့ဆုတ်ခွာထွက်ပြေး စဉ် ဇရပ်ကွင်းကျေးရွာအနီး မန္တလေး- မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အား ဆက်သွယ်ထားသည့် တံတားအရှည် ၈၀ ပေ၊ အကျယ် ၁၅ ပေရှိ သံကူ ကွန်ကရစ်တံတားအား မိုင်းထောင်ဖောက်ခွဲခဲ့ရာ တံတားအောက်ခြေတိုင်များ ပြိုကျပျက်စီးခဲ့ပြီး ပျက်စီးမှုကြောင့် လူနှင့် ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။
အကြမ်းဖက်သမားများသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကို ပျက်ပြားစေရန်၊ ဒေသတွင်းကုန်စည်စီးဆင်းမှု ရပ်တန့်စေပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်းများကို လုပ်ဆောင်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation) ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပျက်ဆီးခဲ့သည့် တံတားအား ပုံမှန် အတိုင်းပြန်လည်အသုံးပြုနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


