တပ်မတော်မြစ်တွင်းသွားဆေးရုံရေ ယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့် အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ဖျာပုံမြို့နယ်ရှိ ရွှေစင်လမင်းဆီဆိုင်ဝန်းအတွင်း၌ အခြေပြု၍ အဆိုပါမြို့နယ်နှင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာ ဆေးကုသမှုဆိုင်ရာရောဂါ ၁၇၅ ဦး၊ ခွဲစိတ်ရောဂါ ၁၇ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၃ ဦး၊ ကလေးရောဂါ ၂၈ ဦး၊ အရိုးရောဂါ ၁၁၀ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၁ ဦး၊ မျက်စိရောဂါ ၉၇ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၂၇ ဦး၊ စုစုပေါင်းဒေသခံပြည်သူ ၄၈၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။ ၄င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၃ ဦး၊ မျက်စိခွဲစိတ်လူနာ ၂ ဦး၊ သွားနုတ်/သွားဖာလူနာ ၁၄ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၈ ဦး၊ Ultrasound စက်ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၂၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၃ ဦး တို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက် ပေးကြသည်။
အဆိုပါ တပ်မတော်နယ်လှည့်အထူကုဆေးအဖွဲ့သည် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးရန်အတွက် ရောက်ရှိနေခြင်းဖြစ်ပြီး ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိရပါသည် -
အင်တာဗျူး(၁)
ကျွန်မနာမည်က ဒေါ်လှလှသန်းပါ။ ဖျာပုံမြို့ ၂ ရပ်ကွက် ကနေပြီး လာပြီးဆေးလာပြတာပါ။ မျက်စိရောဂါနဲ့ အရိုးအကြောရောဂါပါ။ မျက်စိမှာက မည်းမည်းအဆံလေးတွေ တွေ့လို့လာပြတာပါ။ အရိုးအကြောကျတော့ ခါးနာလို့လာပြတာပါ။ မျက်စိကလည်း လေး၊ ငါးလ၊ အရိုးအကြောကလည်း ငါးလ၊ ခြောက်လ ရှိပါပြီ။ ဆရာဝန်က အားဆေးတွေလည်းပေးတယ်။ အရိုးအကြောဆရာက ငြိမ်ငြိမ်နေဖို့ပြောတယ်။ အားဆေး သောက်မယ်။ အာရုံကြောဆေးလည်း ပေးလိုက်တယ်။ အလေးအပင် မ မဖို့လည်း ပြောလိုက်တယ်။ နယ်အထိရောက်အောင်လာပြီးတော့ ဆေးကုသပေးတဲ့အတွက် ကျေးဇူးလည်းတင်တယ်။ မရှိတဲ့လူတွေ အတွက်လည်း အထောက်အကူ အများကြီးရတယ်။ နောက်လည်း ဒီလိုပဲ ကြိုးစားပြီးလာရောက်ကုသပေးပါလို့ ပြောချင်ပါတယ်။
အင်တာဗျူး(၂)
မအေးမြင့်ဝေ ပါ။ ဖျာပုံ ၁၂ ရပ်ကွက်ကနေ လာပြီးပြတာပါ။ ကိုယ်ဝန်လာပြတာပေါ့။ ဒီမှာနယ်လှည့်ပြီးတော့ လာတယ်ဆိုလို့ အဲ့ဒါဆေးလာပြလိုက်တာပေါ့။ Ultrasound ရိုက်တာ။ Ultrasound ကရိုက်ထားတယ်၊ လနုသေးတော့ ယောကျ်ားလေး၊ မိန်းကလေး မခွဲ ခြားသေးဘူး။ ဒီကဒေသခံတွေအတွက် ဒီလိုမျိုး အခမဲ့လေး လိုက်ပြီး ကူညီပေးတဲ့ အတွက် အကုန်လုံးလည်း အဆင်ပြေတယ်။ ကျန်းမာရေး ချို့တဲ့ တဲ့သူပဲဖြစ်ဖြစ်၊ မသွားနိုင်တဲ့ သူပဲဖြစ် ဖြစ် ဒီမှာနီးနီးနားနားနဲ့ မြို့ပေါ်မှာ လာပြီးပြရတာပေါ့။ ဒီနားတစ်ဝိုက် နယ်တွေကလည်း လာ ပြလို့ရတယ်။ အဲ့လိုမျိုးကျ ပိုပြီးတော့ အဆင်ပြေပါတယ်။ အခုလို လာရောက်ပြီးတော့ ဆေးကုသပေးတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ နောက်လည်း ဒီလိုမျိုးလေး နှစ်တိုင်းလာပြီးတော့ ပေးသွားရင်အဆင်ပြေတယ်။ ပိုပြီးတော့ ကျေးဇူးတင်ပါတယ်။



