KNU နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ရေဖြူမြို့အတွင်းရှိ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများနှင့် ဒေသခံပြည်သူများ ပိုင်ဆိုင်သည့် အဆောက်အအုံများအား ဝင်ရောက်မီးရှို့ဖျက်ဆီး နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၁၂

Friday, December 12, 2025 - 03:30

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့အနောက်ခြမ်းရှိ ဌာနဆိုင်ရာ အဆောက် အအုံများ၊ ဝန်ထမ်းအိမ်ရာများနှင့် ဒေသခံပြည်သူများ ပိုင်ဆိုင်သည့် နေအိမ် အဆောက်အအုံများအား ယနေ့တွင် PDF အမည်ခံအကြမ်းဖက်သောင်းကျန်း သူများက လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် ရေဖြူမြို့၏ အနောက်ဘက်ခြမ်း ရှိ မြို့မရဲစခန်းအား ခေါင်းဆောင်နှင့် အင်အားစိစစ်ဆဲ KNU နှင့် PDF အမည်ခံအကြမ်း ဖက်သောင်းကျန်းသူအဖွဲ့တို့မှ မြို့၏ မြောက်ဘက်ခြမ်းမှ နေ၍ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်၍လည်းကောင်း၊ မြို့၏ တောင်ဘက်ခြမ်းနှင့် တံတား နေရာရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား စစ်ကူမလာရောက်နိုင်ရေးပူးပေါင်းအဖွဲ့နှစ်ဖွဲ့ဖြင့် နှောင့်ယှက်ပစ်ခတ်၍လည်းကောင်း၊ မြို့မရဲစခန်းအား သိမ်းပိုက်နိုင်ရေး ဆောင်ရွက် လာခဲ့ရာ မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခြင်း၊ ရေဖြူမြို့၏ အရှေ့တောင်ဘက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး ပစ်ကူပေးခြင်းတို့ ကြောင့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မြို့၏ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ထိုသို့ ဆုတ်ခွာထွက်ပြေးသွားစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့၏ နောက်သို့ ထပ်ကြပ်လိုက်လံတိုက်ခိုက်ချေမှုန်းနိုင်ခြင်းမရှိစေရန်နှင့် တပ်မတော်အပေါ် ပြည်သူ လူထုက အထင်အမြင်လွဲမှားစေရန်အတွက် ၎င်းတို့ ဆုတ်ခွာရာ လမ်းတစ်လျှောက်ရှိ ဌာနဆိုင်ရာ အဆောက်အအုံများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ သစ်တော ဦးစီးမှူးရုံး၊ စုပေါင်းဌာနဆိုင်ရာရုံး၊ ပြည်သူ့ဆေးရုံ၊ ဘဏ်နှင့် ဝန်ထမ်းအိမ်ရာများအား မီးရှို့ ထွက်ပြေးသွားခဲ့သည်။ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပြီး  ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုအား စိစစ်ဆဲဖြစ်ကြောင်း သိရှိရသည်။

အထက်ပါ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ မီးရှို့ဖျက်ဆီးခဲ့မှု ကြောင့် ဌာနဆိုင်ရာ ရုံးအဆောက်အအုံများ၊ ရုံးသုံး ပရိဘောဂပစ္စည်းများနှင့် အရေးကြီး စာရွက်/စာတမ်းများ မီးလောင်ပျက်စီးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများ ပူးပေါင်း၍ လိုအပ်သည့် မီးငြိမ်းသတ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက် ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါဆုတ်ခွာထွက်ပြေးသွားခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအား လိုက်လံချေမှုန်းကာ လိုအပ်သည့် နယ်မြေ လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။