တာချီလိတ်နှင့် မိုင်းတုံမြို့နယ်တို့တွင် ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါးအမှုဖြင့် အလိုရှိတရားခံပြေး ၃ ဦးနှင့် တရားမဝင် ဝင်ရောက်နေထိုင်သူ ၁ ဦးတို့အား ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ် နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၁၁

Thursday, December 11, 2025 - 08:15

          မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံ၊ တာချီလိတ်နှင့် မိုင်းတုံမြို့နယ်တို့တွင် ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံမှ မူးယစ်အမှုဖြင့် အလိုရှိတရားခံပြေး ၃ ဦးနှင့် တရားမဝင် ဝင်ရောက်နေထိုင်သည့် ထိုင်းနိုင်ငံသား ၁ ဦးတို့အား ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

          ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)သည် မြန်မာနိုင်ငံ၊ မူးယစ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့(CCDAC)ထံသို့ ထိုင်းနိုင်ငံအတွင်း မူးယစ်ပြစ်မှုများကျူးလွန်ပြီး မြန်မာနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်နေသည့် Mr. Phonchana Phongthong(ခ)Toon(ဖွန်းချနာဖုန်းထောင်း(ခ)သွန်း)၊ Mrs. Thanida Puangngern(ခ)Ning(ထနိဒါးဖုံးငင်း(ခ)နိန်း)နှင့် Mr. Wi Rat Taou Dom(ဝီလတ်ထောင်းဝုဒွမ်)တို့ ၃ ဦးအား ကူညီစုံစမ်းဖော်ထုတ်ဖမ်းဆီးပေးပါရန် သတင်းဖလှယ်ပေးပို့ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါ အလိုရှိတရားခံပြေး ၃ ဦးအား စုံစမ်းဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၁၃-၁၁-၂၀၂၅ ရက်နေ့တွင် Mr. Phonchana Phongthong(ခ) Toon(ဖွန်းချနာဖုန်းထောင်း(ခ)သွန်း)၊ Mrs. Thanida Puangngern(ခ)Ning(ထနိဒါးဖုံးငင်း (ခ)နိန်း)တို့အား တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၌လည်းကောင်း၊ ၁၄-၁၁-၂၀၂၅ ရက်နေ့တွင် Mr. Wi Rat Taou Dom (ဝီလတ်ထောင်းဝုဒွမ်)အား မိုင်းတုံမြို့နယ်၊ နားကောင်းမူကျေးရွာ၌လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း၊

မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ အဆိုပါ အလိုရှိတရားခံပြေး ၃ ဦးနှင့်အတူ ၁၆-၉-၂၀၂၅ ရက်နေ့တွင် တာချီလိတ်မြို့၊ ရန်အောင်မြေ ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့သည့် တရားမဝင် ဝင်ရောက်နေထိုင်ခဲ့သူ ထိုင်းနိုင်ငံသား Mr. Chairit Phucharoen (ချရစ်ဖူချရွန်)တို့အား နှစ်နိုင်ငံတည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကိုယ်စား မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ အမှတ်(၇)မူးယစ်တပ်ဖွဲ့ခွဲ၊ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ကျော်စိန်ဝင်း ဦးဆောင်သည့် အဖွဲ့မှ ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)၊ အတွင်းရေးမှူးချုပ် Police Major Suriya Singhakamol ဦးဆောင်သည့်အဖွဲ့ထံသို့ ၁၁-၁၂-၂၀၂၅ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁၁ နာရီအချိန်တွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား(၂)၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစီအစဉ်အရ မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်ပြီး တစ်ဘက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကာ နယ်စပ်ဖြတ်ကျော် မူးယစ်မှုခင်းများ ထပ်မံကျူးလွန်နေသည့် တရားခံပြေးများကို အပြန်အလှန် ဖော်ထုတ်ဖမ်းဆီးလွှဲပြောင်း ပေးခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့်သတ်မှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ဒေသတွင်း နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုတိုးမြှင့်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။