ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်တိုင်းဒေသကြီးနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံ၍ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေးပြောကြား

Thursday, December 11, 2025 - 08:15

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ - ၁၁

ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ခရိုင် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံဖြိုး တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှူဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးနှင့် ခရိုင် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြ

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ ရေလှောင်တမံများ၏ ရေသိုလှောင်နိုင်မှု၊ ဆိုလာရေတင်စနစ်များ၊ လျှပ်စစ်ရေတင် စနစ်များဖြင့် ရေတင်သိုလှောင်ဆောင်ရွက်လျက်ရှိမှု၊ ဆိုလာစနစ်ဖြင့် ကျေးရွာမီးလင်း ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေများ ထုတ်ပေးထားရှိမှု၊ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိမှု၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးလျက်ရှိ မှု၊ ပညာရေး၊ ကျန်းမာရေး နှင့် အားကစား ကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှု၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲရုံ များစနစ်တကျဖြစ်စေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး၏ အခွင့်အရေးများ မဆုံး ရှုံးရစေရေး ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံရေးပါတီများအလိုက် တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲအကြို လှုပ်ရှားမှုများဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။           

 

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးများက ပြန်လည် ရှင်းလင်း ဆွေးနွေး

ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာ စိုးဝင်း တို့က ပြန်လည် ရှင်းလင်းပြောကြားရာတွင်  ပြည်သူ့ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးဝန် ထမ်းများသာမက အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများမှလည်း ဝိုင်းဝန်းကူညီဆောင် ရွက်သွားရန် လိုအပ်မှု၊ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ကလေးငယ်များအား ကာကွယ် ဆေးထိုးလုပ်ငန်းများသည် အရေးကြီးလုပ်ငန်းများဖြစ်သည့်အတွက် နိုင်ငံတော်မှ အလေးထားဆောင်ရွက်ပေးလျက်ရှိမှု၊ သက်ကြီးကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများ အတွက် ထောက်ပံ့ခြင်းများဆောင်ရွက်ပေးလျက်ရှိမှု၊  သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်နိုင်ချေလျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုနှင့် သဘာဝ ဘေးဒဏ် ကို ကြံ့ကြံ့ခံခိုင်သည့် တိုင်းပြည်ဖြစ်စေရေးဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားကြသည်။    

မိမိတို့တိုင်းဒေသကြီး၏ အခြေခံအချက်အလက်များကို မှန်ကန်စွာသိရှိအောင် ဆောင်ရွက်ပြီး အကျိုးရှိရှိ အသုံးချသွားရန်လို

ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက လာမည့် ၂၈ ရက်နေ့တွင် မိမိတို့ နိုင်ငံ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လကုန်တွင် အစိုးရအဖွဲ့အပြောင်းအလဲများလည်း ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင် ခံစာကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင် ခံစာထုတ်ပြန်မှုသည် နိုင်ငံတော်အတွက် အဖိုးတန်သည့် စာရင်းအင်း၊ ကိန်းဂဏန်း အချက်အလက်များပင်ဖြစ်ကြောင်း၊ ကောက်ခံရရှိသည့်အချက်အလက်များသည် နိုင်ငံ ၏ လက်ရှိဖြစ်ပေါ်နေသည့် လူဦးရေပြောင်းလဲလာမှုနှင့် မြို့ပြ၊ ကျေးလက်အလိုက် လူဦးရေအခြေအနေ၊ နိုင်ငံသူနိုင်ငံသားများ၏ ပညာရေးအဆင့်အတန်း၊ လုပ်သားအင် အားအခြေအနေနှင့် အလုပ်လုပ်ကိုင်မှု၊ ရွှေ့ပြောင်းသွားလာမှုနှင့် ၎င်းတို့၏ နေထိုင်မှု ပုံစံ စသည်တို့နှင့်  မိမိတို့မြန်မာနိုင်ငံ၏ အနာဂတ်ကို မီးမောင်းထိုးပြနေသည့် နေ့စဉ် လူနေမှုဘဝပုံစံများကို ထုတ်ဖော်ပြသခြင်းပင်ဖြစ်သဖြင့် မူဝါဒ၊ စီမံကိန်းများရေးဆွဲ ချမှတ်သူများ၊ အချက်အလက်အသုံးပြုသူများအားလုံးအနေဖြင့် အကျိုးရှိရှိအသုံးချသွား ကြရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လည်း သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များကို အလေးထား၍ မိမိတို့တိုင်း ဒေသ ကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချသွားကြရန် လိုကြောင်း။

ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုသည် အနာဂတ်တိုင်းပြည်အတွက် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်

ကောက်ယူရရှိသည့် ကိန်းဂဏန်းအချက်အလက်များအရ မိမိတို့နိုင်ငံတွင် ပညာ ရေးနှင့်ပတ်သက်၍ အားနည်းမှုများရှိနေသည်ကို တွေ့မြင်နိုင်မည်ဖြစ်ပြီး မိမိတို့အစိုးရ အနေဖြင့် ပညာရေးကဏ္ဍမြှင့်တင်ခြင်းလုပ်ငန်းများကို အလေးထားအားပေးဆောင်ရွက် လျက်ရှိကြောင်း၊ ပညာရေးတွင် ကျောင်းနေရာခိုင်နှုန်းမြင့်မားရေးနှင့် တန်းစဉ်ကူး ပြောင်းမှု မြင့်မားရေးကို ဆောင်ရွက်သွားရမည်ဖြစ်ပြီး အကြောင်းမျိုးမျိုးကြောင့် တန်း စဉ်ကူးပြောင်းမှုများ အားနည်းမှုများဖြစ်ပေါ်နေသည်ကို တွေ့ရှိရကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးအနေဖြင့်လည်း တန်းစဉ်ကူးပြောင်းမှုများ ယခုထက်ပိုမိုမြင့်မားစေရေး ကြိုး ပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ပညာရေးကဏ္ဍအားနည်းပါက ကျန်ရှိသည့် ကဏ္ဍများတွင်လည်း အားနည်းလာမည်ဖြစ်ကြောင်း၊ အနာဂတ်တွင်ခေတ်မီနိုင်ငံတော် ကို တည်ဆောက်ရေးအတွက် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်း အမြစ်ကောင်းများစွာကို မွေးထုတ်ပေးနိုင်ရန် လိုကြောင်း၊ ထို့ပြင် စည်းကမ်းစနစ်ကျန သည့် လူ့အဖွဲ့အစည်းတစ်ရပ်ကိုလည်း ပုံဖော်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ "အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက" ဆိုသည့်အတိုင်း အနာဂတ်၏ ကလေးငယ်များ သည် ပညာသင်ကြားချိန်တွင် ဆရာ၊ဆရာမများ၏ သွန်သင်ဆုံးမမှုများကို ခံယူခဲ့ကြရ မည်ဖြစ်ကြောင်း၊ ကျောင်းလုံးဝ မနေခဲ့ရသူများထက် ကျောင်းတက်ရောက်ခဲ့သည့် ကလေးငယ်များသည် စည်းကမ်းပိုမိုကောင်းမွန်သည်ကို တွေ့မြင်ရမည်ဖြစ်ပြီး တက် ရောက်ခဲ့ရသည့် အတန်းအလိုက် စိတ်ဓာတ်နှင့် စည်းကမ်းများ လိုက်နာမှု ကွာဟသွား မည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိဘဝကို တိုးတက်စေနိုင်မည့် အပြုအမူ၊ အနေအထိုင် အလေ့အကျင့်ကောင်းများကိုလည်း ရရှိစေနိုင်မည်ဖြစ်ပြီး မိမိနှင့် မိမိပတ်ဝန်းကျင် အတွက် အကျိုးမဖြစ်စေသည့် ဆေးလိပ်၊ အရက်၊ ကွမ်း တို့သုံးစွဲခြင်းများကို ရှောင်ကြဉ် ရန် အသိတရားများကိုလည်း ရရှိသွားစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျသင်ကြားပေးမည်ဆိုပါက စိတ်ဓာတ် စည်းကမ်း ကောင်းမွန်သည့် အဖိုးတန်မျိုးဆက်သစ်လူငယ်များကို မွေးထုတ် ပေးနိုင် မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို အလေးထားအားပေး မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ပညာရေးတွင် ရင်းနှီးမြှုပ်နှံ မှုများသည် အနာဂတ် တိုင်းပြည်အတွက် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်ကြောင်း၊ မကြာမီ ရောက်ရှိတော့မည့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အခြေခံပညာအဆင့် အတန်းတင်စာမေးပွဲများ ဖြေဆိုတော့မည်ဖြစ်ပြီး ရာနှုန်းပြည့်ဖြေဆိုနိုင်ရေးနှင့် နောင်နှစ် တန်းစဉ်ကူးပြောင်းမှုမြင့်မားရေး အတွက်လည်း လိုအပ်သည့် ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားကြ ရန်လိုကြောင်း။

စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်

စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့် ပြည်သူများ၏ ဝမ်းစာဖူလုံမှုရှိစေရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို တိုး မြှင့်ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့ပေါ်နေပြည်သူများအတွက် လိုအပ်သည့်အသား၊ ငါးနှင့် ဥ များကို လုံလောက်စွာထုတ်လုပ်ရောင်းချပေးနိုင်မှသာ ထိုက်သင့်သည့် စား သောက်ကုန်ဈေးနှုန်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ စားသုံးမှုနှင့် ထုတ်လုပ်မှုများ မျှတ မည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိုက်သင့်သလောက်ထိန်းသိမ်းနိုင်မည် ဖြစ် ကြောင်း၊ ရန်ကုန်မြို့တွင်ရှိသည့် မြေလွတ်မြေရိုင်းများကို စိုက်ပျိုးမွေးမြူရေး ကုန်ထုတ် လုပ်ငန်းများအတွက် အသုံးချသွားရန်လိုကြောင်း၊ ဒေသတွင်း စားသောက်မှု ဖူလုံရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ လူတန်းစားမရွေး စားနိုင်၊ သောက်နိုင်ရေး စားရေရိက္ခာ ဖူလုံအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် ယခင်အစိုးရများအဆက်ဆက်တွင် ကုန်သွယ်မှုလိုငွေများ ရှိခဲ့ပြီး လိုအပ်သည့်နိုင်ငံခြားငွေများကို Non - Trade မှရရှိသည့်ငွေများ၊ ထောက်ပံ့ငွေ များဖြင့် သုံးစွဲခဲ့ကြသည်ကိုတွေ့ရှိရကြောင်း၊ ကုန်ထုတ်လုပ်မှုများအားနည်းခြင်းကြောင့် ကုန်သွယ်မှုလိုငွေများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း ကုန်ထုတ်လုပ်မှုများရှိမှသာလျင် ပြည်ပပို့ကုန်များရရှိမည်ဖြစ်ပြီး ကုန်သွယ်မှုပိုငွေများ ရရှိမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ တာဝန်ယူဆောင်ရွက်ချိန်တွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင် ရွက်ခဲ့ပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုကိုအားပေးခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် ဝင်ငွေများရရှိသင့် သ လောက် မရရှိခဲ့ကြောင်း၊ ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်နိုင် မည်ဆိုပါက စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ ပညာရှင်များ များစွာရှိသဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရေး အဆိုပါ ပညာရှင်များကို အကျိုးရှိရှိအသုံးချနိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၌ ခေတ် အဆက်ဆက်တွင် လယ်ယာထွက်ကုန်ပစ္စည်းများထွက်ရှိမှုမှာ ကိန်းဂဏန်း အချက် အလက်များအရကွာခြားချက်များရှိနေကြောင်း၊ ကိန်းဂဏန်း အချက်အလက်များ၊ စာရင်းဇယားများ မှန်ကန်စွာသိရှိနိုင်မှသာလျင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမို လေ့လာ ဆန်းစစ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းဆောင်ရွက်သူများ အနေ ဖြင့် ပန်းတိုင်ရည်မှန်းချက်များပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် စာရင်း ဇယားကောက်ယူသူများအနေဖြင့်လည်း မှန်ကန်သည့်စာရင်းဇယားများ ရရှိနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဓိကအားဖြင့် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် မိမိတို့အားလုံး အမှန်တကယ် အလုပ်လုပ်ကြရမည်ဖြစ်ပြီး အလုပ်လုပ်နိုင်ရေး အတွက်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက တောင်သူများ ၏ လူမှုစီးပွားဘဝများသည်လည်း တိုးတက်လာမည်ဖြစ်ကာ ဒေသတွင်း လည်ပတ် ရင်းနှီးငွေများ များပြားလာခြင်းမှတဆင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဖြစ်ပေါ်လာ စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍများ ဖွံဖြိုးတိုးတက် ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ CMP လုပ်ငန်းများ၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင်အားပေး ဆောင်ရွက်သွားကြ ရန်လိုကြောင်း၊ ဒေသမှ ထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံသည့် MSME ကုန်ထုတ် လုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စက်မှုကဏ္ဍများတိုးတက်ခြင်းဖြင့် ဝန်ဆောင်မှုကဏ္ဍများ လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လယ်ယာကဏ္ဍကိုအခြေခံ ပြီး နိုင်ငံ့ GDP တိုးတက်အောင်ဆောင်ရွက်နိုင်ကြောင်း။

ကျန်းမာရေးကဏ္ဍမြှင့်တင်ဆောင်ရွက်

ကျန်းမာရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများ လိုအပ် နေဆဲဖြစ်ကြောင်း၊ မိမိတို့အစိုးရစတင်တာဝန်ယူဆောင်ရွက်ခဲ့ချိန်တွင် ကိုဗစ် - ၁၉ ကပ်ရောဂါဖြစ်ပေါ်လျက်ရှိသည့်အချိန်ဖြစ်ပြီး လုပ်ငန်းခွင်စွန့်ခွာသွားကြသည့် ကျန်းမာ ရေးဝန်ထမ်းများကြောင့် အခက်အခဲများစွာဖြင့် ဖြတ်ကျော်ခဲ့ကြရကြောင်း၊ ယခုအခါ ဆေးတက္ကသိုလ်များမှ ကျောင်းဆင်းသည့် ဆရာဝန်များအား ပြည်သူ့ဆေးရုံများ၌ သက်တမ်းတစ်ခုအထိ တာဝန်ထမ်းဆောင်ရန်မူဝါဒချမှတ်ထားကြောင်း၊ မိမိတို့ အနေ ဖြင့်နိုင်ငံ၏ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးအတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၏ အကျိုးခံစားခွင့်များကိုလည်း ထိုက်သင့်သလောက် တိုးမြှင့် ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် နိုင်ငံတော်မှ အခမဲ့ပညာသင်ကြားပေးထားခြင်းဖြစ်သဖြင့် နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုကြောင်း။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ယခု ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲရာနှုန်းပြည့် အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူ အား လုံး မဲပေးနိုင်ရန် အရေးကြီးသကဲ့သို့ ၂၀၂၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ်စေရေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မဲမသမာမှု များဖြစ်ပေါ်ခဲ့ခြင်းသည် မိမိတို့နိုင်ငံအတွက်ဆိုးရွားသည့် ဖြစ်ရပ်တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲတွင် မဲစာရင်းများမှားယွင်းမှုများကြောင့် တာဝန်ယူခဲ့ သည့် အစိုးရဖြစ်သဖြင့် မိမိတို့ကျင်းပသည့် ရွေးကောက်ပွဲသည် မဲစာရင်းမှားယွင်းမှု မရှိရန်လိုကြောင်း၊ ရာနှုန်းပြည့်မှန်ကန်နိုင်မည် မဟုတ်သော်လည်း အတတ်နိုင်ဆုံးမှန် ကန်အောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့် မဆုံးရှုံးစေရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးခြင်း မပေးခြင်းသည် မဲဆန္ဒ ရှင်များ၏ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပေးရမည်မှာ အစိုးရ၏ တာဝန်ပင် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးသည် နိုင်ငံ၏ဂုဏ်သိက္ခာဖြစ်၍ ရွေးကောက်ပွဲကျင်းပမည့်နေရာများအားလုံးတွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊  ရွေးကောက်ပွဲ ကျင်းပရာတွင် မဲမသမာမှုများပြုလုပ်၍မရနိုင်သည့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)များ ဖြင့် မဲပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေး ကောက်ပွဲ၊ သိက္ခာရှိသည့်ရွေးကောက်ပွဲဖြစ်စေရေး အားလုံးကဝိုင်းဝန်း ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ကိုခေါ်ယူ၍ အသစ် ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏တာဝန်များကိုလွှဲပြောင်းပေးအပ်သွားမည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံစနစ်အရ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ မဖြစ်မနေ အောင်မြင်အောင်ဆောင်ရွက်သွားရမည့်လုပ်ငန်းရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့်လည်း ရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။