တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆) ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် စိုးညွန့်နှင့် ကျောင်းဆင်းဗိုလ်လောင်းများ တက်ရောက်ကြသည်။
အခမ်းအနားအစီအစဉ်အရ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်း၊ တပ်မတော် အရာရှိကြီးများနှင့် တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီးတို့သည် စင်မြင့်ထက်တွင်နေရာယူ ကြပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်းက ကျောင်းဆင်းဗိုလ်လောင်းတစ်ဦးချင်းစီအား ပြန်တမ်းဝင် ခန့်အပ်လွှာများ ပေးအပ်သည်။
ပြန်တမ်းဝင်ခန့်အပ်လွှာများ ပေးအပ်ပြီးနောက် စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက အမှာစကားပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
