မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်၊ မဲပေးစက်(MEVM) များ အင်စတို(စ်)လေးရှင်းပြုလုပ်နေမှုအား ကြည့်ရှုအားပေး နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၁၀

Wednesday, December 10, 2025 - 14:30

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို    ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများက Vedio Conveition စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အဖွင့်အမှာစကား ပြောကြား ကြသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု အခြေအနေများကို Powerpoint ဖြင့် ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍ အလိုက်လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသူ/နိုင်ငံသားအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် အောင်မြေသာစံမြို့နယ်၊ ၁၉ လမ်းနှင့် ၆၆ လမ်းထောင့်၊ ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမ၊ မန္တလေး ဈေးချိုတော်နှင့်  ဆေးတက္ကသိုလ်(မန္တလေး)တို့တွင် ရွေးကောက်ပွဲ နှိုးဆော်အသိပညာ ပေးဆိုင်ရာ လက်ကမ်း စာစောင် ကန်ပိန်း ပြုလုပ်၍ လမ်းသွား/လမ်းလာ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအား “ဒို့အတူမဲပေးကြမည်” ၊ “ရွေးကောက်ပွဲ မှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့”  သတင်းစကားပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

အလားတူ တောင်ကြီးမြို့နယ်တွင် မဲရုံပေါင်း (၁၉၀) ရုံ၊ လွတ်တော်(၃)ရပ် နှင့် တိုင်းရင်းသားလူမျိုး (၄)မျိုးတို့အတွက် MEVM မဲပေးစက် (၁၄၁၈) လုံး အသုံးပြုမည် ဖြစ်ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့ဖြစ်သည့် တောင်ကြီး တက္ကသိုလ်မှ ဆရာ/ ဆရာမများ၊ တောင်ကြီးနည်းပညာတက္ကသိုလ်မှ ဆရာ/ဆရာမများ၊ ခရိုင်၊ မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက အဆိုပါ မဲပေးစက်(MEVM)များအား အင်စတို(စ်)လေးရှင်း ပြုလုပ် နေမှုများကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညိုနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။