ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းရှိ “ရွှေဇင်” အာမခံရွှေဆိုင်မှ ရွှေထည်ပစ္စည်းများနှင့် ငွေကျပ်သိန်း ၁၀၃၀ အား ဒီဇင်ဘာလ ၅ ရက်နေ့က သေနတ်ဖြင့်ခြိမ်းခြောက်၍ လုယက်ယူဆောင်ခဲ့သူများနှင့် ပူးပေါင်းပါဝင်သူတို့အား သက်သေခံ ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်အချိန်တွင် လှိုင်မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မြကန်သာအိမ်ရာနေ ဦးစိုးဌေး(၆၀)နှစ် သည် “ရွှေဇင်” အာမခံရွှေဆိုင်၌ ရောင်းချမည့် ရွှေထည်ပစ္စည်းများနှင့် ငွေကျပ် သိန်း ၁၀၃၀ တို့အား BGO-27 4S-4805 Faw TOYOTA BZ4X အဖြူရောင်ယာဉ်ဖြင့် သယ်ဆောင်လာပြီး ရွှေဆိုင်ရှေ့အရောက်၌ ကားပေါ်မှ ဆိုင်အတွင်း ရွှေ့ပြောင်းရန်ပြုလုပ်နေစဉ် အမျိုးသားနှစ်ဦး(စိစစ်ဆဲ)မှ ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိ လာပြီး ဦးစိုးဌေး နှင့် ဆိုင်ဝန်ထမ်းများအား သေနတ်ဖြင့် ခြိမ်းခြောက်ကာ ယာဉ်ပေါ်တင်ဆောင် လာသည့် ရွှေထည်ပစ္စည်းမျိုးစုံ ၃၉၁ ခု (ကာလ တန်ဖိုး ၄၂၅၀ သိန်း)ခန့်နှင့် ငွေကျပ် ၁၀၃၀ သိန်း တို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လသာမြို့မရဲစခန်း (ပ)အမှတ် ၅၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ ပါသည်။
ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက အချိန် နှင့်တစ်ပြေးညီ စုံစမ်းထောက်လှမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ယင်းနေ့ညနေ ၄ နာရီ ၅ မိနစ်အချိန် တွင် တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ ပြစ်မှုကျူးလွန်သူများ ပြစ်မှုကျူးလွန်ပြီးနောက် ထွက် ပြေးတိမ်းရှောင်စဉ် ရန်ကုန်ဆေးရုံကြီးဝင်းတွင် လျှပ်စစ်ရုံးဟောင်း အဆောက်အဦဘေး၌ ကျန်ခဲ့သည့် ခရီးဆောင်အိတ် ၁ လုံးအတွင်းမှ ရွှေသားဆွဲသီးမျိုးစုံ ၅၃ ခု၊ ကျောက်ပါရွှေဆွဲသီး ၂၆ ခု၊ ရွှေသားလက်စွပ် ၄ ကွင်း၊ ကျောက်ပါရွှေလက်စွပ် ၄ ကွင်း၊ ကျောက်ပါရွှေနားကပ် ၂ ရံ၊ အလေးချိန် ၁၁ ကျပ် ၇ ပဲ ၇ ရွေး (ကာလတန်ဖိုး ကျပ်သိန်း ၁၀၀၀)ခန့် ထည့်ထားသည့် အနီရောင် ကတ္တီပါဘူး အကြီး ၂ ခု အရိုးအသွား ၉ လက်မခန့်ရှိ ဓားဦးချွန် ဓားမြောင် ၁ ချောင်း၊ အင်္ကျီလက်ရှည် ၃ ထည်၊ ဘောင်းဘီအရှည် ၂ ထည်၊ ဦးထုပ် ၂ လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့အတူ ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်တွင် ပြစ်မှုကျူးလွန်သူများ အသုံးပြုခဲ့သည့် ဆိုင်ကယ် ၁ စီးနှင့် ရွှေထည်ပစ္စည်းများထည့်သည့် အနီရောင်ကတ္တီပါဘူးခွံ ၃ ခုတို့အား ထပ်မံသိမ်းဆည်းရရှိခဲ့ပါသည်။
ဆက်လက်၍ ရဲတပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံး ဖမ်းဆီးရရှိ နိုင်ရေး ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများဖြစ်သည့် သာကေတမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ရွှေအုတ်ဂူလမ်းနှင့် နိဂြောဓလမ်းထောင့်ရှိ “အောင်ဘရားသား” လက်ဖက်ရည်ဆိုင်ပိုင်ရှင် အောင်ဇင်ကို(၃၀)နှစ်နှင့် လက်ဖက်ရည်အဖျော်ဆရာ စိုးကို(၂၉)နှစ်တို့အား ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ အချိန်တွင် အဆိုပါလက်ဖက်ရည်ဆိုင်၌ ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် အခင်းဖြစ်နေ့က “ရွှေဇင်” အာမခံရွှေဆိုင်သို့ ရွှေထည်ပစ္စည်းများ လာရောက်ပို့ဆောင်သည့် မော်တော်ယာဉ်ပေါ်မှ ရွှေထည် ပစ္စည်းများနှင့် ငွေများအား သေနတ်ဖြင့် ခြိမ်းခြောက်၍ လုယက်ယူဆောင်ခဲ့ကြောင်း၊ ပြစ်မှု ကျူးလွန်ပြီးနောက် အောင်ဇင်ကို မှ စိုးကို အား ငွေ ၁၀ သိန်းကျပ် ပေးခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် သေနတ်၊ ရွှေထည်ပစ္စည်းအချို့နှင့် ငွေစက္ကူအချို့တို့အား အောင်ဇင်ကို မှ ၎င်း၏ ယောက္ခမဖြစ်သူ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၃၂)ရပ်ကွက်၊ ရတနာ(၂)လမ်း၊ အမှတ် (၂၇၆)နေ ဦးသန်းထွန်း (၅၇)နှစ်၏ နေအိမ်၌လည်းကောင်း၊ ငွေကျပ်သိန်း ၂၇၀ အား အောင်ဇင်ကို ၏ဇနီး မသင်းမိုးကြူ(၃၀)နှစ် ထံတွင်လည်းကောင်း အပ်နှံသိမ်းဆည်းထားကြောင်း ဖော်ထုတ်သိရှိရ သဖြင့် ပြန်လည်သိမ်းဆည်းနိုင်ရေး ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ ၉ ရက်နေ့ ညနေပိုင်းတွင် ဦးသန်းထွန်း အား ၎င်း၏နေအိမ်အပေါ်ထပ် မျက်နှာကြက်အတွင်း သိမ်းဆည်းထားသည့် လက်လုပ်ပစ္စတို သေနတ် ၁ လက်နှင့် ၎င်းကျည် ၅ တောင့် ထည့်ထားသော ဘေးလွယ်အိတ် ၁ လုံး၊ လက်စွပ်မျိုးစုံ ၁၈၀ ကွင်း၊ နားကပ်မျိုးစုံ ၅၈ ရံတို့ ထည့်ထားသည့် ကျောပိုးအိတ် ၁ လုံး၊ ငွေကျပ်သိန်း ၁၅၀ ထည့်ထားသည့် ကြွပ်ကြွပ်အိတ် ၁ လုံးတို့ဖြင့်လည်းကောင်း၊ မသင်းမိုးကြူ အား ၎င်း၏နေအိမ်မှ ငွေကျပ်သိန်း ၂၇၀ ဖြင့်လည်းကောင်း အသီးသီး ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။
ဖြစ်စဉ်မှ လုယက်မှုကျူးလွန်ခဲ့ပြီး ဖမ်းဆီးရမိသည့် တရားခံ အောင်ဇင်ကို၊ စိုးကိုနှင့် လုယက်မှု ကျူးလွန်ရာမှ ရရှိခဲ့သည့်ပစ္စည်းများအား လက်ခံထားရှိခဲ့သူများဖြစ်သည့် သန်းထွန်း၊ သင်းမိုးကြူ တို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် သိမ်းဆည်းရန်ကျန် သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။



