KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၁၀ လုံး ထပ်မံဖြိုချဖျက်ဆီး၊ မြဝတီမြို့နှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ဆောင်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ ထပ်မံရှင်းလင်း
နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၁၀
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင် အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်း တာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက် လျက်ရှိရာ ယနေ့တွင် မြဝတီ-မဲထော်သလေး (KK Park) နယ်မြေအတွင်းရှိ အွန်လိုင်း လိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အပိုင်း(၃) နယ်မြေ အတွင်းရှိ တရားမဝင် ၄ ထပ်အဆောက်အအုံ ၁ လုံး၊ ၃ ထပ်အဆောက်အအုံ ၁ လုံးနှင့် ၂ ထပ် အဆောက်အအုံ ၈ လုံး၊ စုစုပေါင်း တရားမဝင်အဆောက်အအုံ ၁၀ လုံးကို ထပ်မံဖြို ချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၃၆၁ လုံးကို စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် KK park နှင့်ရွှေကုက္ကိုလ်နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်း ကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား ထပ်မံအသုံးပြုမှုမရှိစေရေးအတွက် ယနေ့တွင်လည်း စနစ်တကျမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ နယ်မြေများ၌ ဖမ်းဆီးရမိခဲ့ သည့် တရားမဝင်ပြည်ပနိုင်ငံသားများကို လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်း ချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည် လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်မြဝတီ-ရွှေကုက္ကိုလ်နယ်မြေမှဖမ်းဆီးထိန်းသိမ်းခဲ့သည့် ထိုင်းနိုင်ငံသား ၄ ဦးကို မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတဆင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ ထပ်မံလွှဲပြောင်း ပေးအပ်ခဲ့ကြောင်းနှင့် ကျန်ရှိသည့် တရားမဝင်ပြည်ပနိုင်ငံသားများ ကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးနိုင်ရေးဆက်လက်ဆောင်ရွက်လျက် ရှိပြီး ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း သိရှိရသည်။
ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်ရှိ အဆောက် အအုံများ၌ တရားမဝင်ပြည်ပနိုင်ငံသားများ ဝင်ရောက်နေထိုင်ခြင်းနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်း တာဝန်ရှိသူများအပါအဝင် အဖွဲ့စုံ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဒီဇင်ဘာ ၈ ရက်မှ စတင်၍ ရှာဖွေရှင်းလင်းဆောင်ရွက်ခဲ့ရာ ယနေ့တွင် လည်း အဆောက်အအုံ ၁၃၂ လုံး ထပ်မံစစ်ဆေးနိုင်ခဲ့ပြီး အဆိုပါ အဆောက်အအုံများ အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် တရားမဝင်နိုင်ငံသားများ တွေ့ရှိခြင်းမရှိကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝ အခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



























