KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ ဆက်လက်ဖြိုချဖျက်ဆီး၊ မြဝတီမြို့အနီး၌ တရားမဝင်ပြည်ပနိုင်ငံသား ၂၃၂ ဦး ထပ်မံဖမ်းဆီးရမိ နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၈

Monday, December 8, 2025 - 16:00

KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ ဆက်လက်ဖြိုချဖျက်ဆီး၊ မြဝတီမြို့အနီး၌ တရားမဝင်ပြည်ပနိုင်ငံသား ၂၃၂ ဦး ထပ်မံဖမ်းဆီးရမိ

နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ

မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်း ကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် မြဝတီ-မဲထော်သလေး (KK Park) နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် ဒေသတွင်း တာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် တရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းစဉ်များတွင်အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရား မဝင် အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းနှင့် ချိပ်ပိတ်သိမ်းဆည်းခြင်း များ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ ၃၄၁ လုံးကို စနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီး ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား ထပ်မံ ၍ အသုံးပြုနိုင်ခြင်းမရှိစေရန်အတွက် စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ယနေ့တွင် မြဝတီ-မဲထော်သလေး (KK Park) အပိုင်း () နယ်မြေအတွင်းရှိ တရား မဝင်အဆောက်အအုံများဖြစ်သော ၂ ထပ်အဆောက်အအုံ ၆ လုံး၊ ၃ ထပ်အဆောက်အအုံ ၁ လုံး၊ ၄ ထပ်အဆောက်အအုံ ၁ လုံး၊ စုစုပေါင်း တရားမဝင်အဆောက်အအုံ ၈ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် အပိုင်း()နယ်မြေအတွင်းရှိ အဆောက်အအုံ ၄၂၅ လုံးအနက် ယနေ့အထိ ၁၉၃ လုံး ဖြိုချဖျက်ဆီးခဲ့ကြောင်းနှင့် KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၃၄၁ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။

အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင်  ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများအား အင်တိုက်အားတိုက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဖမ်းဆီးရှာဖွေ အရေး ယူခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီမြို့ရှိ လုံခြုံရေးပူးပေါင်းအဖွဲ့များက သတင်းအရ မြဝတီမြို့ဝန်းကျင်တွင် ရှောင်တခင်စစ်ဆေးခြင်းများ၊ မြဝတီမြို့ အဝင်/ အထွက်လမ်းကြောင်းနေရာများနှင့် လမ်းဆုံလမ်းခွနေရာများတွင် ပိတ်ဆို့စစ်ဆေးရှာာဖွေ ခြင်းများဆောင်ရွက်ခဲ့ရာ ဖလူး-လေးကေ့ကော်-မြဝတီသွားကားလမ်းပေါ်ရှိ မေတ္တာလင်းမြိုင် ကျေးရွာအနီး လေးကေ့ကော်ဘက်မှ မြဝတီမြို့ဘက်သို့ မောင်းနှင်လာသော ၁၀ ဘီးယာဉ် ၄ စီးပေါ်တွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား အမျိုးသား ၂၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၂၃၂ ဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် မြဝတီမြို့၊ အမှတ်(၃) ရပ်ကွက်အတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများလုပ်ကိုင်ရာတွင် အသုံးပြုနေထိုင်လုပ်ကိုင်ခဲ့ကြသည့် ၃ ထပ် အဆောက်အအုံ ၅ လုံး၊  ၁ ထပ် အဆောက် အအုံ ၃ လုံး၊ စုစုပေါင်း ၈ လုံးတို့အား  စစ်ဆေးတွေ့ရှိခဲ့ရပြီး ၎င်းတို့အား ပြန်လည် အသုံးချမှုမရှိစေရေးအတွက် ဖြိုချဖျက်ဆီးခြင်းများကို ဆောင်ရွက် ခဲ့ရာ ယနေ့တွင်လည်း ၃ ထပ်အဆောက်အအုံ ၂ လုံး၊ ၁ ထပ်အဆောက်အအုံ ၁ လုံးကို ထပ်မံဖြိုချ ဖျက်ဆီးနိုင်ခဲ့သဖြင့် အဆောက်အအုံအားလုံး ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိ ရသည်။

၎င်းအပြင် မြဝတီမြို့နယ်အတွင်းရှိ KK Park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား ထပ်မံ ၍ အသုံးပြုနိုင်ခြင်းမရှိစေရန်အတွက်ယနေ့တွင်လည်း စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် လူသားချင်းစာနာထောက်ထားမှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေုးရှု၍ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှု များကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်လျက်ရှိရာ ယနေ့တွင် အင်ဒိုနီးရှားနိုင်ငံသား ၅၆ ဦး၊ အီသီယိုး ပီးယားနိုင်ငံသား ၇ ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား ၄ ဦး၊ ဂါနာနိုင်ငံသား ၄ ဦး၊ ကာဂျစ္စတန်နိုင်ငံသား ၁ ဦး၊ စုစုပေါင်း ၇၂ ဦးတို့အား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတဆင့် ထပ်မံလွှဲပြောင်းပေးအပ်သည်။

 နိုင်ငံတော်အစိုးရအနေဖြင့် Online လိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝ အခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။