(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(ခ)ပွဲစဉ်တွင် မြန်မာအမျိုးသမီးဘောလုံးအသင်းက မလေးရှားအမျိုးသမီးဘောလုံးအသင်းအား သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိ
နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ - ၈
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(ခ)ပွဲစဉ်တွင် မြန်မာအသင်း အတွက် ဒုတိယပွဲစဉ်အဖြစ် မြန်မာအမျိုး သမီးဘောလုံးအသင်းနှင့် မလေးရှားအမျိုးသမီး ဘောလုံးအသင်းတို့သည် ယနေ့မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ချောင်ဘူရီမြို့ရှိ TNSU Chonburi Stadium (Chonburi)၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ မြန်မာ အမျိုးသမီး ဘောလုံးအသင်းက မလေးရှားအမျိုးသမီးဘောလုံးအသင်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ထိုင်းနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဇော်စိုး၊ စစ်သံမှူး ဗိုလ်မှူးချုပ် ဝင်းသူလင်း၊ ပြန်ကြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီး၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့် အုပ်ချုပ်မှု အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစား အဖွဲ့ချုပ် ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများအပါအဝင် အားကစား ဝါသနာရှင် ပရိသတ် အင်အား ၃၁၆၆ ဦး ခန့် တစ်ခဲနက် ကြည့်ရှုအားပေးကြသည်။
ပွဲစဉ်ပထမပိုင်း ၄၅ မိနစ်တွင် ဦးဆောင်ဂိုးရရှိရေးအတွက် အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ပြီး ၂၆ မိနစ် ၃၉ စက္ကန့်တွင် မြန်မာအသင်းမှ ကျောနံပါတ် ၈ စန်းသော်သော်က ဦးဆောင်ဂိုးအားသွင်းယူခဲ့ပြီး ၃၅ မိနစ် ၂၉ စက္ကန့်တွင် မြန်မာအသင်းမှ ကျောနံပါတ် ၁၃ တိုက်စစ်မှူး မေထက်လူ က ဒုတိယဂိုးအား ထပ်မံသွင်းယူခဲ့ရာ မလေးရှားအသင်းက ချေပဂိုးပြန်လည်ရရှိရေးနှင့် မြန်မာအသင်းက အနိုင်ဂိုးများ ထပ်မံသွင်းယူနိုင်ရေးတို့ အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစား၍ ပထမပိုင်း ၄၅ မိနစ်အပြီး အချိန်ပို ၅ မိနစ် အထိ ဆက်လက်ယှဉ်ပြိုင် ကစားခဲ့သည်။
ဆက်လက်၍ ဒုတိယပိုင်း ၄၅ မိနစ်ကို ယှဉ်ပြိုင်ကစားကြရာ ၆၅ မိနစ် ၄ စက္ကန့်တွင် မြန်မာအသင်းမှ ကျောနံပါတ် ၇ ဝင်းသိင်္ဂီထွန်း က မြန်မာအသင်းအတွက် တတိယမြောက် အနိုင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်းက မလေးရှား အသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
မြန်မာအမျိုးသမီးဘောလုံးအသင်းသည် အမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စု(ခ)တွင် ဖိလစ်ပိုင်၊ မလေးရှားနှင့် ဗီယက်နမ်အသင်းတို့နှင့် အုပ်စုအတူကျရောက်ပြီး မြန်မာအသင်း အနေဖြင့် ဒီဇင်ဘာ ၅ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဂိုး-တစ်ဂိုး ဖြင့်လည်းကောင်း၊ ယနေ့ ဒီဇင်ဘာ ၈ ရက်တွင် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားမှု တွင် သုံးဂိုးပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပြီး ဒီဇင်ဘာ ၁၁ ရက်တွင် မြန်မာ အသင်း၏ တတိယပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင် ကစားရ မည်ဖြစ် ကြောင်း သတင်းရရှိသည်။


