တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)မှ  တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ဘိုကလေးမြို့နယ်နှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ  ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၈ ရက်

Monday, December 8, 2025 - 16:00

တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)မှ  တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ဘိုကလေးမြို့နယ်နှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ  ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၈ ရက်

တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)၊မြစ်ရေယာဉ်(စကု)တို့နှင့်အတူ ဘိုကလေးမြို့နယ်သို့ ရောက်နေသည့်  တပ်မ‌တော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များ ပါဝင်သော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည်  ယနေ့နံနက်ပိုင်းတွင် ဘိုကလေး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ အခြေပြု၍ ဒေသခံပြည်သူ ၇၃၃ ဦး အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာ ဆေးကုသမှုဆိုင်ရာရောဂါ ၂၀၃ ဦး၊ ခွဲစိတ်ရောဂါ ၂၂ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၉ ဦး၊ ကလေးရောဂါ ၁၆ ဦး၊ အရိုးရောဂါ ၂၁၅ ဦး၊  နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ  ၅၅ ဦး၊ မျက်စိရောဂါ ၁၅၁ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၄၂ ဦး၊ စုစုပေါင်းဒေသခံပြည်သူ ၇၃၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။ ၄င်းတို့အနက်    အထွေထွေခွဲစိတ်လူနာ ၇ ဦး၊ မျက်စိခွဲစိတ်လူနာ ၄ ဦး၊ သွားနုတ်/သွားဖာ ၂၂ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၂၁ ဦး၊ Ultrasound စက်ဖြင့် စမ်းသပ်စစ်ဆေး လူနာ ၃၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၁ ဦး တို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက် ပေးကြသည်။

 အဆိုပါ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် ရောက်ရှိနေခြင်းဖြစ်ပြီး ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိရပါသည် -

ရွှေပုဇွန်ဆေးကု အင်တာဗျူး

၁။      အဘနာမည်က ဦးသိန်းထောင်ပါ။ အသက် ၈၅နှစ် ရှိပြီ။ အခုပါရဂူကြီးတွေ ကိုယ်တိုင် လာပြီးတော့ ပရဟိတကုသပေးတာ တစ်ခါမှမတွေ့ခဲ့ဖူးဘူး။ အဘခြေထောက်ကတော့ ကုမရတော့ဘူးတွက်တာ။ အခုကတော့ အဘကတော်တော် ဝမ်းသာပါတယ်။ ဘယ်လို ဝမ်းသာမှန်းကိုမသိဘူး။ ကျေးဇူးတင်ပါတယ်။ အဘပြောရင်းနဲ့တောင် မျက်ရည်ကျမိ ပါတယ်။ ဝမ်းသာတာ ဝမ်းသာတာ ဒီလိုကုပေးတယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး။ တွေ့လည်းမတွေ့ဖူးဘူး။ ဒီနေ့လက်တွေ့ကုသ ဖူးခဲ့ပါပြီ။

၂။       အန်တီကတော့ ခင်မိုးမိုးအေးလို့ ခေါ်ပါတယ်။ အခုလက်ကို အဆီကြိတ်လာပြတာပါ။ ဆရာဝန်ကြီးတွေကလည်း သေသေချာချာ အန်တီကိုလေ ခွဲစိတ်ကုသပေးပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ တော်တော်ကြာပါပြီ။ တစ်နှစ်နီးပါးလောက်တော့ ရှိပြီပေါ့နော်။ ဒီမှာပြတာအကုန်လုံး သက်သာတယ်။ လူအင်အားလည်းသက်သာတယ်။ ငွေရေး ကြေးရေးလည်း သက်သာတယ်။  အသွားအလာ ခရီးစရိတ်လည်း သက်သာတယ်။ အားလုံး အဆင်ပြေပါတယ်။ လာရောက်ပြီးတော့ ကုသပေးတဲ့ ဆရာဝန်ကြီးတွေလည်း ကျန်းမာ ချမ်းသာပြီး အန္တရာယ်ကင်း ဘေးကင်းပါစေ၊ ရာထူးတွေလည်း တိုးတက်ပါစေ၊ အန်တီ ဆုတောင်းမေတ္တာပို့ပါတယ်။ ကျန်တဲ့ ခုနှစ်ရက်သားသမီးတွေလည်း လာပြီးပြစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ဝမ်းသာပါတယ်။ နောင်လည်းအခုလိုမျိုး လာရောက်ပြီးတော့ ကုသ ပေးနိုင်ဖို့ ဖိတ်ခေါ်ကြိုဆိုပါတယ်။