တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပြီး ပြန်လည်ရောက်ရှိ

Sunday, December 7, 2025 - 15:30

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပြီး ပြန်လည်ရောက်ရှိ

နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၇

တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ဆေးမှူးများနှင့်သူနာပြုများ ပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ များအား နိုဝင်ဘာလ ၁၈ ရက်မှ ဒီဇင်ဘာလ ၆ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၂)ရေတပ်ဆိပ်ခံတံတား(သီလဝါ)သို့ ပြန်လည်ရောက်ရှိလာရာသန်လျင်တပ်နယ်မှ ဗိုလ်မှူးချုပ် သိန်းထူး ဦးဆောင်သော တပ်မတော်(ရေ) မှအရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။

          အဆိုပါ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ အထူးကုဆေးအဖွဲ့များသည် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်အနီးတစ်ဝိုက်ဒေသများနှင့် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နှင့်ချောင်းဝကျေးရွာ၊ ကျုံကူးကျေးရွာအနီးဝန်းကျင်ကျေးရွာများ၊ ငရုတ်ကောင်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက် မှုဆိုင်ရာဆောင်ရွက်ပေးမှုအနေဖြင့် ဆေးကုသမှုဆိုင်ရာရောဂါ ၁၈၃၁ ဦး၊ ခွဲစိတ်ရောဂါ ၆၉၇ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၃၀ ဦး၊ ကလေးရောဂါ ၃၈၃ ဦး၊ အရိုးရောဂါ ၁၀၉၂ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၀၀ ဦး၊ မျက်စိရောဂါ ၁၂၉၅ ဦး နှင့် သွားနှင့်ခံတွင်းရောဂါ ၉၄၄ ဦး စုစုပေါင်း ဒေသခံပြည်သူ ၆၈၃၆ ဦး တို့ကိုလိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက်ပေးနိုင်ခဲ့ပြီး၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၈၈ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၄၅ ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ် ကုသမှုများဆောင်ရွက်ပေးခဲ့သည်။

          ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၁၆၀ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၈၃၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၆၃၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၆၆ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ်ကုသပေးခြင်းများဆောင်ရွက်ပေးနိုင်ခဲ့ကာ ကိုယ်ဝန်ဆောင်မိခင် ၅ ဦးအား အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော ဒေသခံပြည်သူ ၃ ဦးတို့ကို လည်း သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။

          တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ် ကမ်းရိုးတန်းဒေသများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယခုခရီးစဉ်သည် (၁၉) ကြိမ်မြောက်ဖြစ်ပြီး ဒေသခံ ပြည်သူစုစုပေါင်း ၁၇၀၄၈၂ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည့်ခရီးစဉ်များ အတွင်းကိုယ်ဝန်ဆောင်မိခင် ၂၇ ဦးတို့အားအောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။