နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအား တွေ့ဆုံအမှာစကားပြောကြား   နေပြည်တော်၊  ဒီဇင်ဘာ - ၆

Sunday, December 7, 2025 - 03:00

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအား တွေ့ဆုံ အမှာစကားပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး ထိန်ဝင်း နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ် ကြီး ထွန်းအောင် နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများ တက်ရောက်ကြသည်။

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဘက်ပေါင်းစုံမှ စဉ်းစား၍ စီမံဆောင်ရွက်ပေးလျက်ရှိ

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအား လိုအပ်သည်များကို မှာကြားနိုင်ရန် တွေ့ဆုံခြင်းဖြစ် ကြောင်း၊ ပြင်ဦးလွင်မြို့သည် ခေတ်ကာလများစွာကတည်းက တည်ရှိခဲ့သည့်မြို့ဖြစ်ပြီး တောင်လှေကားမြို့၊ ပန်းမြို့တော်၊ ချယ်ရီမြို့တော် စသည်ဖြင့် တင်စားခေါ်ဝေါ်ကြ ကြောင်း၊ ခေတ်အဆက်ဆက်တာဝန်ရှိများအနေဖြင့်လည်း မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းများ နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသည်ကိုတွေ့ရှိရ ကြောင်း၊ အောင်မြင်မှုများရှိခဲ့သကဲ့သို့ အားနည်းချက်များလည်းရှိကြောင်း၊ တပ်မတော် အနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြကြောင်း၊ ကော်ဖီမြို့ တော်ဖြစ်စေရေးအတွက် နိုင်ငံတော်အဆင့်စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ကော်ဖီစိုက် ပျိုးရန်အတွက် ခွင့်ပြုပေးထားသည့် စိုက်ပျိုးမြေများအသုံးချမှုကို စည်းကမ်းနှင့်အညီ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန်အားနည်းချက်များကြောင့် ကော်ဖီ စိုက်ပျိုးမှုများမှာ ထိုက်သင့်သလောက် တိုးတက်မှုမရှိခဲ့သည်ကို တွေ့မြင်ရကြောင်း၊ ပြင်ဦးလွင်ဒေသမှ ထွက်ရှိသည့် အာရေးဗီးကားကော်ဖီသည် ပြည်ပဈေးကွက်ဝင်ကော်ဖီအမျိုးအစား တစ်ခုဖြစ်ကြောင်း၊ သို့သော်လည်း ဈေးကွက်လိုအပ်ချက်ပြည့်မီအောင် စိုက်ပျိုး ထုတ် လုပ်နိုင်ခြင်းမရှိသည်မှာ မိမိတို့အလုပ်လုပ်ရန်လိုအပ်နေမှုကိုပြသခြင်းပင်ဖြစ်ကြောင်း။

ပန်းမြို့တော်နှင့်ပတ်သက်၍ ပြင်ဦးလွင်မြို့သည် ရေခံမြေခံကောင်းများကို ပိုင်ဆိုင်ထားသည့်ဒေသဖြစ်ခုဖြစ်ပြီးမေမြို့ပန်း၊ ဂန္ဓမာပန်းနှင့် သစ္စာပန်းများ အပါအဝင် အခြားပန်းမျိုးများစွာ စိုက်ပျိုးဖြစ်ထွန်းကြောင်း၊ ပန်းပြပွဲများ၊ ပန်းပွဲတော်များ ကျင်းပ ပြုလုပ်နေရုံဖြင့် မလုံလောက်ဘဲ ဒေသမှ ထွက်ရှိသည့် ပန်းမျိုးများကို ဒေသတွင်း နိုင်ငံများနှင့် ကမ္ဘာ့ဈေးကွက်သို့ ဖြန့်ချိနိုင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသနှင့် နိုင်ငံအတွက် များစွာ အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း၊ သစ်သီးဝလံများနှင့် ပတ် သက်၍လည်း စိုက်ပျိုးဖြစ်ထွန်းသည့် ဒေသတစ်ခုဖြစ်သဖြင့် ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် ဒေသ၏ အရင်းအမြစ်ကောင်းများကို အကျိုးရှိရှိအသုံးချနိုင်ရန်လို ကြောင်း။

ပညာရေးမြို့တော်နှင့် ပတ်သက်၍ ပြင်ဦးလွင်မြို့သည် အစဉ်အလာကောင်းရှိ သည့် မြို့တစ်မြို့ဖြစ်ပြီး ရာသီဥတုသာယာပြီး အေးချမ်းစွာပညာသင်ကြားနိုင်ရေးကို အထောက်အကူဖြစ်စေ၍ ပညာရေးကို အားပေးမြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ ပုဂ္ဂလိကကျောင်းများ များစွာဖွင့်လှစ်သင်ကြားလျက်ရှိသည်ကိုလည်းတွေ့ရှိ ရပြီး ပုဂ္ဂလိကကျောင်းများအနေဖြင့် အောင်ချက်ကောင်းရုံသာ ဦးတည် ဆောင်ရွက် ခြင်းမျိုးမပြုလုပ်ဘဲ ကျောင်းသား၊ ကျောင်းသူများအား အမှန်တကယ် ပညာတတ် မြောက်အောင်သင်ကြားပေးသည့်ကျောင်းများ ဖြစ်စေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေလိုဘဲ စည်းကမ်းစနစ်တကျ ဖြင့် နိုင်ငံတော်၏ ပညာရေးမြှင့်တင်မှုအခန်းကဏ္ဍကို အထောက်အပံ့ကောင်းများ ဖြစ် ကြရန်လိုကြောင်း၊ ပြင်ဦးလွင်တစ်ဝိုက်၌ အဆင့်မြင့်တက္ကသိုလ်များရှိနေခြင်းသည် ပညာရေးမြို့တော်အဖြစ်ဆောင်ရွက်ရေး အခြေခံကောင်းတစ်ခုပင်ဖြစ်ကြောင်း။

ကျန်းမာရေးမြို့တော်ဖြစ်စေရေးနှင့်ပတ်သက်၍ ပြင်ဦးလွင်ဒေသသည် သာယာ အေးမြပြီး စိမ်းလန်းစိုပြေသည့်ရာသီဥတုရှိပြီး အပန်းဖြေအနားယူရန်ကောင်းမွန်သည့် သည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့်မြို့တော် ဖြစ်စေရေးအတွက် လည်း ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုကောင်းမွန်စွာ ပေးနိုင်သည့် ခေတ်မီဆေးရုံကြီးများဖြစ်ပေါ်လာရေးအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘက်ပေါင်းစုံမှစဉ်းစား၍ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသခံများ အနေဖြင့်လည်း မိမိတို့ဒေသအမှန်တကယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥစ္စာရင်းလို၊ ဥစ္စာ ရင်းခဲ ဖြင့် ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မကြာမီကာလအတွင်း ပြင်ဦး လွင်မြို့တွင် သုမင်္ဂလာအဆင့်မြင့်ဈေးသစ်ကြီးကို အဆင့်မီစွာ ဖွင့်လှစ်ပေးနိုင်တော့ မည်ဖြစ်ကြောင်း၊ အလားတူ ပြင်ဦးလွင်မြို့၊ မြို့မဈေးကြီးကိုလည်း မြို့ပြအဆင့်မီစွာ ဖြင့် အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ပြင်ဦးလွင်ဘူတာကြီး အနီး၌လည်း မီးရထားဟိုတယ်နှင့် အဆင့်မြင့်ဈေးသစ်ကြီးတစ်ခုကို အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်သို့ လာရောက်လည်ပတ်သည့် ခရီးသွားများ အဆင်ပြေစွာ တည်းခိုနိုင်ရေး တည်းခိုသည့်နေရာများကိုပါ ထည့်သွင်း တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ အခြားသော မြို့ပြအဆင့်မြှင့်တင်မှုစီမံကိန်း များကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြင်ဦးလွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်နေထိုင်ကြသည့် ဒေသခံများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများအနေဖြင့်လည်း မိမိတို့တတ် စွမ်းသည့်ဘက်မှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး

နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲပြောင်းလဲမှုများနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများကို ဆောင်ရွက်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံ့တာဝန်များ ကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်အား ဒီမိုကရေစီလမ်း ကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့်ဆက်လက်လျှောက်လှမ်းနိုင်ရေး ထိန်းသိမ်းဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေရသည့် ကာလ အတွင်း နိုင်ငံတော်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးပဋိပက္ခများ၊ လက်နက်ကိုင်အကြမ်းဖက်မှု များ၊ ကပ်ရောဂါနှင့် သဘာဝဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့ခဲ့ရမှုများ စသည့် အခက် အခဲ၊အကြပ်အတည်းမျိုးစုံကို သစ္စာရှိနိုင်ငံ့ဝန်ထမ်းများ၊ တည်ငြိမ်အေးချမ်းမှုကိုလိုလား သည့် ပြည်သူများ၊ မိတ်ဖက်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အရေးအကြီးဆုံးဖြစ် သည့်အတွက် မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ်ကို အောင်မြင် စွာကျင်းပပေးနိုင်ရေး လိုအပ်သည့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများအားလုံးကို အောင်မြင်စွာဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ယခု ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရွေး ကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အပိုင်းသုံးပိုင်းခွဲ၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ပထမ ပိုင်း ပြုလုပ်ပြီး ၂ ပတ်ကြာချိန်တွင် ဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ဒုတိယပိုင်းကျင်းပပြီး ၂ ပတ်ကြာချိန် တွင် တတိယပိုင်းကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုံခြုံရေးပိုင်းဆိုင်ရာများအတွက် တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့လုံခြုံ ရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်အထမြောက်စေရေးအတွက် မဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ကြ ရန်လိုကြောင်း၊ ဆန္ဒမဲများပေးရာတွင် တိုင်းပြည်နှင့်ဒေသ အကျိုးကို ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေး အမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအမြင် ရှိသူများကို ရွေး ချယ် ၍ဆန္ဒမဲပေးကြရန်လိုကြောင်း၊  ရွေးကောက်ပွဲကျင်းပပြုလုပ်ရာတွင် မဲမသမာမှု များ လုပ်ဆောင်၍ မရနိုင်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များဖြင့် မဲပေးနိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် မဲမသမာမှုမဖြစ်စေရေးနှင့် ဆန္ဒမဲများပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ မဲစာရင်းများကို ထုတ်ပြန် လျက်ရှိပြီး နှစ်ကြိမ်ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ ဆက်လက်၍ တတိယအကြိမ် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ မဲစာရင်းပါရှိသူများအားလုံး လွတ်လပ်စွာဖြင့် လုံခြုံ စွာ မဲပေးနိုင်ရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

 

တပ်မတော်ပိုင်းဆိုင်ရာ

တပ်မတော်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ တပ်မ‌တော်၏အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်ဖြစ်သော်လည်း ခေတ်အဆက် ဆက်တွင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ ပြည်တွင်းသောင်းကျန်းမှုနှိမ်နှင်းရေး အခန်းကဏ္ဍတွင်လည်း ပါဝင်နေရခြင်းဖြစ်ကြောင်း၊ လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ်နေ သည့် လက်နက်ကိုင်အကြိမ်းဖက်မှုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ ဝင်များ အတူတကွပူးပေါင်း၍ တိုက်ဖျက်ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော် အား အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလည်း ပြုပြင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်သားများ ရုပ်ပိုင်းစိတ်ပိုင်း ဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုရှိစေရေး၊ ရဲစွမ်းသတ္တိရှိစေရေး၊ စစ်လက်နက်နှင့် စစ်နည်း ဗျူဟာများ ကျွမ်းကျင်မှုရှိစေရေး “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့် မူဝါဒ ချမှတ်၍ ဆောင်ရွက်စေလျက်ရှိကြောင်း၊ စဉ်ဆက်မပြတ် ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများနှင့် မျက်ခြည်မပြတ်စေရေး အမြဲမပြတ်လေ့လာနေရမည်၊ သင်ယူတတ် မြောက်ပြီးဖြစ်သည့် စစ်မှုရေးရာနည်းနာများနှင့် စစ်အတတ်ပညာများကို ပိုမိုကျွမ်းကျင် ပိုင်နိုင်အောင် အမြဲလေ့ကျင့်နေရမည်၊ ချမှတ်ထားရှိသည့် စည်းမျဉ်းစည်း ကမ်းများ၊ အမိန့်များကို အမြဲလိုက်နာကျင့်သုံးနေရမည်ဖြစ်ကြောင်း၊ စစ်သည်တိုင်း တစ်ဦးချင်း စစ်စည်းကမ်းကောင်းမွန်ပြီး အုပ်ချုပ်ထောက်ပံ့မှုများ ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက စိတ်ဓာတ်ပိုင်းဆိုင်ရာသည်လည်း ကောင်းမွန်ခိုင်မြဲလာ မည်ဖြစ်သဖြင့် အုပ်ချုပ်မှုညီညွတ်မျှတကောင်းမွန်ရေးကို အလေးထားလိုက်နာ ဆောင်ရွက်သွားရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် စစ်သည်အဆင့်အတန်းအားလုံး ၏ နေရေး၊ စားရေး၊ ဝတ်ရေး တို့အပါအဝင် ရသင့်ရထိုက်သည့်ခံစားခွင့်များ အားလုံး ရရှိစေရေး ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ စစ်သည် တစ်ဦးချင်းအနေဖြင့်လည်း မိမိကိုယ်ကို အကျိုးမဖြစ်စေနိုင်သည့် အသောက်အစား၊ အပျော်အပါးနှင့် အစား အသောက်များကို ကိုယ်စီအသိစိတ်ဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ မိမိတို့ရရှိသည့် ဝင်ငွေနှင့် ထွက်ငွေကို မျှတအောင် သုံးစွဲခြင်းဖြင့် သက်သာချောင်ချိမှုကို ဖန်တီးနိုင်မည်ဖြစ်ပြီး ဝင်ငွေနှင့် ထွက်ငွေမျှတမှု ရှိစေရေး အသုံးနှင့် အဖြုန်းကို ခွဲခြားသိရှိဆောင်ရွက်ကြစေလိုကြောင်း။

ပြည်တွင်းကုန်ထုတ်လုပ်မှုအားပေးဆောင်ရွက်ကြရန်လိုအပ်မှု

ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့်ပတ်သက်၍ ယခင်ကတည်းက မိမိတို့နိုင်ငံတွင် ကုန်ထုတ်လုပ်မှုနည်းပါးပြီး သယံဇာတပစ္စည်းများကို ရောင်းချ၍ နိုင်ငံတော်အတွက် လိုအပ်သည့် ငွေကြေးများကို ရယူသုံးစွဲခဲ့ကြောင်း၊ ခေတ်အဆက်ဆက်တွင် လယ်ယာ ထွက်ကုန် ပစ္စည်းများထွက်ရှိမှုမှာ စာရင်းအရကွာခြားချက်များရှိကြောင်း၊ မိမိတို့ နိုင်ငံတွင်ဆီထွက်သီးနှံများလည်းထွက်ရှိပြီး ပြည်တွင်းဆီဖူလုံမှုရှိစေရေး ဆီထွက်သီးနှံ များ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကုန်ထုတ်လုပ် မှုများရှိမှသာ ပြည်ပပို့ကုန်များရရှိမည်ဖြစ်ပြီး နိုင်ငံခြားငွေများရရှိကာ ကုန်သွယ်မှုပိုငွေ များရရှိမည်ဖြစ်ကြောင်း၊ ယခင်ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင် နိုင်ငံတော် အနေ ဖြင့် ကုန်သွယ်မှုလိုငွေများ ရှိခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့ တာဝန်ယူဆောင်ရွက်ချိန် တွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခဲ့ပြီး ပြည်တွင်းကုန်ထုတ်လုပ် မှုကိုအားပေးခဲ့ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဖွဲ့စည်းပြီးချိန်တွင် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းစို့” ဟူသည့် ဆောင်ပုဒ်များကိုချမှတ်ထားကြောင်း၊ ဒေသတစ်ခု၊ နိုင်ငံ တစ်ခုအနေဖြင့် အလုပ်လုပ်ကိုင်မှသာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ကုန်ထုတ် လုပ်မှုလုပ်ငန်းအားပေးဆောင်ရွက်ခြင်းသည် ပုဂ္ဂလိကနှင့် နိုင်ငံတော်အတွက် အကျိုးရှိ သည့်လုပ်ငန်းဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အတတ်ပညာများလိုအပ်ပြီး အတတ်ပညာရှိရန်အတွက် အတန်းပညာများမြင့်မားရန် လိုအပ်သဖြင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရအနေဖြင့် ကြိုး ပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

တပ်မတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေမှု

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ တွင် ခေတ်အဆက်ဆက်သမိုင်းကြောင်းများအရပါဝင်ခဲ့ရကြောင်း၊ သမိုင်းကြောင်းအရ၊ ဖြစ်ပေါ်နေသည့်အခြေအနေများအရ တပ်မတော်အနေဖြင့် နိုင်ငံရေးဦးဆောင်မှုအခန်း ကဏ္ဍတွင် ဆက်လက်ပါဝင်နေရဦးမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဒီမိုကရေစီစနစ် များထွန်းကားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိသည့်အချိန်တွင် တပ်မ တော်အနေဖြင့် လွှတ်တော်တွင်ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မည်ဖြစ် ကြောင်း၊ လက်ရှိအချိန်တွင် တပ်မတော်အနေဖြင့်နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေရခြင်းကြောင့် လုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့်စနစ်တကျ လုပ်ကိုင် ဆောင် ရွက်သွားကြရန်လိုကြောင်း။

တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ခံစားခွင့်များနှင့် ရသင့်ရထိုက်သည် များအား ပြည့်ဝစွာရရှိရေး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ

တပ်မတော်သားများ၏ ခံစားခွင့်များနှင့်ပတ်သက်၍ မိမိ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ချိန်တွင် ပါရဂူဘွဲ့များနှင့် မဟာဘွဲ့ရရှိသူများအား ခံစားခွင့်များတိုးမြှင့်ဆောင်ရွက်ပေးခဲ့ကြောင်း၊ အလားတူ ၂၀၂၁ ခုနှစ်မှစ၍ နိုင်ငံတော် တာဝန်များကိုထမ်းဆောင်ခဲ့ရချိန်တွင် ပညာရေးဌာန၊ ကျန်းမာရေးဌာနနှင့် အခြားဌာန များရှိ တာဝန်ထမ်းဆောင်နေသူများကို သက်ဆိုင်ရာပညာရပ်များအလိုက် ခံစားခွင့် များ ရရှိအောင် ဆောင်ရွက်ပေးခဲ့ကြောင်း၊ မိမိအနေဖြင့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၏ သက်စွန့်ဆံဖျားစရိတ်ကို မြှင့်တင်ဆောင်ရွက်ပေး ခဲ့သကဲ့သို့ နိုင်ငံ့ဝန်ထမ်း များအတွက်လည်း ထောက်ပံ့ကြေးများ တိုးမြှင့်ပေးခဲ့ကြောင်း၊ တပ်မတော်သားများ၏ စားရေရိက္ခာများ ပြည့်ဝစွာရရှိရေး၊ နေထိုင်မှုနှင့် ဝတ်ဆင်မှုများ အဆင့်မီကောင်းမွန် စေရေး တို့အတွက်ကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြောင်း။  

တပ်မတော်သားများ၏ ပညာရည်မြှင့်တင်ရေးပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ ပညာဆိုသည်မှာ သင်ကြားနေရုံဖြင့်မပြီးပဲ မိမိတို့အတွက် ဗဟုသုတအသိဉာဏ်ပညာများ ကိုရရှိစေနိုင်သည့် သုတ၊ ရသ စာအုပ်စာစောင်များကို စဉ်ဆက်မပြတ်ဖတ်ရှုလေ့လာ ခြင်း၊ မှတ်သားခြင်း၊ လက်တွေ့အသုံးချခြင်း၊ အခြားသောသူများကို မျှဝေခြင်း တို့ကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိမိတို့ဘဝအတွက် များစွာ အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း၊  အလားတူ မိမိတို့၏ သားသမီးများ၏ ပညာရည်မြင့်မားရေးအတွက်လည်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ တပ်မတော် အနေဖြင့် တပ်မတော်သား မိသားစုဝင် သားသမီးများအား ပညာရည်မြှင့်တင်ရေး အတွက် ခေတ်အဆက်ဆက်အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထူးချွန် သည့်တပ်မတော်သားမိသားစုဝင်ကျောင်းသား၊ ကျောင်းသူများအား ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးများစေလွှတ်ပေးလျက်ရှိသကဲ့သို့အခြားသော ချီးမြှင့်ထောက်ပံ့မှုများကို လည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိဘများအနေဖြင့်လည်း မိမိတို့၏ သားသမီး များ၏ ပညာရည်မြင့်မားရေးကို အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ အားလုံးအနေဖြင့် စည်းလုံး ညီညွတ်စွာနေထိုင် ကြရန် လိုပြီး နိုင်ငံတော်နှင့် တပ်မတော်မှ ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်း ဆောင်ကြရန်လိုကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်အကျိုးကို မိမိတို့တတ်စွမ်းသည့် အခန်းကဏ္ဍမှ ပါဝင်အားဖြည့်ဆောင်ရွက်၍ နိုင်ငံတော်နှင့် တပ်မတော်မှ အားကိုးအား ထားရသူများဖြစ်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် မှာ ကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များအား မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။