ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်၊ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်

Wednesday, December 3, 2025 - 16:15

ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေး(ဒုတိယအကြိမ်)ကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ မလိခခန်းမ၌ ပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်‌ အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်/ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က အဖွင့်အမှာစကားများပြောကြားသည်။ ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက်ဆောင်ရွက်ချက်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်က စစ်ဆေးတွေ့ရှိချက်များအပေါ် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြဆွေးနွေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့မှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲပေးခြင်းသည် နိုင်ငံသားများ၏ အမျိုးသား‌ရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိရေး၊ အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ဒေသခံပြည်သူများ မဲစာရင်းမှန်ကန်စေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်သူများ မကျန်ရှိစေရေးအတွက် ရပ်ကွက်နှင့်ကျေးရွာများ အလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိရေးအတွက် မြေပြင်တစ်အိမ်တက်တစ်အိမ်ဆင်း၍ လိုက်လံကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ ရေအေးကွင်းရပ်ကွက်၊ မင်္ဂလာဦးရပ်ကွက် နှင့် ညောင်ဖြူစခန်းရပ်ကွက်တို့၌လည်းကောင်း  နန့်စန်မြို့ရှိ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်နှင့် အမှတ်(၄) ရပ်ကွက်တို့၌လည်းကောင်း၊ ခိုလမ်မြို့ရှိ အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်များတို့၌လည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။