KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၂၉၃ လုံး ဖြိုချဖျက်ဆီးပြီးစီး၊ ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ ၁၆၁ လုံး ချိပ်ပိတ်သိမ်းဆည်းပြီးဖြစ် နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၃

Wednesday, December 3, 2025 - 16:00

မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်း ကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် မြဝတီ-မဲထော်သလေး (KK Park) နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် ဒေသတွင်း တာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် တရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းစဉ်များတွင်အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရား မဝင် အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းနှင့် ချိပ်ပိတ်သိမ်းဆည်းခြင်း များ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ ၂၉၃ ကို စနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီး ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ ၁၆၁ လုံးကို ချိပ်ပိတ်သိမ်းဆည်းခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ယနေ့တွင် မြဝတီ-မဲထော်သလေး (KK Park) အပိုင်း () နယ်မြေအတွင်းရှိ တရား မဝင်အဆောက်အအုံများဖြစ်သော ၂ ထပ်အဆောက်အအုံ ၂ လုံး၊ ၃ ထပ်အဆောက်အအုံ ၁ လုံး၊ ၄ ထပ်အဆောက်အအုံ ၂ လုံး၊ စုစုပေါင်း တရားမဝင်အဆောက်အအုံ ၅ လုံးကို ထပ်မံဖြို ချဖျက်ဆီးခဲ့သဖြင့် အပိုင်း()နယ်မြေအတွင်းရှိ အဆောက်အအုံ ၄၂၅ လုံးအနက် ယနေ့အထိ ၁၄၅ လုံး ဖြိုချဖျက်ဆီးခဲ့ကြောင်းနှင့် KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၂၉၃ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်မှုများလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံများကို နိုဝင်ဘာ ၁၈ ရက်မှ စတင်စစ်ဆေးခဲ့ရာ ယနေ့ အထိ အဆောက်အအုံ ၃၈၃ လုံးကို စစ်ဆေးနိုင်ခဲ့ပြီး ၎င်းတို့အနက် အွန်လိုင်းလိမ်လည်မှု နှင့် လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်ခဲ့သည့် အဆောက်အအုံ ၁၆၉ လုံးကို စစ်ဆေး တွေ့ရှိရကြောင်း၊ အဆိုပါအဆောက်အအုံများအား ပြန်လည်အသုံးချမှု မရှိစေရေးအတွက် ချိပ်ပိတ်သိမ်းဆည်းခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ တရားမဝင် အဆောက် အအုံ ၁၆၁ လုံးကို ချိပ်ပိတ်သိမ်းဆည်းခြင်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် အဆိုပါ တရားမဝင်အဆောက်အအုံများအနက် ယနေ့တွင် ဟုံထု ၁၃ ထပ် အဆောက်အအုံ ၁ လုံးကို စတင်၍ စနစ်တကျဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။

ရွှေကုက္ကိုလ် နယ်မြေအတွင်း စုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုများအရ ယနေ့အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၉၅၄ ဦးနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူ တာ ၃၃၁၀ လုံး၊ မိုဘိုင်းဖုန်း ၂၁၈၇၀ လုံး၊ star Link ဘန်း ၁၀၂ လုံး၊ Router ၂၂ လုံးနှင့် လုပ်ငန်းသုံး ပစ္စည်းအများအပြားကို စိစစ်တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး သိမ်းဆည်းရမိပစ္စည်းများ အား စနစ်တကျဖျက်ဆီးရှင်းလင်းခဲ့ကြောင်းနှင့် ဖော်ထုတ်ရှင်းလင်းခြင်းများကိုဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလောင်းကစားမှု များ၊ အွန်လိုင်းလိမ်လည်မှုများ  အပါအဝင်  ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ် နိုင်ငံသား ၂၉၃ ဦး၊  အီသီယိုးပီးယားနိုင်ငံသား ၅၆ ဦးနှင့် ပါကစ္စတန်နိုင်ငံသား ၁၁ ဦး၊  စုစုပေါင်း ပြည်ပနိုင်ငံသား ၃၆၀ ဦးတို့ကို ယနေ့တွင် မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှ တစ်ဆင့်သက်ဆိုင်ရာနိုင်ငံများသို့  လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံ လွှဲပြောင်းပေးအပ်သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဒီဇင်ဘာလ ၃ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂၉၄၅ ဦး ထိန်းသိမ်းနိုင် ခဲ့ကြောင်း၊ ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၀၉၆၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ် တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၉၈၄ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိကြောင်း သိရှိရသည်။

 နိုင်ငံတော်အစိုးရအနေဖြင့် Online လိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝ အခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။