စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၇) သင်တန်းဆင်းပွဲအခမ်းအနားတွင်နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ပြောကြားသည့်မိန့်ခွန်း

Wednesday, December 3, 2025 - 16:00

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၇) သင်တန်းဆင်းပွဲအခမ်းအနားတွင်နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ပြောကြားသည့်မိန့်ခွန်း

ရဲဘော်တို့

            ဒီနေ့ဟာ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၇)ရဲ့ သင်တန်းဆင်းတဲ့နေ့ ဖြစ်သလို အမိစစ်တက္ကသိုလ်မှာစာပေပညာ၊ စစ်ပညာတွေကို သင်ကြားတတ်မြောက်ခဲ့ပြီးဖြစ်လို့ ရဲဘော်တို့ကို တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးမှာ ခေါင်းဆောင်ငယ်တွေအဖြစ် တပ်မတော်က စတင်တာဝန်ပေးအပ်တဲ့နေ့လည်းဖြစ်တယ်။ ဒါကြောင့် ဒီနေ့ဟာ ရဲဘော်တို့အတွက် ဘဝမှတ်တိုင်သစ် စိုက်ထူနိုင်တဲ့နေ့ဖြစ်တဲ့အပြင် နိုင်ငံတော်နဲ့ တပ်မတော် အတွက်လည်း ခွန်အားသစ်တွေ တိုးပွားတဲ့ နေ့ထူး နေ့မြတ်ဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ ပြောကြား လိုတယ်။

ရဲဘော်တို့

            အမိစစ်တက္ကသိုလ်ကြီးကနေ “တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့်အရာရှိကောင်းများ မွေးထုတ် ပေးရန်” ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ ရဲဘော်တို့ကို တပ်မတော်ရဲ့ခေါင်းဆောင်ငယ်များအဖြစ် မွေးထုတ် ပေးခဲ့ပြီးဖြစ်တယ်။ဒီလိုကောင်းမွန်တဲ့ ရည်ရွယ်ချက် တွေနဲ့ မွေးဖွားလာတဲ့ ရဲဘော်တို့ဟာ တာဝန်ကျရာ တပ်အသီးသီးမှာ ပေးအပ်လာတဲ့ တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ရင်း “သစ္စာ၊ သူရ၊ သိပ္ပ” အရာမှာ စံတင်ဂုဏ်ပြုထိုက်သူများ ဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြား လိုတယ်။

ရဲဘော်တို့ 

            တပ်မတော်ရဲ့ အဓိကလုပ်ငန်းကြီး ၃ ခုကို စတင်ထမ်းဆောင်ကြရတော့မယ့် ရဲဘော်တို့ဟာ ခေါင်းဆောင်မှုပညာရပ်ကိုလည်း နားလည်တတ်ကျွမ်း ထားဖို့လိုအပ်တယ်။ ခေါင်းဆောင်မှုဆိုတာ မွေးရာပါ အရည်အချင်းမဟုတ်ဘဲ ကိုယ်တိုင် လေ့လာ၊ ကျင့်ကြံ၊ ကြိုးစားအားထုတ်ပြီး ရယူရတာဖြစ်လို့ ရဲဘော်တို့အနေနဲ့ တပ်မတော်မှာပြဋ္ဌာန်းထားတဲ့ ခေါင်းဆောင်မှု အင်္ဂါရပ်(၁၆)ရပ်နဲ့ ကိုက်ညီအောင် ကိုယ်တိုင်ကြိုးစား လုပ်ဆောင်သွားကြရမှာ ဖြစ်တယ်။ အထူးသဖြင့် ခေါင်းဆောင်လုပ်သူဟာ လက်အောက် ငယ်သားတွေရဲ့ စိတ်ဓာတ်နဲ့စွမ်းရည်ကို စနစ်တကျ စုစည်းပြီး ပေးအပ်လာတဲ့ ရည်မှန်းချက်တာဝန်တွေ ကို အောင်မြင်အောင် ထမ်းဆောင်ကြရမှာ ဖြစ်တာ ကြောင့် ရဲဘော်တို့အနေနဲ့ မိမိခေါင်းဆောင်ရတဲ့ အဖွဲ့အစည်းကို အမြဲစည်းလုံး ညီညွတ်မှုရှိနေအောင် ဆောင်ရွက်ကြရမှာဖြစ်တယ်။

            အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ တပ်ဖွဲ့ဝင် တစ်ဦးချင်းစီရဲ့ စိတ်နေသဘောထား၊ လုပ်ဆောင် နိုင်စွမ်းများနဲ့ အားနည်းချက်/ အားသာချက်များကို သိရှိအောင်လေ့လာပြီး လူမှန်/ နေရာမှန် တာဝန် ပေးအပ်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်ရမှာဖြစ်သလို လက်အောက်ငယ်သားတွေကို ကျောသားရင်သား မခွဲခြားဘဲ ညီညွတ်မျှတစွာ ကွပ်ကဲအုပ်ချုပ်သွားရမှာ လည်းဖြစ်တယ်။ ဒါ့အပြင် လက်အောက်ကို မှန်ကန်တဲ့ ခေါင်းဆောင်မှုပေးနိုင်ဖို့ဆိုရင် ရဲဘော်တို့မှာ တည်ကြည် ရိုးသားမှုနဲ့ ဖြောင့်မတ်မှန်ကန်တဲ့ ကိုယ်ကျင့်တရား ရှိဖို့လည်းလိုအပ်တယ်။

                မည်သည့်လုပ်ငန်းတာဝန်မဆို ရိုးသားတဲ့ စိတ်ကိုအခြေခံပြီး မှန်ကန်စွာ လုပ်ဆောင်မှသာ အောင်မြင်မှုရရှိနိုင်မှာဖြစ်တယ်။ မရိုးဖြောင့်တဲ့ စိတ်နဲ့ လုပ်တဲ့ လုပ်ငန်းတိုင်းဟာ အောင်မြင်မှု မရနိုင်တဲ့ အပြင် ရှက်ဖွယ်ကောင်းတဲ့ လုပ်ရပ်များသာ ဖြစ်ပြီး ရဲဘော်တို့ရဲ့ခေါင်းဆောင်မှုကိုလည်း ကျဆင်းစေမှာ ဖြစ်တယ်။ ဒါကြောင့် ရဲဘော်တို့အနေနဲ့ နိုင်ငံတော် အ‌ပေါ်၊ တပ်မတော်၊ တပ်ရင်း/တပ်ဖွဲ့နဲ့ လုပ်ဖော် ကိုင်ဖက်တွေအပေါ်မှာ ရိုးသားဖြောင့်မတ်စွာ တာဝန် ထမ်းဆောင်ပြီး အခက်အခဲ အကျပ်အတည်းနဲ့ ရင်ဆိုင်ကြုံတွေ့ရချိန်တိုင်းမှာ မှတ်ကျောက်အတင် ခံနိုင်တဲ့ ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုတယ်။

ရဲဘော်တို့

            နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု၊ ဆုတ်ယုတ် မှုတို့ဟာ အဲဒီနိုင်ငံမှာမှီတင်းနေထိုင်ကြတဲ့ နိုင်ငံသား တွေရဲ့ ကြိုးစားအားထုတ်မှု၊ စည်းကမ်းလိုက်နာ မှုနဲ့လည်း အများကြီးသက်ဆိုင်တယ်။ အလားတူ ပဲ အဖွဲ့အစည်းတစ်ခုရဲ့ အောင်မြင်မှု၊ ကျရှုံးမှုတို့ ဟာလည်း အဲဒီအဖွဲ့အစည်းအတွင်းမှာ ပါဝင် ဆောင်ရွက် နေသူတွေရဲ့ ကြိုးစားအားထုတ်မှု၊ စည်းကမ်း လိုက်နာမှုအပေါ်မှာ များစွာမူတည် နေတာ တွေ့ရ တယ်။ ဒို့တပ်မတော် အနေနဲ့လည်း ယနေ့အချိန်အထိ မယိမ်းမယိုင်ရပ်တည် နိုင်ခြင်းဟာ ခေတ်အဆက်ဆက် တပ်မတော်သားတွေရဲ့ စည်းကမ်း လိုက်နာမှုနဲ့ အမိန့် နာခံတတ်မှုတို့ကြောင့်ပဲ ဖြစ်တယ်။ ဒါကြောင့် ဒို့တပ်မတော်ရဲ့ အစဉ်အလာ ကောင်းတွေကို လက်ဆင့်ကမ်း ထိန်းသိမ်းကြရမယ့် ရဲဘော်တို့ဟာ စည်းကမ်းအရာမှာ စံနမူနာပြ လိုက်နာ ကြဖို့လိုအပ် တယ်။

            စည်းကမ်းဆိုရာမှာ အကြမ်းဖျင်းအားဖြင့် တိုက်တွန်းချက် စည်းကမ်း၊ တားမြစ်ချက် စည်းကမ်း ဆိုပြီး နှစ်မျိုးရှိတယ်။ တိုက်တွန်းချက် စည်းကမ်း ဆိုတာကတော့ ရဲဘော်တို့ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာကိုလုပ်ကြဖို့ တိုက်တွန်းထားတဲ့ စည်းကမ်းတွေဖြစ်ပြီး တားမြစ်ချက် စည်းကမ်း ဆိုတာကတော့ ရဲဘော်တို့ မလုပ်ဆောင်သင့် မလုပ်ဆောင်ထိုက်တာကို မလုပ်ကြဖို့ တားမြစ်ထားတဲ့ စည်းကမ်းတွေပဲဖြစ်တယ်။ အထူးသဖြင့် ဒို့တပ်မတော်မှာ ပြဋ္ဌာန်းထားတဲ့ စစ်သည်တော်ကျင့်ဝတ် (၆၀) ပါးဟာ ရဲဘော်တို့ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာကို တိုက်တွန်းထားတဲ့ စည်းကမ်းချက်တွေဖြစ်လို့ ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာလိုက်နာသွားကြရမှာ ဖြစ်တယ်။ တပ်မတော်အက်ဥပဒေမှာ ပြဋ္ဌာန်းထားပြီး ဖြစ်တဲ့ ပြစ်မှု ၄၁ မျိုးနဲ့သက်ဆိုင်တဲ့ ပုဒ်မတွေကတော့ မလုပ်ဆောင်သင့် မလုပ်ဆောင်ထိုက်တာတွေကို တားမြစ်ထားတဲ့ စည်းကမ်းတွေဖြစ်တာကြောင့် ရဲဘော် တို့အနေနဲ့ အထူးရှောင်ကြဉ်သွားကြရမှာ ဖြစ်တယ်။ ဒါ့အပြင် တပ်မတော်သားတွေဖြစ်တဲ့ ရဲဘော်တို့ဟာ တပ်မတော်က ချမှတ်ပြဋ္ဌာန်းထားတဲ့ စစ်မြေပြင် စည်းကမ်းတွေ၊ လုပ်ငန်းခွင် စည်းကမ်းတွေကို လေးစားလိုက်နာကြ ရမှာဖြစ်သလို နယ်ဘက်ဆိုင်ရာ စည်းကမ်းဥပဒေတွေကိုလည်း လေးစားလိုက်နာ သွားကြဖို့ အလေးထား မှာကြားလိုတယ်။

ရဲဘော်တို့

            လေ့ကျင့်ရေးဆိုတာ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုတဲ့ တပ်မတော်ရဲ့လုပ်ငန်းစဉ်သုံးရပ်မှာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်လျက်ရှိသလို ဒို့တပ်မတော်ရဲ့ မြဲသုံးမြဲနဲ့ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး(၄)ရပ်မှာလည်း ပထမဆုံးအချက်အနေနဲ့

ဦးစားပေး ထည့်သွင်းဖော်ပြထားတာကို တွေ့ရှိရမှာပဲ ဖြစ်တယ်။ ရဲဘော်တို့ နေ့စဉ်လုပ်ဆောင်နေရတဲ့၊ လုပ်ဆောင်ဖို့ စည်းကမ်းနဲ့အညီ သတ်မှတ်ထားတဲ့ သမားစဉ် လုပ်ငန်းများကို လိုက်ပါ၊ လိုက်နာ လုပ်ဆောင်ခြင်းဟာ တစ်နည်းတစ်ဖုံအားဖြင့် လေ့ကျင့် နေခြင်းပဲဖြစ်တယ်။ တစ်နည်းအားဖြင့်ပြောရရင် ဒို့တပ်မတော်ရဲ့ အရေးကြီးဆုံးလုပ်ငန်းဟာ လေ့ကျင့်ရေးပဲ ဖြစ်တယ်။ ရဲဘော်တို့အနေနဲ့ မိမိတို့တစ်ဦးချင်းရဲ့ အရည်အသွေးနဲ့ အရည်အချင်းတွေ တိုးတက်စေဖို့ သာမက မိမိကွပ်ကဲအုပ်ချုပ်ရတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အရည်အသွေးနဲ့ အရည်အချင်းတွေကိုပါ တိုးတက် နေစေဖို့အတွက် လေ့ကျင့်မှုတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမှာပဲဖြစ်တယ်။

            မိမိကို ပေးအပ်လာတဲ့တာဝန်တွေ  ကျေပွန် အောင် ဆောင်ရွက်နိုင်ဖို့အတွက် ကျန်းမာကြံ့ခိုင် နေဖို့လည်း လိုအပ်တယ်။ ဒါကြောင့် နေ့စဉ်ပုံမှန် လုပ်ဆောင်ရမယ့် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေကို မှန်မှန်ကန်ကန်လုပ်ဆောင်ကြဖို့လိုသလို ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့ အရက်၊ ဆေးလိပ်နဲ့ ကွမ်း သုံးစွဲခြင်းတွေကို ရှောင်ရှားကြဖို့ တိုက်တွန်း မှာကြားလိုတယ်။

ရဲဘော်တို့

            မျက်မှောက်ခေတ်ကာလရဲ့ တိုးတက်လာတဲ့ နည်းပညာနဲ့ ခေတ်မီစစ်လက်နက်ပစ္စည်းတွေဟာ စစ်မှုရေးရာတွေကို ပြောင်းလဲလာစေပြီး ပထဝီဝင် ကန့်သတ်ချက်တွေကိုပါ ကျော်လွန်လုပ်ဆောင်နိုင် နေပြီဖြစ်တယ်။ ယခင်က လူ/လက်နက်အင်အားနဲ့ သမားရိုးကျစစ်နည်းဗျူဟာ စတာတွေကို အခြေခံခဲ့တဲ့ စစ်မြေပြင်ကနေ ယနေ့ခေတ်မှာတော့ ဒရုန်းကဲ့သို့ နည်းပညာမြင့် စစ်လက်နက်ပစ္စည်းများ လွှမ်းမိုး လာတဲ့အပြင် ဉာဏ်ရည်တုနည်းပညာ(AI)၊ ဆိုက်ဘာ၊ အာကာသနဲ့ သတင်းအချက်အလက်ကဲ့သို့ စစ်ဆင်မှု နယ်ပယ်များ ပိုမိုကျယ်ပြန့်လာ တာကိုလည်း တွေ့ရှိရတယ်။ တစ်နည်းအားဖြင့် လေကြောင်း အကဲသာမှု၊ အီလက်ထရောနစ် နည်းပညာ သာလွန်မှု၊ လက်နက် ခဲယမ်းများ ခေတ်မီကောင်း မွန်မှုနဲ့ ထိရောက်တိကျမှု တို့ဟာ စစ်ပွဲရဲ့အနိုင် အရှုံးကို အဓိကအဆုံးအဖြတ် ပေးလျက်ရှိတယ်။ နည်းပညာတိုးတက်လာမှုနဲ့အတူ ပြောင်းလဲကျင့်သုံးလာတဲ့ စစ်နည်းဗျူဟာတွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို နားလည်တတ်ကျွမ်းပြီး ကျွမ်းကျင်စွာ အသုံးချနိုင်ဖို့ ပညာရည်မြင့်မား နေဖို့လိုတယ်။

                 ခေတ်မီတပ်မတော် တည်ဆောက်ရာမှာ ပညာရည် မြင့်မားရေးဟာ လွန်စွာအရေးကြီးတာ ကြောင့် တပ်မတော်အနေနဲ့ အရာရှိ၊ စစ်သည် အားလုံးရဲ့ ပညာရည်မြင့်မားရေးကို အလေးထား ဆောင်ရွက် ပေးလျက်ရှိတယ်။

            တစ်ဖက်မှာလည်း ရဲဘော်တို့အနေနဲ့ သင်ကြား ပေးလိုက်တဲ့ အတတ်ပညာတွေကို လက်တွေ့ဘဝနဲ့ ပေါင်းစပ်ပြီး မိမိကိုယ်ကို အမြဲတိုးတက်နေအောင် လုပ်ဆောင်နေကြရမယ်။ဗဟုသုတရရှိမယ့် စာပေတွေကို ဖတ်ရှုပြီး အသိဉာဏ်ပညာတွေ ကြွယ်ဝလာအောင် ကြိုးပမ်းအားထုတ်နေဖို့လိုအပ်တယ်။ အကောင်းအဆိုး၊ အကြောင်း အကျိုးကို ခွဲခြားသိမြင်နိုင်စွမ်းရှိစေမယ့် အသိပညာနဲ့ အတွေးအမြင်ဆိုင်ရာ စာပေတွေကိုလည်း လေ့လာဖတ်ရှုသွားရမှာဖြစ်တယ်။

            အတတ်ပညာက လူတော်ဖြစ်စေနိုင်ပြီး အသိပညာကလူကောင်း ဖြစ်စေနိုင်တာကြောင့် လူတော်လူကောင်းများ ဖြစ်လာစေဖို့ အတတ် ပညာရော၊ အသိပညာများပါ ကြွယ်ဝလာစေရန်  ကြိုးစားလုပ်ဆောင်သွားကြဖို့ မှာကြားလိုတယ်။

ရဲဘော်တို့

            တပ်မတော်ရဲ့ အဓိကတာဝန်ဟာ နိုင်ငံတော် ကာကွယ်ရေးတာဝန်ဖြစ်ပြီး ဒီတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ဆိုရင် ရဲဘော်တို့မှာ စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်ဆိုတဲ့ စွမ်းရည်သုံးရပ်နဲ့ ပြည့်စုံနေဖို့ လိုအပ်တယ်။ စွမ်းရည်သုံးရပ်နဲ့ ပြည့်စုံနေမှသာလျှင် ပေးအပ်တဲ့ အမိန့်နဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင် နိုင်မှာဖြစ်တယ်။ စွမ်းရည်သုံးရပ်လုံးဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပြီး အုပ်ချုပ်ရေးစွမ်းရည်ကောင်းမွန် လာတာနဲ့အမျှ စစ်ရေးစွမ်းရည်တိုးတက်လာနိုင်သလို စည်းရုံးရေးစွမ်းရည်ကိုလည်း ပိုမိုကောင်းမွန်လာစေမှာ ဖြစ်တယ်။ ဒါကြောင့် ရဲဘော်တို့အနေနဲ့ စစ်တက္ကသိုလ်က သင်ကြားပေးလိုက်တဲ့ စာပေပညာ၊ စစ်ပညာတွေကို အခြေခံပြီး စွမ်းရည်သုံးရပ်နဲ့ပြည့်စုံတဲ့ အရာရှိကောင်း တွေဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားကြဖို့ တိုက်တွန်း မှာကြားလိုတယ်။

ရဲဘော်တို့

            ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဆိုးဝါးစွာ ပြုလုပ်ခဲ့တဲ့ မဲမသမာမှုတွေကြောင့် တပ်မတော်က အမျိုးသားနိုင်ငံရေး တာဝန်တွေကို ထမ်းဆောင်ခဲ့ရ ချိန်မှာ အကြမ်းဖက် NUG၊ CRPH အဖွဲ့တွေက တပ်မတော်အနေနဲ့ ဒီမိုကရေစီ နောက်ပြန်ဆွဲ လုပ်ဆောင်နေသယောင် ဝါဒမှိုင်းတိုက်ပြီး လူငယ်၊ လူရွယ်တွေကို လွဲမှားတဲ့ မျှော်လင့်ချက်တွေနဲ့အတူ အကြမ်းဖက် လက်နက်ကိုင်လမ်းစဉ်ဆီ တွန်းပို့ခဲ့ ကြတယ်။လက်နက်ကိုင်လမ်းစဉ်တွေကြောင့် မျှော်မှန်း တည်ဆောက်နေတဲ့ ပြည်ထောင်စုကြီးအတွက် လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရတယ်။ ဒီလို လက်နက်ကိုင်လမ်းစဉ်နဲ့ ဖြေရှင်းတဲ့ ကြိုးပမ်း မှုဟာ နှစ်ပေါင်း ၇၀ ကျော်ကြာတဲ့အထိ မည်သည့် ရလဒ်မျှ မထွက်ခဲ့တာကို သင်ခန်းစာယူဖို့ လိုသလို ဒီမိုကရေစီ နောက်ပြန်ဆွဲခြင်းဟာ လက်နက်ကိုင် လမ်းစဉ်ကြောင့် ဖြစ်တယ်ဆိုတာ အမှန်တိုင်းရှုမြင်ဖို့ အချိန်ကျနေပြီဖြစ်တယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို ရည်မှန်းချက်တူကြရင် ပြည်ထောင်စုအကျိုးကို ရှေးရှုပြီး PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာဖို့ နိုင်ငံတော်က ကြိုဆိုဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း ထည့်သွင်း ပြောကြားလိုတယ်။

            တစ်ဖက်မှာလည်း ဒီနိုင်ငံရေးဖြစ်စဉ်အကြောင်း တရားတွေကို လက်ညှိုးထိုးပြီး NCA မှာ လက်မှတ် ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့ဟာ ရှိထားပြီးသား ကတိကဝတ်တွေကို ချိုးဖောက်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းကို သွေဖည်မှု ပြုလုပ်ခဲ့ကြတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေအပေါ် အခြေခံပြီး တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ချက်ကို ရှင်းလင်းတိကျစွာ ပြဋ္ဌာန်းထားပြီး ဖြစ်တယ်။ ငြိမ်းချမ်းရေးဆိုတာ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမှသာ ရရှိနိုင်မှာဖြစ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါဖြစ်ချင်တာတွေကို ပြောဆိုနေမယ့် အစား ဖြစ်သင့်တာတွေကိုပြောဆိုပြီး ဖြစ်နိုင်တာ တွေကိုညီညီညွတ်ညွတ် ပူးပေါင်းလုပ်ဆောင်သွား ကြရမှာ ဖြစ်တယ်။ လက်တွေ့ကျပြီး အောင်မြင် ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှသာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပြည်သူလူထုရဲ့ ကောင်းကျိုးကို ရှေးရှုဆောင်ရွက်နိုင်မှာဖြစ်ကြောင်း အသိပေး ပြောကြားလိုတယ်။

ရဲဘော်တို့

            ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၃၉ မှာ “နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်” လို့ ပြဋ္ဌာန်းထားတယ်။ ဒို့နိုင်ငံရဲ့ ကာကွယ်ရေး ရည်မှန်းချက် တာဝန်ထဲမှာလည်း “နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတွင် ပြည်ပ အမှီအခိုကင်းစွာဖြင့် ပြည်တွင်း အင်အားစုများကို အခြေခံ၍ ပြည်သူတစ်ရပ်လုံးပါဝင်သည့် ခေတ်မီ ပြည်သူ့ကာကွယ်ရေးစနစ်ကြိုးပမ်းဖော်ဆောင်ရန်” လို့ ဖော်ပြပါရှိတယ်။ လက်ရှိ ပထဝီနိုင်ငံရေးအခြေအနေနဲ့ ဖြစ်ပျက်နေတဲ့ နိုင်ငံတကာအခြေအနေတွေအပေါ် မူတည်ပြီး ဒို့နိုင်ငံအပါအဝင် နိုင်ငံငယ်တွေရဲ့ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟာ ပြည်သူတစ်ရပ်လုံးပါဝင်တဲ့ အင်အားစုများနဲ့ တည်ဆောက်သွားမှသာ ခိုင်မာမှုရှိမှာ ဖြစ်တယ်။ ဒို့နိုင်ငံရဲ့ကာကွယ်ရေး မဟာဗျူဟာအနေနဲ့ ပြည်သူများပါဝင်တဲ့ ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ကျင့်သုံးနေတာကြောင့် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာအပေါ် ထိပါးနှောင့်ယှက်လာတဲ့ ရန်စွယ်မှန်သမျှ တပ်မတော်ကို မဏ္ဍိုင်ပြုထားတဲ့ ပြည်သူတစ်ရပ်လုံးရဲ့ စုပေါင်းအားတွေနဲ့ တွန်းလှန် ချေမှုန်းသွားကြရမှာက နိုင်ငံသားတိုင်းရဲ့ မွေးရာပါ သမိုင်းပေးတာဝန်ပဲဖြစ်ကြောင်း လေးလေးနက်နက် ပြောကြားလိုတယ်။

ရဲဘော်တို့

            ‌မကြာမီရက်ပိုင်းအတွင်းမှာပဲ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မှာဖြစ်တယ်။ ရွေးကောက်ပွဲ ကျင်းပရာမှာ နိုင်ငံရေးပါတီများ တရားမျှတစွာပါဝင်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်နည်းဥပဒေများကို အသစ် ပြင်ဆင်ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်တယ်။ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကိုလည်း နိုင်ငံတော်ကနေ အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးလျက် ရှိတယ်။

            ယခုကျင်းပမယ့် ရွေးကောက်ပွဲကြီးမှာ ဥပဒေနဲ့အညီ မဲပေးခွင့် မရှိသူများမှအပ ကျန်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး လွတ်လပ်စွာ ဆန္ဒမဲပေးကြရမှာ ဖြစ်တယ်။ မိမိတို့ ရွေးချယ်မယ့် ရွေးကောက်ခံ ကိုယ်စားလှယ်များဟာနိုင်ငံရဲ့အကျိုးကို အမှန်တကယ် ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို အမှန် တကယ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်သူနဲ့ နိုင်ငံကောင်းအောင်ဆောင်ရွက်နိုင်မယ့်သူတွေ ဖြစ်ဖို့ လိုအပ်တယ်။ ပါတီစုံဒီမိုကရေစီ ဖြစ်တာနဲ့အညီ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေနဲ့ တရားမျှတစွာ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ အသိပေး ပြောကြားလိုတယ်။

            နိုင်ငံတော်အစိုးရအနေနဲ့ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို လွတ်လပ် ပွင့်လင်းပြီး တရားမျှတတဲ့ရွေးကောက်ပွဲ၊ သိက္ခာရှိတဲ့ ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ရေး ဘက်ပေါင်းစုံက ကြိုးပမ်းလုပ်ဆောင်နေချိန်မှာ နိုင်ငံတော်အစိုးရကို ဆန့်ကျင်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအချို့က ရွေးကောက်ပွဲကို အဟန့်အတား ဖြစ်စေရေး နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေကြတာကို သတိပြုကြရမှာဖြစ်တယ်။ ရွေးကောက်ပွဲမှာ ပြည်သူ့ ဆန္ဒမဲနဲ့ ရွေးကောက်တင်မြှောက်တဲ့ အစိုးရတစ်ရပ် ဖြစ်ပေါ်လာခဲ့ရင် လက်ရှိနိုင်ငံတော်အစိုးရကို ဆန့်ကျင် နေတဲ့ အဖျက်အမှောင့် အကြမ်းဖက်သမားတွေ အနေနဲ့ သူတို့ရှေ့ဆက် ရပ်တည်ဖို့ ခက်ခဲလာနိုင် တာကြောင့် ရွေးကောက်ပွဲကို အနှောင့်အယှက် ဖြစ်အောင် အခုလို လုပ်ဆောင် နေကြခြင်းဖြစ် တယ်။ ဒါကြောင့် အဲဒီ အဖျက်အမှောင့်သမားတွေ ရဲ့ လုပ်ဆောင်ချက်တွေကိုတားဆီး ကာကွယ်ပြီး ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပ နိုင်ဖို့အတွက် ရဲဘော်တို့အနေနဲ့ ပြည်သူလူထုနဲ့ လက်တွဲပြီး ကျရာ ကဏ္ဍအသီးသီးကနေ ကြိုးပမ်း ဆောင်ရွက် သွားကြ ဖို့ တိုက်တွန်းပြောကြားလိုတယ်။

ရဲဘော်တို့

နိဂုံးချုပ်အနေနဲ့ မှာကြားလိုတာကတော့

  • တာဝန်ကျရာ တပ်အသီးသီးမှာ ပေးအပ် လာတဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ရင်း “သစ္စာ၊ သူရ၊ သိပ္ပ” အရာမှာ စံတင်ဂုဏ်ပြုထိုက်သူများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက် သွားကြ ပါ။
  • ရဲဘော်တို့အနေနဲ့ ရိုးသားဖြောင့်မတ်စွာ တာဝန် ထမ်းဆောင်ပြီး အခက်အခဲ အကျပ်အတည်းနဲ့ ရင်ဆိုင်ကြုံတွေ့ရချိန် တိုင်းမှာ မှတ်ကျောက် အတင်ခံနိုင်တဲ့ ခေါင်းဆောင်ကောင်းများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြပါ။
  • စည်းကမ်းလိုက်နာ ဘေးကင်းကွာ” ဆိုတဲ့ အတိုင်း စည်းကမ်းနဲ့ ဥပဒေကို လေးစားလိုက်နာတတ်တဲ့ တပ်မတော် သားကောင်းများဖြစ်အောင် ကြိုးစား နေထိုင်ကြပါ။
  • ပြည်တွင်း တည်ငြိမ်အေးချမ်းမှုရှိအောင် တပ်မတော်က ဆောင်ရွက်ပေးလျက်ရှိတဲ့ အခြေအနေမှန်တွေကို တိုင်းရင်းသား ပြည်သူအားလုံး သိမြင်လာအောင် ဆောင်ရွက်သွားကြပါလို့ တိုက်တွန်း မှာကြားရင်း နိဂုံးချုပ်လိုက်တယ်။