ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (၃၄)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ နိုဝင်ဘာ - ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (၃၄)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားကဇတ်ရုံ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား သည်။
အဆိုပါအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှူဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ၊ အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင်အသင်းအဖွဲ့များ၊ နိုင်ငံတကာသံတမန်များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ အသင်းသူအသင်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ကုန်သည် စက်မှုအသင်းချုပ်၏(၃၄)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေး တွင်အသင်းသားများနှင့် စုံလင်စွာတွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် ပုဂ္ဂလိကကဏ္ဍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အသင်းချုပ်အနေဖြင့် အစဉ်တစိုက် ဦးတည်ဆောင်ရွက်ခဲ့သည့်အတွက်လည်း အသိအမှတ်ပြုဂုဏ်ယူသည်ကို ပြောကြား လိုကြောင်း။
ကုန်သည်စက်မှုအသင်းချုပ်ကို ၁၉၁၉ ခုနှစ်တွင် တိုင်းရင်းသား မျိုးချစ် ကုန်သည်ကြီးများက “စီးပွားရေးခိုင်ခံ့မှ အမျိုးသားရေးတည်တံ့ခိုင်မြဲနိုင်မည်” ဆိုသည့် ခံယူချက်ဖြင့် “ဗမာကုန်သည်အသင်း (Burmese Chamber of Commerce)” အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး၊ ၁၉၉၉ ခုနှစ်တွင် ကဏ္ဍအသီးသီးကို ကိုယ်စားပြုသည့် ညီနောင် အသင်းများပါဝင်စုဖွဲ့မှုဖြင့် “ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များ နှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်”အဖြစ် ပြောင်းလဲဖွဲ့ စည်းခဲ့သည်ကို သိရကြောင်း၊ နှစ်ပေါင်း(၁၀၀)ကျော် သက်တမ်းရှိ အဖွဲ့အစည်းဖြစ်သည့်အပြင် နိုင်ငံတော်အစိုးရ အဆက်ဆက်က အဓိကမိတ်ဖက်အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုထားခြင်းခံရသည့် ပုဂ္ဂလိကကဏ္ဍ ကိုယ်စားပြု အမျိုးသားအဆင့်အဖွဲ့အစည်းကြီး (National Apex Organization) လည်း ဖြစ်ကြောင်း။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄)ရပ်တွင် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ (Agro-Based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက် မပြတ်မြှင့်တင်ရေး”ဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်သည့် အခါတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်အတူ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ကြိုးပမ်း အားထုတ်မှုသည် အရေးကြီးသကဲ့သို့ ကုန်သည်စက်မှုအသင်းချုပ် အပါအဝင် ညီနောင်အသင်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည်လည်း အဓိကကျသည့် အခန်း ကဏ္ဍမှပါဝင်နေကြောင်း၊ အထူးသဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ပို့ကုန်တိုးမြှင့် ရေးတွင် အသင်းအဖွဲ့များအနေဖြင့်လည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိ နေသည်ကိုလည်း တွေ့မြင်ရကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင် ကုန်သွယ်မှုသာမက ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေး သည်လည်း အရေးပါသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်ပသွင်းကုန် အစားထိုးနိုင်ရေး ပြည်တွင်းကုန်ထုတ်လုပ်မှုများ မြှင်တင်နိုင်ရေးကို အားပေးဆောင်ရွက် လျက်ရှိနေကြောင်း၊ ကုန်သည်စက်မှုအသင်းချုပ်ဖြစ်သည့် အားလျော်စွာ ကုန်သွယ်မှု ကဏ္ဍကို ကိုယ်စားပြုသည့် လုပ်ငန်းရှင်များသာမက စက်မှုကုန်ထုတ် လုပ်ငန်းရှင်များ နှင့်ပါ ပူးပေါင်းပါဝင် ဖွဲ့စည်းထားခြင်းဖြစ်သဖြင့် ကုန်ထုတ်လုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို ပိုမိုအားစိုက်ဆောင်ရွက်ရန်လည်း မှာကြားလိုကြောင်း။
နိုင်ငံတကာ စီးပွားရေးနယ်ပယ်တွင် မိတ်သစ်ဆွေသစ် ကုန်သွယ်ဖက်များ ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အသင်းကြီး၏ လုပ်ဆောင်မှုများသည် နိုင်ငံ့ စီးပွားတိုးတက်ရေး၊ ပုဂ္ဂလိကကဏ္ဍ ရှင်သန်ဖွံ့ဖြိုးရေးအတွက် အရေးပါသကဲ့သို့၊ နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မည့် စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွန်း လာစေပြီး ပုဂ္ဂလိကကဏ္ဍတစ်ရပ်လုံးကို ကမ္ဘာ့အဆင့်မီ မြှင့်တင်ပေးရန် အထောက် အကူပြုခဲ့သည်ကို တွေ့မြင်ရကြောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်နေသည့် ပထဝီ စီးပွားရေးအခွင့်အလမ်းများအပေါ် နိုင်ငံအသီးသီးက စိတ်ဝင်စားလာသည့် ယခုအချိန် တွင် အသင်းချုပ်ကြီးသည် နိုင်ငံတကာမှမိတ်ဖက်အသင်းများ၊ ဒေသတွင်း အသင်းအဖွဲ့ များနှင့် ရင်ဘောင်တန်း ဆောင်ရွက်ထားနိုင်ရေးကိုလည်း ကြိုးပမ်းသွား ကြရမည်ဖြစ် ကြောင်း။
နိုင်ငံတော်အနေဖြင့် စီးပွားရေးဆိုင်ရာမူဝါဒများကို ချမှတ်ဆောင်ရွက်ရာတွင် လက်ရှိဖြစ်ပေါ်ပြောင်းလဲနေသည့် အခြေအနေများပေါ်မူတည်ပြီး လိုက်လျောညီထွေ ဖြစ်မည့် မူဝါဒများ၊ လမ်းညွှန်မှုများကို လေ့လာသုံးသပ်ပြီးမှ အကောင်အထည်ဖော် လျက်ရှိကြောင်း၊ ချမှတ်ထားသည့် မူဝါဒလုပ်ငန်းစဉ်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သည့်နေရာတွင် ပုဂ္ဂလိကအခန်းကဏ္ဍ၏ နားလည် သဘောပေါက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ရှိနေကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ချမှတ်ထားသည့် မူဝါဒလုပ်ငန်းစဉ် များကို မြေပြင်တွင်လက်တွေ့ အကောင်အထည်ဖော် လုပ်ကိုင်သည့်အခါ ကြုံတွေ့ ရသည့်စိန်ခေါ်မှု၊ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် နိုင်ငံတော်အစိုးရအနေဖြင့် အမြဲအသင့်ရှိကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ဖက်မှလည်း အခက်အခဲများ၊ မူဝါဒဆိုင်ရာအကြံပြုတင်ပြချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အများကိုကိုယ်စား ပြုပြီး အရှိအတိုင်းတင်ပြခြင်းဖြင့် နိုင်ငံတော်ဖက်မှ လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ ကို ညှိနှိုင်းဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း။
နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် ပြည်တွင်း စားရေရိက္ခာ ဖူလုံရေး၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားပေးမြှင့်တင်ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အခန်း (၁)၊ ပုဒ်မ ၃၅ ပါ “နိုင်ငံတော်၏ စီးပွားရေး စနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်”ဆိုသည့် ပြဋ္ဌာန်းချက်နှင့်အညီ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများနှင့် ဈေးကွက်ဖွံ့ဖြိုးရေး၊ ဈေးကွက်သစ်များ ရရှိရေးနှင့် ဈေးကွက်ချဲ့ထွင်ရေးတို့ကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အနာဂတ်စီးပွားရေးဝန်းကျင်တွင် ပုဂ္ဂလိကအခန်း ကဏ္ဍသည် ပိုမိုများပြား အရေးပါလာမည် ဖြစ်သည့်အတွက် နိုင်ငံ၏ အခြေခံအချက်အလက်များအပေါ် မူတည်ပြီး နိုင်ငံ့စီးပွားရေးကို မည်သို့မည်ပုံဆောင်ရွက်သင့်သည်၊ မတူညီသည့် ဒေသ အခြေအနေများအပေါ်မူတည်ပြီး ဒေသအလိုက်စီးပွားရေးကို မည်သို့ဆောင်ရွက်သင့် သည်စသည်များကို ဆွေးနွေးအဖြေရှာ ဖော်ထုတ်ပေးကြရန်ကိုလည်း မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ်(၁၀၀)” ရာပြည့်အထိမ်းအမှတ် အခမ်းအနားတွင် တိုက်တွန်း ပြောကြားခဲ့ သကဲ့သို့ အလေးထား ဖော်ထုတ်သွားရန်လည်း မှာကြားလိုကြောင်း။
ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၏ အကျိုးကို ကိုယ်စားပြုသည့် အစိုးရမဟုတ် သော အမျိုးသားအဆင့် ဦးဆောင်အဖွဲ့အစည်းကြီး ဖြစ်သည့်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်အနေဖြင့် နိုင်ငံတော်၏ ရှေ့ဆက်သွားမည့် မူဝါဒပိုင်းဆိုင်ရာများ၊ လုပ်ငန်းစဉ်များ၊ အကြံဉာဏ်များ၊ နည်းပညာများ၊ ကြုံတွေ့ နေရသော အခက်အခဲများ၊ ဦးစားပေးဆောင်ရွက်နိုင်ရန် ကိစ္စရပ်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် နယ်ပယ်အလိုက် ပုဂ္ဂလိကကဏ္ဍကိုယ်စားပြုပြီး တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ နိုင်ငံတော်က ဖွဲ့စည်းထား သည့် ကော်မရှင်များ၊ ကော်မတီများသည်လည်း အသင်းချုပ်မှ အမှုဆောင်များ ထည့်သွင်း ပါဝင်ဖွဲ့စည်းပေးထားသည့်အားလျော်စွာ ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းရှင်များ၏ ကောင်းမွန်သည့် အကြံပြုချက်များ၊ တင်ပြချက်များဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှု အတွက် ဆောင်ရွက်သွားကြရန်တိုက်တွန်းပြောကြားလိုကြောင်း၊ ကဏ္ဍအသီးသီး၊ နယ်ပယ်အသီးသီးကို ကိုယ်စားပြုသည့် ညီနောင်အသင်းအဖွဲ့များ အနေဖြင့်လည်း ကုန်သည်စက်မှုအသင်းချုပ်၏ ဦးဆောင်မှုအောက်တွင် စုစုစည်းစည်း ညီညီ ညွတ်ညွတ်ဖြင့် လက်တွဲဆောင်ရွက်ပေးကြရန် ပြောကြားလို ကြောင်း။
အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်အမှီသဟဲပြုပြီး နိုင်ငံတော်၏ အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် လက်တွဲအကောင်အထည်ဖော် ဆောင်ရွက်နေကြသူများ ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တွင် ပုဂ္ဂလိကကဏ္ဍသည် အဓိကမောင်းနှင်အားတစ်ရပ်အနေဖြင့်ပါဝင်နေကြောင်း၊ လက်ရှိအစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍအကြား ပေါင်းကူးပေးနေသည့် ဆွေးနွေးမှု ပုံစံများမှ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများတွင် သိသာ မြင်သာရှိသည့်ရလဒ်များ ပေါ်ထွက်သည်အထိ လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက် ခြင်းဖြင့် အစိုးရနှင့် ပုဂ္ဂလိကအကြားတွင် သဟ ဇာတ ပိုမိုဖြစ်ထွန်း လာနိုင်မည်ဖြစ်ကြောင်း။
ယနေ့ ကုန်သည်စက်မှုအသင်းချုပ်ကကျင်းပသည့် (၃၄) ကြိမ်မြောက် နှစ်ပတ် လည်အသင်းသားစုံညီအစည်းအဝေးတွင် နိုင်ငံတော်အစိုးရ၊ နိုင်ငံတကာ သံရုံးများနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ စုံညီစွာတက်ရောက် လာကြသည်ကို တွေ့ရှိရခြင်းသည်လည်း မြန်မာ့ပုဂ္ဂလိကကဏ္ဍ၏ ခိုင်မာမှုနှင့် ယုံကြည်မှုတို့ကို ထင်ဟပ်စေကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံး ပါဝင်နိုင်သည့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဖြစ်စေရေးကို ကြိုးပမ်း ဆောင်ရွက်လျက် ရှိရာတွင် ပြည်တွင်းစီးပွားရေးကဏ္ဍများ ပိုမိုသန်မာလာစေရေး၊ အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးနိုင်ရေး၊ နည်းပညာအသစ်များနှင့် နိုင်ငံတကာ စီးပွားရေးအလေ့ အကျင့်ကောင်းများကို လက်ဆင့်ကမ်းသင်ယူနိုင်ရေးတို့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုများသည် မရှိမဖြစ်အရေးကြီးသည့်အခန်း ကဏ္ဍမှပါဝင်နေကြောင်း၊ မြန်မာနိုင်ငံတွင် အပြန်အလှန်အကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်တစ်ရပ်ဖော်ဆောင်ရာတွင် နိုင်ငံ တကာမှ မိတ်ဆွေများ၊ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ဆက်လက်အရှိန် အဟုန် မြှင့်တင် ပူးပေါင်းဆောင်ရွက် သွားနိုင်မည်ဟု ယုံကြည်ကြောင်း။
ယနေ့ကျင်းပသည့် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ၏(၃၄) ကြိမ်မြောက် နှစ်ပတ်လည်မှသည် ရွှေရတု၊ စိန်ရတု၊ နှစ်ပေါင်းများစွာတိုင် နိုင်ငံ့စီးပွားတိုးတက်ရေးနှင့် တိုင်းပြည်သာယာဝပြောရေးတို့အတွက် နိုင်ငံတော်နှင့် လက်တွဲပြီး ဆက်လက်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ပုဂ္ဂလိကကဏ္ဍ တောင့်တင်းခိုင်မာဖွံ့ဖြိုးပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုကို ဆတက်ထမ်းပိုး အထောက်အကူပြုဆောင်ရွက် သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့်ပြောကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌ က ဖြည့်စွက်ပြောကြားရာတွင် နိုင်ငံတစ်ခု၏ ချမ်းသာကြွယ်ဝ မှုကို GDP ဖြင့်တိုင်းတာကြကြောင်း၊ GDP ကို လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများဖြင့် တိုင်းတာခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ GDP မှာအား နည်းနေသေးကြောင်း၊ မိမိတို့နိုင်ငံတွင် လယ်ယာကဏ္ဍသည်အဓိကကျပြီး လယ်ယာ ကဏ္ဍမှ တစ်ဆင့် စက်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများလည်းတိုးတက်လာ မည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံလူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်သည် လယ်ယာကဏ္ဍဖြင့် အသက် မွေးဝမ်းကြောင်းပြုကြသူများဖြစ်သဖြင့် လယ်ယာကဏ္ဍကို မြှင့်တင်ပေးခြင်း ဖြင့် အခြားစီးပွားရေးကဏ္ဍများကိုမြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း။
ကုန်သွယ်ရေးနှင့်ပတ်သက်၍ ထုတ်ကုန်ပစ္စည်းများ၊ မြေပေါ်မြေအောက်သယံဇာ တပစ္စည်းများ၊ အထည်ချုပ်ဆိုင်ရာ ထုတ်ကုန်များရှိကြောင်း၊ သယံဇာတပစ္စည်းများ ထုတ်ယူသုံးစွဲရာတွင်လည်း ပြန်လည်ဖြည့်တင်းနိုင်သည့် သယံဇာတများဖြစ်သော သစ်နှင့်ဝါးထုတ်လုပ်ရေးလုပ်ငန်းများ၊ ရေထွက်ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများကို အဓိကထားဆောင်ရွက် သွားရန်လိုကြောင်း၊ ထုတ်ကုန်ပစ္စည်းများရှိမှသာ ပို့ကုန်ပစ္စည်းများရရှိမည်ဖြစ် ကြောင်း၊ နိုင်ငံတော်အနေဖြင့် ချမှတ်ထားသည့် ဆောင်ပုဒ် ၃ ခုတွင် “ နိုင်ငံတော် ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဟုပါဝင်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားမြှင့်တင် နိုင်ရေးအတွက် ကုန်ထုတ်လုပ်မှုများ မြှင့်တင်ဆောင်ရွက်သွားကြရန်လိုကြောင်း။
မိမိတို့နိုင်ငံတွင် လယ်ယာစိုက်ပျိုးရေး ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍အားနည်း နေသေးကြောင်း၊ ပန်းတိုင်ရည်မှန်းချက်များပြည့်မီအောင် စိုက်ပျိုးနိုင်မည်ဆိုပါက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံပိုမိုရရှိနိုင်မည်ဖြစ်ပြီး သီးထပ်များပါ စိုက်ပျိုးနိုင်မည်ဆိုပါက အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံခန့် ပိုမိုရရှိမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှုများတိုးမြှင့်ဆောင်ရွက်ပြီး ပြည်ပသို့တင်ပို့နိုင်မည် ဆိုပါက နိုင်ငံအတွက် နိုင်ငံခြားများလုံလောက်စွာရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုများ တိုးတက်လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလို ကြောင်း။
အထည်ချုပ်လုပ်ငန်းများနှင့်ပတ်သက်၍လည်း ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံလူဦးရေ၏ ၄၆ ရာခိုင်နှုန်းသည် ဆင်းရဲ မွဲတေမှုစာရင်းတွင်ပါဝင်သည်ကို ကုလသမဂ္ဂ၏ အစီအရင်ခံစာအရသိရှိရကြောင်း၊ အဓိကအားဖြင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကို တွက်ချက်ထားခြင်းဖြစ် ကြောင်း၊ ထို့ကြောင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးတိုးတက်ရေး လယ်ယာ ထွက်ကုန်များ ပိုမိုတိုးတက်ထွက်ရှိအောင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကောင်းမွန်လာပြီး လူနေမှုအဆင့်အတန်းများ မြင့်မားကာ ဝယ်လိုအားနှင့် ရောင်းလိုအားများ ကောင်း မွန်လာမည်ဖြစ်ကြောင်း၊ စက်မှုလက်မှုလုပ်ငန်းရှင်များအနေဖြင့် ကျေးလက်ဒေသ စီးပွားရေးမြင့်မားလာစေရေးနှင့် လူနေမှုဘဝများမြင့်မားလာစေရေး ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန်လိုကြောင်း။
ကုန်သွယ်မှုအခွန်နှင့်ပတ်သက်၍ အချို့နေရာများတွင် အားနည်းချက်များရှိသည် ကိုတွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် ကုန်သွယ်ခွန်နှင့်ပတ်သက်၍ အကောင်းဆုံးဖြစ် အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံခြားငွေနှင့်ပတ်သက်၍ မိမိတို့စတင် တာဝန်ယူချိန်မှစတင်၍ စနစ်တကျဆောင်ရွက်ခဲ့ကြောင်း၊ အခွန်ငွေနှင့်ပတ်သက်၍ မကြာမီကာလအတွင်း လျှော့ချဆောင်ရွက်သွားရန်ရှိကြောင်း၊ နိုင်ငံ့စီးပွားရေးနှင့် ပတ်သက်၍ အကောင်းဆုံးဖြစ်အောင် မိမိတို့အနေဖြင့်ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဖက်မှလည်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အနေဖြင့် မှန်မှန်ကန်ကန်ဖြင့် လုပ်ငန်းများဆောင်ရွက်ကြစေလိုကြောင်း။
စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်မှုရှိစေရေး၊ တစ်ဧကချင်း အထွက်နှုန်းများတိုးတက်စေရေး၊ တန်ဖိုးကောင်းသည့် ကောက်ပဲသီးနှံများစိုက်ပျိုး နိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပေါ်ဆန်းမွှေးစပါးနှင့် ကော်ဖီသည်လည်း ပြည်ပဈေးကွက် ရှိပြီးဖြစ်ကြောင်း၊ ပြည်ပဈေးကွက်ရရှိနိုင်သည့် ထုတ်ကုန် ပစ္စည်းများထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်သည် တစ်နိုင်ငံလုံးကို ကိုယ်စားပြုပြီး နိုင်ငံ၏စီးပွားရေဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ကြသူများဖြစ် ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုများတိုးတက်စေရေး မဖြစ်မနေဆောင်ရွက်ရန် နှင့် လုပ်ငန်းများ မှန်မှန်ကန်ကန်ဖြစ်စေရေးဆောင်ရွက်ရန်လိုကြောင်း၊ ထုတ်ကုန်များ ထုတ်လုပ်ရောင်းချရာတွင် ဈေးနှုန်းများ မှန်မှန်ကန်ကန်ရှိစေရေးနှင့် ထုတ်ကုန်များ အရည်အသွေး ပြည့်မီမှုရှိစေရေး ဆောင်ရွက်ပေးကြစေလိုကြောင်း၊ နိုင်ငံအတွင်း ဆင်းရဲမွဲတေမှုလျှော့ချရေးသည် နိုင်ငံ၏ဂုဏ်သိက္ခာလိုအပ်ချက်ဖြစ်ကြောင်း၊ထို့ကြောင့် အဆိုပါဂုဏ်သိက္ခာကိုဖြည့်ဆည်းပေးနိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ဝိုင်းဝန်း ဆောင်ရွက်ကြရန်လိုကြောင်း၊ အဓိကအားဖြင့် ပြည်သူများ၏ ဝယ်လိုအားတက်လာစေ ရေးဆောင်ရွက်ပေးကြရန်လိုကြောင်း၊ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်ပတ်သက်၍ ထုတ်ကုန် များတိုးတက်ထုတ်လုပ်နိုင်ခြင်းဖြင့် ရောင်းလိုအားနှင့်ဝယ်လိုအားမျှတလာမည်ဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများ၏ စားဝတ်နေရေးအတွက် အဓိကလိုအပ်သည့် ကုန်ပစ္စည်းများအား ဈေးနှုန်းမှန်ကန် စွာဖြင့်ရောင်းချပေးကြရန်လိုကြောင်း၊ နိုင်ငံ့စီးပွားရေးကောင်းမွန်မှသာ နိုင်ငံဖွံ့ဖြိုး တိုးတက်မည်ဖြစ်သဖြင့် နိုင်ငံ့စီးပွားရေးကောင်းမွန်အောင် ကုန်ထုတ်လုပ်မှုများ တိုးတက်စေရေးအားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ယင်းနောက် ၂၀၂၄-၂၀၂၅ နှစ်ပတ်လည် အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကို အထွေထွေအတွင်းရေးမှူးက ဖတ်ကြားတင်ပြ သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌ နှင့် ဧည့်သည်တော်များ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်အမှုဆောင်အဖွဲ့ဝင်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ သည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (၃၄)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး တွင် ခင်းကျင်းပြသထားသည့် ပြခန်းများအား ပြခန်း တစ်ခုချင်းစီအလိုက် လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။





