ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဉက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာရှဖလားခြေစစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာ ယူ ၁၇ အသင်းအား ငွေကျပ် သိန်း ၁၀၀၀ ဂုဏ်ပြုချီးမြှင့်

Sunday, November 30, 2025 - 15:45

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဉက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာရှဖလားခြေစစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာ ယူ ၁၇ အသင်းအား ငွေကျပ် သိန်း ၁၀၀၀ ဂုဏ်ပြုချီးမြှင့်

နေပြည်တော်၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာ - ၃၀ ရက်

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဉက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် ၂၀၂၆ ခုနှစ် အာရှဖလားခြေစစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာ ယူ ၁၇ အသင်းအား ငွေကျပ် သိန်း ၁၀၀၀ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

          ၂၀၂၆ ခုနှစ်  အာရှဖလားခြေစစ်ပွဲ U-17 အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ဆ)၏ ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊  ဝေဇယန္တာလမ်းရှိ လူငယ်အားကစား လေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်း၌ကျင်းပခဲ့ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ဌာနဆိုင်ရာ များမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ဘောလုံးအားကစား ဝါသနာရှင်ပရိသတ် အင်အားသုံးသောင်းကျော်ဖြင့် ကွင်းလုံးပြည့် တစ်ခဲနက်လာရောက်ကြည့်ရှု အားပေးကြ သည်။

ပြိုင်ပွဲတွင်  မြန်မာ U-17  အမျိုးသားဘောလုံးအသင်းနှင့် ဆီးရီးယား U-17   အမျိုးသား ဘောလုံး အသင်းတို့သည် ပထမပိုင်း  ၄၅  မိနစ်တွင် ဂိုးရရှိရေးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ ၉ မိနစ် ၅၂ စက္ကန့်တွင် မြန်မာ U-17  အမျိုးသားဘောလုံးအသင်းမှ ညီညီသန့် ကျောနံပတ်(၁၀) က မြန်မာအသင်းအတွက် ပထမအဖွင့်ဦးဆောင်ဂိုးကိုသွင်းယူခဲ့ပြီး ၁၄ မိနစ် ၄၂ စက္ကန့်တွင် ဆီးရီးယား U-17   အမျိုးသားဘောလုံးအသင်းမှ AHMAD ALFARAJ ကျောနံပတ်(၉)က ချေပဂိုး ပြန်လည်သွင်းယူခဲ့ပြီးနောက် မြန်မာ U-17  အမျိုးသားဘောလုံးအသင်းမှ လင်းရောင် ကျောနံပါတ် (၈) အစား ဝင်းမင်းသန့် ကျောနံပါတ် (၆) အား လူစား လဲလှယ်ကစားခဲ့ရာ ၊ ၃၄ မိနစ် ၀၄ စက္ကန့်တွင် မြန်မာ U-17  အမျိုးသားဘောလုံးအသင်းမှ အန့်ထူးပိုင် ကျောနံပတ်(၇) က ဒုတိယအနိုင်ဂိုးအား ထပ်မံသွင်းယူနိုင်ခဲ့သည်။

  ဆက်လက်ပြီး ဒုတိယပိုင်း ၈၅မိနစ် ၄၀စက္ကန့်တွင် ဆီးရီးယား U-17   အမျိုးသား ဘောလုံး အသင်းမှ ODEY ALFASHTAKI ကျောနံပါတ်  (၁၆) က ချေပဂိုးအား ထပ်မံသွင်းယူခဲ့သည်။ မြန်မာ U-17  အမျိုးသားဘောလုံးအသင်းအနေဖြင့် ဂိုးထပ်မံရရှိရေး အတွက် အကြိတ်အနယ် တိုက်စစ်ဆင် ယှဉ်ပြိုင်ကစားခဲ့သော်လည်း  ပြိုင်ပွဲပြီးဆုံးချိန်တွင် တစ်ဖက် နှစ်ဂိုးစီ သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

အဆိုပါပွဲစဉ်တွင် ပထမပိုင်း၌ ကျောနံပတ် (၃) မြင့်မြတ်ကိုကို၊  ကျောနံပတ် (၄)မျိုးခန့်ကျော်၊ ကျောနံပတ် (၅)အသင်းခေါင်းဆောင် အောင်သီဟ ၊ ကျောနံပတ် (၇)အန့်ထူးပိုင် ၊ ကျောနံပါတ် (၈) လင်းရောင် ၊ ကျောနံပါတ် (၁၀)ညီညီသန့် ၊ ကျောနံပါတ် (၁၃)မြတ်မင်းသူ ၊ ကျောနံပါတ် (၁၅) ဝင်းဇော် ၊ ကျောနံပါတ် (၁၆)ချန်လန်တိန့် ၊ ကျောနံပါတ် (၁၈) ထက်ဝေယံ ၊ ကျောနံပါတ် (၁၉) ရဲနိုင်အောင် အားကစားသမား (၁၁) ဦးတို့က အကြိတ်အနယ်ယှဉ်ပြိုင် ကစားခဲ့ပြီး ဒုတိယပိုင်း (၄၅) မိနစ်တွင် ကျောနံပတ် (၁၉) ရဲနိုင်အောင် အစား  ကျောနံပတ်(၉) ဒီဝေယံ က လည်းကောင်း ၊ ကျောနံပတ်( ၁၆ ) ချန်လန်တိန့် အစား ကျောနံပတ်(၂)ပိုင်စိုးကျော် က လည်းကောင်း၊ ကျောနံပတ်( ၁၀ ) ညီညီသန့်အစား ကျောနံပတ်(၂၃)ကောင်းခန့် တို့အား လဲလှယ်  ယှဉ်ပြိုင်ကစားခဲ့ကြခြင်း ဖြစ်သည်။

ယနေ့ပြုလုပ်သည့် ခြေစစ်ပွဲအဆုံးအဖြတ်သည် အာရှဖလားဝင်ခွင့်ဖြင့် ၁၉ နှစ်ကြာ ဝေးကွာခဲ့ရသည့် မြန်မာ ယူ ၁၇ အသင်းအတွက် အာရှဖလားဝင်ခွင့်ကိုပြန်လည်ရယူ နိုင်ခဲ့ သည့် သမိုင်းဝင်နေ့ရက်တစ်ရက် ဖြစ်ခဲ့သည်။ မြန်မာ ယူ ၁၇ အသင်းသည် အုပ်စုပွဲစဉ်များ တွင် အာဖကန်နစ္စတန်အသင်းကို ၃ ဂိုး-၁ ဂိုး၊ နီပေါအသင်းကို ၄ ဂိုး - ဂိုးမရှိ၊ အိုမန်အသင်းကို ၂ဂိုး- ဂိုးမရှိ၊ ဆီးရီးယားအသင်းကို နှစ်ဂိုးစီဖြင့် သရေရလဒ်ထွက် ပေါ်ကာ အုပ်စုတွင်းရမှတ် ၁၀ မှတ်ဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ ခြင်းဖြစ်သည်။ ၂၀၂၆ ခုနှစ်၊ အာရှ ယူ-၁၇ ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် မေ ၇ ရက်မှ ၂၄ ရက်အထိ  ဆော်ဒီအာရေဗျနိုင်ငံက အိမ်ရှင် အဖြစ်လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။