ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko အား ဂုဏ်ပြုအခမ်းအနားဖြင့်ကြိုဆို၊ တွေ့ဆုံဆွေးနွေး နေပြည်တော်၊ နိုဝင်ဘာ - ၂၈
ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာ နိုင်ငံသို့တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိလာသော ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko အား ယနေ့နံနက်ပိုင်းတွင် သမ္မတ အိမ်တော်၊ ဆင်ဖြူတော်ဆောင်ဧည့်ခန်းမ၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။
ဦးစွာ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ လိုက်ပါလာသည့် အထူးယာဉ်တန်းသည် နိုင်ငံတော်သမ္မတအိမ်တော်သို့ ဂုဏ်ပြုမြင်းစီးတပ်ဖွဲ့၏ ဦးဆောင်ကြိုဆိုမှုဖြင့် ရောက်ရှိ လာရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ရင်းနှီးနွေးထွေးစွာကြိုဆိုနှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ တို့သည် ဂုဏ်ပြုခံ စင်မြင့်၌ နေရာယူပြီး ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကို ခံယူကြသည်။ ထိုသို့ ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူနေချိန်တွင် ဂုဏ်ပြုအမြောက်တပ်ဖွဲ့မှလည်း အမြောက် ၂၁ ချက်ကို စစ်ရေးပြအခမ်းအနားဖြင့် ဂုဏ်ပြုပစ်ဖောက်သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ တို့သည် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကာ ဂုဏ်ပြုကြိုဆိုပွဲသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံအဖွဲ့ဝင်များနှင့် အပြန်အလှန်မိတ်ဆက်ပေးကြသည်။
၎င်းနောက် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ သည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် အမှတ် တရလက်မှတ်ရေးထိုးပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ တို့သည် နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ သီးခြားတွေ့ဆုံဆွေးနွေးကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အဆွေတော် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအားလုံးကို မြန်မာနိုင်ငံမှ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်း၊ ဘယ်လာရုစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးမှု၊ ယုံ ကြည်မှုကို ပြသသည့်ခရီးစဉ်တစ်ခုဖြစ်ပြီး နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှု ၂၆ နှစ်တာကာလအတွင်း မြန်မာနိုင်ငံသို့ ဘယ်လာရုစ်နိုင်ငံမှနိုင်ငံတော်အကြီးအကဲ အနေ ဖြင့်လာရောက်သည့် သမိုင်းဝင်ခရီးစဉ်တစ်ခုဖြစ်ပါကြောင်း၊ ယခုကဲ့သို့ နှစ်နိုင်ငံအကြား ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန်သွားရောက်ခြင်းအားဖြင့် သံတမန်ဆက်ဆံမှု နှင့် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ ဘယ်လာရုစ် နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ထောက်ခံပေးလျက်ရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဘယ်လာရုစ် နိုင်ငံ အနေဖြင့် BRICS အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သည့်အတွက်လည်း ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး BRICS အဖွဲ့ဝင်နိုင်ငံဖြစ်စေရေးနှင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU)အဖွဲ့ဝင်နိုင်ငံဖြစ်စေရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသဖြင့် ဘယ်လာရုစ်နိုင်ငံအနေဖြင့် ဆက်လက်ထောက်ခံပေးစေလို ကြောင်း၊ အဆွေတော်ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ၏ ယခုခရီးစဉ်တွင် နှစ်နိုင်ငံ အကြား ကဏ္ဍပေါင်းစုံတွင်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးမှုများ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ က ပြန်လည်ဆွေးနွေးပြောကြား ရာ၌ မိမိဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံမှ ယခုကဲ့သို့ လှိုက်လှဲ နွေး ထွေးစွာကြိုဆိုမှုများအတွက် များစွာကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံ၏ကြိုဆို မှုများနှင့်ပြင်ဆင်ထားရှိမှုများကို မြင်တွေ့ရသည့်အချိန်၌လည်း အလွန်ပင်ဂုဏ်ယူ ဝမ်း မြောက်မိပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် အလှမ်းကွာဝေးသော်လည်း ချစ်ကြည် ရင်းနှီးမှုသည် တိုးတက်ကောင်းမွန်လျက်ရှိပါကြောင်း၊ ဘယ်လာရုစ်နိုင်ငံသည် စက်မှု နိုင်ငံဖြစ်ပြီး စက်မှု၊ ဆေးဝါးနည်းပညာ၊ ပညာရေး၊ စိုက်ပျိုးရေးတို့တွင် အဆင့်မီ နည်းပညာရပ်များကို ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံအတွက် လိုအပ်သည့် ကဏ္ဍများတွင်အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စစ်ဘက် နည်းပညာဆိုင်ရာနှင့် ကုန်သွယ်မှုဆိုင်ရာများတွင်လည်း တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား သက်ဆိုင်ရာတာဝန်ရှိသူများဖြင့် စီးပွားရေးဖိုရမ်များ ကို ကျင်းပပြုလုပ်နိုင်ခဲ့ပြီး စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်မည့် လိုအပ်ချက် များကို ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာလမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ကိုလည်း ရေးဆွဲနိုင်ခဲ့ပြီးဖြစ်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဘယ်လာရုစ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမျက်နှာစာများ၊ အဖွဲ့အစည်းများအကြားတွင် အမြဲတမ်းထောက်ခံရပ်တည် ပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ဘယ်လာရုစ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုသည့်ကိစ္စရပ်မှန်သမျှကို ကြိုဆိုလျက်ရှိပါ ကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ တို့သည် နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများနှင့်ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ ပညာရေး၊ ကျန်းမာရေး၊ စက်မှု၊ စိုက်ပျိုးမွေး မြူရေးနှင့် စစ်ဘက်နည်းပညာဆိုင်ရာ စသည့် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင် ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံအစိုးရ အနေ ဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိမှု၊ ယခုအခါ မြန်မာ-ထိုင်း နယ်စပ်တွင်ရှိနေသည့် Online လောင်းကစားမှုများသည် သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာစိန်ခေါ်ချက်ဖြစ်သဖြင့် သတိထားဆောင်ရွက်လျက်ရှိမှု၊ ၎င်းလုပ်ငန်း သည် ကိုဗစ်-၁၉ ကာလနောက်ပိုင်း ၂၀၂၀ ပြည့်နှစ်မှ စတင်ကျယ်ပြန့်လာမှု၊ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုဖြစ်လာချိန်၌ နယ်စပ်ဒေသများတွင် တည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှုလျော့နည်းလာသည်ကို အခွင့်ကောင်းယူပြီး တရားမဝင်လက်နက်ကိုင်အဖွဲ့များနှင့်ပူးပေါင်း၍ အွန်လိုင်းလောင်းကစားမှုကို အခြေချ ခဲ့မှု၊ အွန်လိုင်းလောင်းကစားမှုပြုလုပ်သည့်နေရာများမှ ဖမ်းဆီးရမိသူ နိုင်ငံပေါင်း ၅၂ နိုင်ငံမှ ပြည်ပနိုင်ငံသား ၇၀၀၀၀ နီးပါးခန့်ကို ထိန်းသိမ်း၍ မိခင်နိုင်ငံသို့ပြန်ပို့လျက်ရှိမှု၊ ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၁၀၀၀ ခန့်ကိုလည်း ပြန်ပို့ရန်ဆောင်ရွက်လျက်ရှိမှုနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုံးဝပြန်လည်အခြေမချနိုင်စေရေး၊ဒုစရိုက် လုပ်ငန်းများ ထပ်မံမလုပ်ဆောင်နိုင်စေရေးအတွက် တရားမဝင်ဆောက်လုပ်ထားသည့် အဆောက်အအုံများကိုလည်း အပြီးတိုင်ဖျက်ဆီးဖြိုချမှုများ ဆောင်ရွက်လျက်ရှိပြီး အမြစ်ပြတ်ချေမှုန်းသွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ်ကို မကြာမီကာလအတွင်း ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ဘယ်လာရုစ်နိုင်ငံမှလည်း လေ့လာစောင့်ကြည့်ရေး အဖွဲ့စေလွှတ် သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များကို ကဏ္ဍပေါင်းစုံ၌ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးတို့ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတနှင့်အတူ ဘယ်လာရုစ်အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိ ကြီးများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ တို့သည် မှတ်တမ်း တင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko
လေးစားရပါသော အဆွေတော်သမ္မတကြီးနှင့်တကွ မြန်မာနိုင်ငံက သူငယ်ချင်းများ၊ မိတ်ဆွေအပေါင်းအသင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော်အပါအဝင် ကျွန်တော်ရဲ့ ဒီခရီးစဉ် အဖွဲ့ဝင်အားလုံးကို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုပေးတဲ့အတွက် ကျွန်တော်ရဲ့ Delegation ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ ဘယ်လာရုစ် နိုင်ငံအနေနဲ့ အဆွေတော်သမ္မတကြီးနှင့်တကွ မြန်မာနိုင်ငံကရှိတဲ့ ရင်းနီးရတဲ့ မိတ်ဆွေများ အားလုံးကို ဖိတ်ခေါ်ပါကြောင်းနဲ့ ဘယ်လာရုစ်နိုင်ငံအနေနဲ့ တံခါးအမြဲတမ်းဖွင့်ထားကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့ အဆွေတော်သမ္မတကြီးပြောသွားသလိုပဲ ကျွန်တော်တို့တွေ့ဆုံမှုမှာ နှစ်နိုင်ငံအတွက် အရေးကြီးတဲ့ ဒီဆွေးနွေးမှုတွေကို ဆွေးနွေး ခဲ့ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ နှစ်နိုင်ငံကြားမှာ ဆေးဝါးဆိုင်ရာကိစ္စရပ်များ၊ စက်မှုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ၊ သိပ္ပံနှင့်နည်းပညာ ဆိုင်ရာကိစ္စရပ်များ၊ စစ်ဘက်ပူးပေါင်းမှုဆိုင်ရာကိစ္စရပ်များ အစရှိတဲ့ အရေးကြီးတဲ့အခန်း ကဏ္ဍတွေကို ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးနဲ့ ပတ်သက်လို့ မည်သည့်ပုဂ္ဂိုလ်မဆို ကြားဝင်နှောင့်ယှက်မှုရှိခဲ့သော်လည်း ကျွန်တော့်တို့အနေနဲ့ ဒီဟာတွေကို ဂရုမပြုဘဲနဲ့ ရှေ့လျှောက်ပြီးတော့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကို ပူးပေါင်းဆောင်ရွက်သွား မှာဖြစ်ပါတယ်။ ဒါကဘာလို့ ဒီလိုပြောရလည်းဆိုတော့ ဒီပူးပေါင်းဆောင်ရွက်မှုတွေဟာ ဘယ်လာရုစ်သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံကြားမှာ အထူးသဖြင့် ဘယ်လာရုစ်နိုင်ငံပြည်သူ ပြည်သားတွေနဲ့ မြန်မာနိုင်ငံပြည်သူပြည်သားတွေအကျိုးကိုရှေးရှုပြီးတော့ ဆောင်ရွက်တာ ဖြစ်တဲ့အတွက် ဒီဆောင်ရွက်မှုတွေအားလုံးကို ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ လေးစားရပါသော အဆွေတော်သမ္မတကြီးနှင့်တကွ တက်ရောက်လာသော ဝန်ကြီးများအားလုံး ခင်ဗျာ-ကျွန်တော်တို့ ဒီနေ့ တွေ့ဆုံဆွေးနွေးမှုမှာ ဆွေးနွေးခဲ့တဲ့ အချက်အလက်တွေအားလုံးဟာ ကျွန်တော်တို့နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးအတွက် အဆင့်မြင့်ဆုံးဆွေးနွေးမှုများလို့ ကျွန်တော်တို့ သတ်မှတ်လို့ရပါတယ်။ ဒီဆွေးနွေးမှုတွေ အားလုံးဟာ ဒီနေ့ တွေ့ဆုံမှုတစ်ခုတည်းရဲ့ ရလာဒ်မျိုးမဟုတ်ဘဲနဲ့ ယခင်ကတည်းက Business Forum တွေမှာ နှစ်နိုင်ငံတာဝန်ရှိတဲ့ ဝန်ကြီးများ၊ နှစ်နိုင်ငံမှ စက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီးတော့ ကုမ္ပဏီပိုင်းဆိုင်ရာမှ တာဝန်ရှိတဲ့သူများ အချင်းချင်း ဆွေးနွေး ထားခဲ့တဲ့ ဆွေးနွေးမှုများကို ထပ်လောင်းဆွေးနွေးခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့တွေ့ဆုံမှုကနေ ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး ရရှိလာတဲ့ ရလဒ်များအရဆိုရင်တော့ မြန်မာနိုင်ငံအတွက် လိုအပ်ချက်ရှိနေတဲ့ လိုအပ်ချက်များအားလုံးကို ကျွန်တော်တို့ ဘယ်လာရုစ်ဘက်ကလည်း ဖြည့်ဆည်းပေးနိုင်သလို ဘယ်လာရုစ်ဘက်က လိုအပ်ချက် ရှိနေတဲ့ အခန်းကဏ္ဍများ၊ ပစ္စည်းများကို မြန်မာနိုင်ငံကနေပြီးတော့ ဖြည့်ဆည်းပေး နိုင်တယ်ဆိုတာကို ကျွန်တော်တို့ ရရှိပါတယ်။ ဒါကြောင့်မိုလို့ နှစ်ဦးနှစ်ဖက် ကုန်သွယ် စီးပွားရေး တိုးမြှင့်ဖို့အတွက် ကျွန်တော်တို့ ဆက်လက်ပြီးတော့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ထပ်မံပြီး ပြောကြားလိုတာကတော့ ကျွန်တော်တို့ နှစ်နိုင်ငံကြားမှာ တားမြစ်ထားတဲ့ လျှို့ဝှက်ထားတဲ့ အကြောင်းအရာ အချက်အလက် ဘာမှမရှိပါဘူး။ ပွင့်ပွင့်လင်းလင်းပဲ ကျွန်တော်တို့ ဆွေးနွေးနိုင်ပါတယ်။ လေးစားရပါသော အဆွေတော်သမ္မတကြီးနှင့် ဝန်ကြီးများခင်ဗျာ ကျွန်တော်တို့အနေနဲ့ ဘယ်လာရုစ်နိုင်ငံမှ ပစ္စည်းများကို ရောင်းချခြင်းတင် မဟုတ်ဘဲနဲ့ ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီးတော့ စက်ရုံများတည်ထောင်ခြင်း၊ လုပ်ငန်းကိစ္စများ ကုမ္ပဏီများ ပူးပေါင်းတည်ထောင်ခြင်း ကိုလည်း လုပ်ဖို့အတွက် ဆန္ဒရှိပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက လိုအပ်ချက်ရှိတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ပြီးတော့ မြန်မာနိုင်ငံမှာ ပူးတွဲကုမ္ပဏီတွေ တည်ထောင်ချင်ပါတယ်။ ဒီလိုမျိုးတည်ထောင်ခြင်းအားဖြင့် ကျွန်တော်တို့ နှစ်နိုင်ငံ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်များစွာရရှိမှာ ဖြစ်ပြီးတော့ ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်း တွေအားလုံးကိုလည်း အောင်မြင်အောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ တွေ့ဆုံမှုတွေမှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာများအရ သတ်မှတ်ထား တဲ့ကာလတွေ၊ ပမာဏတွေ ရှိပါတယ်။ ဒီကာလတွေ၊ ပမာဏတွေ အတွင်းမှာ နှစ်ဦးနှစ်ဖက် ကုန်သွယ်မှု စီးပွားရေးလုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတွေကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လေးစားရပါသော အဆွေတော် သမ္မတကြီးခင်ဗျာ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံမှာဆိုလို့ရှိရင် မကြာမီအတော အတွင်း အတိအကျပြောမယ်ဆိုရင် နောက်လာမယ့် တစ်လ အတွင်းမှာ မြန်မာနိုင်ငံမှာ သမိုင်းဝင် ရွေးကောက်ပွဲ ကျင်းပတော့မယ်လို့ သိရှိရပါတယ်။ ဒီရွေးကောက်ပွဲကတော့ မြန်မာနိုင်ငံ အတွက် အရေးပါတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲ ပြီးတဲ့အချိန်မှာ အထူးသဖြင့် တော့ ပါလီမန်တည်ထောင်ဖို့အတွက် ဒီရွေးကောက်ပွဲကို လုပ်ဆောင်တယ်လို့ သိရှိရပါတယ်။ ကျွန်တော့်အနေနဲ့ အဆွေတော် သမ္မတကြီးကို မိတ်ဆွေရင်းအနေနဲ့ ထပ်ပြီးတော့ ပြောလိုတာကတော့ အဆွေတော်သမ္မတကြီး ဦးဆောင်ပြီးတော့ ကျင်းပတဲ့ရွေးကောက်ပွဲ ဟာဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့ ပြည်သူပြည်သားတွေ အားလုံးအတွက် ရွေးကောက်ပွဲကို ကျင်းပတာဖြစ်လို့လည်း ကျွန်တော်ထောက်ခံပါတယ်။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ပြည်သူပြည်သားတွေ အားလုံးအနေနဲ့လည်း အစိုးရက ပြည်သူပြည်သားတွေ အားလုံးအတွက် လုပ်ဆောင်ပေးတယ်ဆိုတာကိုလည်း နားလည်ရမှာဖြစ်ပါတယ်။ လေးစား ရပါသော အဆွေတော်သမ္မတကြီးခင်ဗျာ အဆွေတော်သမ္မတကြီးနဲ့ မြန်မာနိုင်ငံအနေနဲ့ အနာဂတ်မှာ အလားအလာကောင်းတွေ အများကြီးရှိတယ်ဆိုတာ ကျွန်တော်ယုံကြည် ပါတယ်။ လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံအနေနဲ့ အနာဂတ်ကို အကောင်အထည် ဖော်နိုင်ဖို့အတွက် တည်ငြိမ်အေးချမ်းမှုကို အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး မြန်မာနိုင်ငံရဲ့ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဘယ်လာရုစ်နိုင်ငံအနေနဲ့လည်း တတ်နိုင်သလောက် ကူညီပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့ မြန်မာနဲ့ ဘယ်လာရုစ် နှစ်နိုင်ငံအကြား Road Map ကိုလည်း လက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။ ဒီ Road Map မှာလည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတွေကို အသေးစိတ်ဖော်ပြပြီးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ စီးပွားရေးဆိုင်ရာကိစ္စရပ်တွေ၊ စိုက်ပျိုး ရေးဆိုင်ရာကိစ္စရပ်တွေ၊ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်တွေ အများကြီး ဆွေးနွေးပြီး ဖြစ်ပါတယ်။ ဒီဆွေးနွေးခဲ့တာတွေ အားလုံးရဲ့ အပြီးမှာ အရေးကြီးတဲ့ အချက်တစ်ချက် ရှိပါတယ်။ အဲ့ဒါကတော့ နှစ်နိုင်ငံအကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဖြစ်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးနှင့် ပတ်သက်ပြီးတော့ ပါဝင်တဲ့ အခန်းကဏ္ဍတွေကတော့ ဆေးဝါး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု ဖလှယ်ခြင်းဆိုင်ရာ အခန်းကဏ္ဍတွေပါပါတယ်။ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ တိုးမြှင့်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့ ဘယ်လာရုစ်နိုင်ငံအနေနဲ့ ကူညီသွားမှာဖြစ်ကြောင်းလည်း ပြောကြားလိုပါတယ်။ ကျွန်တော့် အနေနဲ့ ထပ်မံပြောကြားလိုတာကတော့ ကျွန်တော့်ရဲ့ နိုင်ငံရေးသက်တမ်း တစ်လျှောက်မှာ အဆွေတော်ဦးဆောင်တဲ့ အစိုးရအဖွဲ့လိုမျိုး မိမိနိုင်ငံနဲ့ မိမိပြည်သူပြည်သားတွေအတွက် နေ့စဉ်နေ့တိုင်း အားသွန်ခွန်စိုက် အလုပ်လုပ်တဲ့ အစိုးရနဲ့ နိုင်ငံခေါင်းဆောင်မျိုး မတွေ့ ဖူးပါဘူး။ တော်တော်လေးကို ရှားရှားပါးပါး တွေ့ဖူးတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံအနေနဲ့လည်း နှစ်နိုင်ငံပြည်သူပြည်သားတွေ အားလုံးအကျိုးအမြတ် ရစေဖို့၊ နှစ်နိုင်ငံပြည်သူပြည်သားတွေ အားလုံးစိတ်ချမ်းသာစေဖို့ အတွက် ပူးပေါင်းဆောင် ရွက်ဖို့အတွက် ဘယ်လာရုစ်နိုင်ငံအနေနဲ့ အဆင်သင့်ရှိကြောင်း ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံကနေပြီးတော့ Specialist တွေ ဘယ်လာရုစ်နိုင်ငံကို လာခဲ့ပါ။ ဖိတ်ခေါ်ပါတယ်။ မြန်မာနိုင်ငံအတွက် ဘာတွေလိုအပ်နေတယ်ဆိုတာကိုလည်း ဆွေးနွေးပါ။ ကျွန်တော်တို့ ဘယ်လာရုစ်နိုင်ငံအနေနဲ့ အမြဲတမ်း ကူညီသွားဖို့ အဆင်သင့်ရှိပါတယ်။ ကျွန်တော်တို့ အခုလိုမျိုးလာရောက်တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ နွေးနွေးထွေးထွေးနဲ့ ကြိုဆိုပေးတဲ့ အတွက်ရယ် အထူးတလည် အချိန်ပေးပြီးတော့ တွေ့ဆုံတဲ့ အတွက်လည်း ကျေးဇူး အများကြီးတင်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
အဆွေတော် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ သမ္မတကြီး မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုနဲ့ နှစ်ဖက်က ကိုယ်စားလှယ်များ၊ မီဒီယာများအားလုံးပဲ မင်္ဂလာပါ။ မြန်မာနိုင်ငံနဲ့ ဘယ်လာရုစ် နိုင်ငံတို့ဟာ အရေးပါတဲ့ မိတ်ဆွေရင်း၊ မိတ်ဆွေစစ် နိုင်ငံတွေဖြစ်ပြီး ဘယ်လာရုစ်နိုင်ငံဟာ မြန်မာ နိုင်ငံရဲ့ ယုံကြည်စိတ်ချရဆုံးသော နိုင်ငံဖြစ်သလို မြန်မာနိုင်ငံဟာလည်း ဘယ်လာရုစ်ရဲ့ ယုံကြည် စိတ်ချရဆုံး နိုင်ငံဖြစ်စေရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံအကြားမှာ ၁၉၉၉ ခုနှစ် မှာ စတင်ထူထောင်ခဲ့တဲ့ သံတမန်ဆက်ဆံရေးဟာ ယခုနှစ်မှာ (၂၆) နှစ်ပြည့်ခဲ့ပြီးဖြစ်ပါတယ်။ ဒီ (၂၆) နှစ်တာကာလအတွင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာ ပိုမိုခိုင်မာ နက်ရှိုင်းလာခဲ့ပါတယ်။ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ မြန်မာ နိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံအကြားမှာ သံတမန်ဆက်ဆံရေး ထူထောင်ပြီးတဲ့နောက် ဘယ်လာရုစ် နိုင်ငံမှ နိုင်ငံတော်အကြီးအကဲ မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ် လာရောက်တဲ့ ခရီးစဉ်ဖြစ်တဲ့ အတွက် နှစ်နိုင်ငံဆက်ဆံရေးသမိုင်းမှာ မှတ်တမ်းတင်နိုင်တဲ့ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။ အခု အချိန်မှာ နှစ်နိုင်ငံအကြားမှာ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အနီးကပ်ဆုံးနဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိနေပြီဆိုတာ ပြောနိုင်ပါတယ်။ ဒီလိုအမြင့်ဆုံးရောက်ရှိနေတဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေး မှတ်ကျောက်တင်တဲ့အနေနဲ့ သမ္မတကြီးရဲ့ ခရီးစဉ်အတွင်းမှာပဲ နှစ်နိုင်ငံချစ်ကြည်ရေး သစ်ပင်ကို နေပြည်တော် ပရဆေးဥယျာဉ်မှာ ကံကော်ပင် အမှတ်တရစိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့နှစ်ယောက် တွေ့ဆုံပြီးတဲ့နောက်မှာ အရင်တွေ့ဆုံဆွေးနွေးချက်များနဲ့ သဘော တူညီချက်များ အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်ဖို့၊ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖို့ ကဏ္ဍ များစွာ၊ အထူးသဖြင့် ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာ၊ ကျန်းမာရေး၊ အားကစားနဲ့ ခရီးသွားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံအကြားမှာ သံတမန်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေဖို့နဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုစတဲ့ ကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်မယ့် အားတွေကောင်းလာစေဖို့အတွက် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့မှာရှိတဲ့ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးကိုလည်း သံရုံးအဆင့်သို့ တိုးမြှင့်သွားဖို့နဲ့ ဘယ်လာရုစ်နိုင်ငံရဲ့ ကိုယ်စား လှယ်ရုံးကိုလည်း မြန်မာနိုင်ငံမှာ ဖွင့်လှစ်သွားဖို့လည်း သဘောတူညီခဲ့ပြီ ဖြစ်ပါတယ်။ မနေ့က ရန်ကုန်မြို့မှာ နှစ်ဖက်စီးပွားရေး လုပ်ငန်းရှင်တွေအကြားမှာ တတိယအကြိမ် စီးပွားရေးဆိုင်ရာ ဖိုရမ်ကို အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ပြီး ရလဒ်ကောင်းတွေ ရရှိခဲ့တာကိုလည်း များစွာဝမ်းမြောက် ကျေနပ်မိပါတယ်။ သမ္မတကြီးနဲ့ နှစ်ဖက်ကိုယ်စားလှယ်များနဲ့ မီဒီယာအဖွဲ့ဝင်များခင်ဗျာ- မြန်မာ နိုင်ငံဟာ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံကြီး နှစ်နိုင်ငံအကြားမှာ တည်ရှိတဲ့ နိုင်ငံဖြစ်တဲ့အတွက် ပတ်ဝန်းကျင်မှာ ကြီးမားတဲ့ဈေးကွက်ကြီးရှိတဲ့အပြင် သယံဇာတပေါကြွယ်ဝတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ မြေနေရာများစွာရှိပြီး မိုင်ပေါင်း ၁၃၀၀ ကျော်ရှည်လျားတဲ့ ပင်လယ်ကမ်းရိုးလည်း ရှိပါတယ်။ ရင်းနှီးမြှပ်နှံဖို့ အခွင့်အလမ်းကောင်းတွေ ရှိတဲ့ မြန်မာနိုင်ငံမှာ ဘယ်လာရုစ်နိုင်ငံက နယ်ပယ်ကဏ္ဍစုံက စီးပွားရေးလုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှပ်နှံဖို့လည်း ကျွန်တော်ဖိတ်ခေါ်ပါတယ်။ သမ္မတကြီးနဲ့ နှစ်ဖက်ကိုယ်စားလှယ်များနဲ့ မီဒီယာအဖွဲ့ဝင်များခင်ဗျာ- ဘယ်လာရုစ်နိုင်ငံအနေနဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာ စာတွေ/ ပေါ်မှာ မြန်မာနိုင်ငံအပေါ် အစဉ်အမြဲ ရပ်တည်ထောက်ခံပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင် ရှိကြောင်း အလေးအနက် ပြောကြားလိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက နိုင်ငံ့အခြေအနေနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးလမ်းကြောင်းနှင့်အညီ လျှောက်လှမ်းနေတဲ့အပေါ် ဘယ်လာရုစ်နိုင်ငံက အစဉ်တစိုက်ရပ်တည်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲနဲ့ စပ်လျဉ်းပြီး လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ဆောင်ရွက်နေတဲ့အပြင် ပြီးခဲ့တဲ့ ၂၅ ရက်နေ့က အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့တဲ့ ယာယီခိုလှုံခွင့် ရုပ်သိမ်းတဲ့ မြန်မာနိုင်ငံသား ၄၀၀၀ ခန့်ကိုလည်း လက်ခံဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ သူတို့ မဲစာရင်းမှာ ပါလို့ရှိရင်လည်း မဲပေးခွင့်ရှိအောင် ဆောင်ရွက်ပေးပါမယ်။ အလားတူစွာပဲ အခြားအကြောင်း အမျိုးမျိုးနဲ့ ပြည်ပကိုရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားများကိုလည်း ဒီမိုကရေစီရေးမှာ ငြိမ်းချမ်း စွာ လက်တွဲဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံကို ပြန်လာဖို့ ကြိုဆိုကြောင်းလည်း ပြောလိုပါတယ်။ ဘယ်လာရုစ်နိုင်ငံမှ စောင့်ကြည့်သူ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်သွားမှာဖြစ်တဲ့ အတွက် ဝမ်းမြောက်စွာကြိုဆိုပါကြောင်းလည်း ပြောလိုပါတယ်။ နောင်အနာဂတ်မှာလည်း ကျွန်တော်တို့ နှစ်နိုင်ငံအကြားမှာ နိုင်ငံတကာ မျက်နှာစာမှာ နီးကပ်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ထပ်လောင်းပြောကြားလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေကနေ တစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမို တိုးမြှင့်စေဖို့အတွက် အဆွေတော်သမ္မတကြီးနဲ့ ဘယ်လာရုစ်နိုင်ငံပြည်သူများနှင့်အတူ ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ထပ်လောင်းဆန္ဒပြုပါတယ်။ ကျေးဇူးတင်ပါတယ် သမ္မတကြီး။









