မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံသို့ သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ၂၀၂၅ နိုဝင်ဘာ ၂၈

Saturday, November 29, 2025 - 03:00

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ် ဆည်တော်ကြီးကျေးရွာရှိ ဆည်တော်ကြီးရေလှောင်တမံအား ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက   သွားရောက်ကြည့်ရှုစစ်ဆေးသည်။

         ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ရေအား လျှပ်စစ်စက်ရုံထိန်းချုပ်ခန်းနှင့် ထရမ်စဖော်မာများပြုပြင်နေမှုကို လိုက်လံကြည့်ရှု စစ်ဆေးရာ ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းစက်ရုံးမှူးက မန္တလေးမြို့ အောင်ပင်လယ်ဓာတ်အားခွဲရုံ သို့ ဓာတ်အားပေးပို့နိုင်ရန်အတွက် ပို့လွှတ်ရေးပစ္စည်းများအား စစ်ဆေးပြုပြင်နေမှု၊ ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဌာနမှ တာဝန်ယူထိန်းသိမ်းသော 132 KV အောင်ပင်လယ်- ဆည်တော်ကြီး လိုင်းပြုပြင် ပြီးစီးပါက နိုင်ငံတော်ဓာတ်အားစနစ်ထဲသို့ ဓာတ် အားထည့်ရန် ဆည်တော်ကြီးတမံ၏ စက်အမှတ်(၂)အားလည်ပတ်သွားမည့် အခြေအနေ၊ စက်အမှတ်(၁) ၏ပင်မ ထရမ်စဖော်မာများပျက်စီးမှုအားစစ်ဆေး ခြင်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဝန်ထမ်းများလုပ်ငန်းခွင်အတွင်း လုံခြုံအေးချမ်းစွာဖြင့် တာဝန်များထမ်းဆောင်နေမှု အခြအနေ များကိုလည်းကောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရှင်းလင်းတင် ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေး ပြီး ဝန်ထမ်းများအား   အားပေးစကားများ ပြောကြားသည်။

ထို့နောက် ရေပိုလွှဲတံခါးကြီးများမှ မိုးစပါးအောင်ရေအတွက် ရေထုတ်လွှတ်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက ဆည်တော်ကြီး ရေလှောင်တမံဆိုင်ရာ အချက်အလက်များ၊ တမံ ကြံ့ခိုင်မှု အတွက်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှကွင်းဆင်းစစ်ဆေးတွေ့ရှိခဲ့မှုအခြေအနေ များနှင့် ပြုပြင်ဆောင်ရွက်သွားမည့်အစီအမံများ၊ တမံအတွင်းရေသိုလှောင် ထိန်းသိမ်းထားမှု၊ မိုးစပါး အောင်ရေအတွက် ရေထုတ်လွှတ်နေမှု ၊ မန္တလေး ၊ မတ္တရာ၊ ပုသိမ်ကြီးနှင့် အမရပူရမြို့နယ်များ အတွက် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့်နွေသီးနှံစိုက်ပျိုးရေ ခွဲဝေလျာထားမှု အခြေအနေများကို ရှင်းလင်းပြောကြားရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က ရှင်းလင်းမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး တာဝန်ထမ်းဆောင် နေကြသည့် ဝန်ထမ်းများကို  အားပေးစကားများ ပြောကြားကာ တမံနှင့် ရေအားလျှပ်စစ် စက်ရုံတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

 ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ရေနံ့သာ ကျေးရွာရှိ ရေနံ့သာနယ်မြေရဲစခန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေး၍ ရဲတပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် မတ္တရာ-သပိတ်ကျင်းလမ်းပေါ်ရှိ အကြမ်းဖက်သောင်းကျန်းသူများ မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခဲ့သော တံငါတံတားအား ပြည်သူများသွားလာနိုင်ရေးအတွက်  ယာယီဘေလီ တံတားအဖြစ်ပြုပြင် ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။