ကရင်ပြည်နယ် မြဝတီဒေသဆိုတာ ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင်ရှိပြီး အိန္ဒိယ- မြန်မာ-ထိုင်း သုံးနိုင်ငံ အာရှလမ်းမကြီး၏ အချက်အချာကျတဲ့ နယ်မြေဖြစ်ပါတယ်။ ဒီနယ်မြေမှာ ကရင်လက်နက် ကိုင်အဖွဲ့အစည်းအများစု အခြေချလှုပ်ရှားနေပါတယ်။ ၂၀၁၅ ခုနှစ်မှာ NCA သဘောတူစာချုပ်ကို ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ DKBA ၊ KNU/KNLA-PC ၊ KNU တို့ ပါဝင်လက်မှတ် ရေးထိုး ခဲ့ပြီး နယ်မြေတည်ငြိမ်မှုရှိလာတာနဲ့အမျှ ဒေသဖွံဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီလို ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ကာလ ၂၀၁၆ ခုနှစ်မှာ အခွင့်ကောင်းယူ တစ်ဖက်လှည့် အကြောင်းပြပြီး KNU တပ်မဟာ ၇ နယ်မြေထဲက ရွှေကုက္ကိုလ်စီမံကိန်းကို စတင်ခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်း ကျောက်ခက်ကျေးရွာမှာ Chongkhaed Garden Resort လောင်းကစားရုံ စီမံကိန်းနဲ့ ၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းမှာတော့ တပ်မဟာ ၆ နယ်မြေ မဲ့ထော်သလေးဒေသမှာ KK Park စီမံကိန်းတို့ကို စတင်လုပ်ဆောင်ခဲ့ ကြကြောင်း တွေ့ရှိရပါတယ်။
KNU ခေါင်းဆောင်ပိုင်းတွေအနေနဲ့ လုပ်ပိုင်ခွင့်ကို တရားဥပဒေမဲ့ အသုံးချကာ နိုင်ငံပိုင်မြေ တွေကို နှစ်ရှည်စာချုပ် ချုပ်ပြီး ပြည်ပနိုင်ငံသားတွေကို ငှားရမ်းတာ၊ တရားမဝင်လောင်းကစား လုပ်ငန်းအပါအဝင် ဒုစရိုက်လုပ်ငန်းတွေကို အခကြေးငွေယူပြီး အကာအကွယ်ပေးတာတွေ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီနယ်မြေမှာ အခြေချလာတဲ့ ပြည်ပနိုင်ငံသားတွေ အများစုဟာ ကမ္ဘောဒီးယားနိုင်ငံက ကာစီနိုလောင်းကစားမြို့ဖြစ်တဲ့ သီဟာနုဘေလ်ကနေ ပြောင်းရွှေ့လာကြတာ ဖြစ်ပါတယ်။ ဒီ သီဟာနုဘေလ်မှာ လောင်းကစားလုပ်ငန်းတွေထွန်းကားလာတဲ့အခါ ဒုစရိုက်မှုတွေ ထူပြောလာသလို ဒေသခံတွေအတွက် ဘာသာစကားမကျွမ်းကျင်မှုကြောင့် စီးပွားရေးလုပ်ရာမှာ အခက်အခဲတွေဖြစ်ခဲ့ရတဲ့အပြင် တစ်မြို့လုံးကို နိုင်ငံခြားသားတွေလွှမ်းမိုးလာခဲ့ပါတယ်။ ဒါ့အပြင် ကာစီနိုလုပ်ငန်းတွေနဲ့အတူ လူမိုက်မာဖီးယားတွေရဲ့ ဥပဒေမဲ့ အနိုင်ကျင့်နှိပ်စက်မှုကိုလည်း ခံခဲ့ကြရ ကြောင်းတွေ့ရှိကြရပါတယ်။ ဒါ့ကြောင့် မြဝတီဒေသကိုလည်း သီဟာနုဘေလ် လိုဖြစ်မှာ ဒေသခံ ကရင်တိုင်းရင်းသားတွေက စိုးရိမ်ခဲ့ကြပြီး ဒီစီမံကိန်းတွေနဲ့ လောင်းကစားလုပ်ငန်းတွေကို လက်မခံဘဲ ကန့်ကွက်ခဲ့ကြပါတယ်။ ရွှေကုက္ကိုလ်၊ ကျောက်ခက်နဲ့ KK Park မှာ ရှိနေတဲ့ ရာဇဝတ်ဂိုဏ်းတွေ၊ ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ KNU ခေါင်းဆောင်တွေကို ဖော်ထုတ်အရေးယူပေးဖို့ ကိုလည်း ၂၀၂၃ ခုနှစ် ဧပြီလအတွင်းမှာ ကျင်းပတဲ့ KNU ကွန်ဂရက်မှာ တောင်းဆိုခဲ့တာ တွေ့ရှိ ရပါတယ်။ KNU က စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ခုဖွဲ့စည်းပြီး စုံစမ်းမှုတွေ ဟန်ပြလုပ်ခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ စစ်ဆေးတွေ့ရှိချက်တွေကို ပွင့်လင်းမြင်သာစွာနဲ့ ဒေသခံပြည်သူလူထုကို ဘာမှမချပြတဲ့အပြင် အရေးယူဆောင်ရွက်မှုတွေကိုလည်း ဘာတစ်ခုမှလုပ်တာ မတွေ့ရှိရပါဘူး။ ဒါကိုကြည့်ရင် ဒီမြဝတီ ဒေသမှာဖြစ်နေတဲ့ တရားမဝင်အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်း တွေမှာ KNU ခေါင်းဆောင်ပိုင်းက အတွင်းကျကျ ပါဝင်ပတ်သက်နေတယ်ဆိုတာ ထင်ရှားစွာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
မြဝတီဒေသမှာ အခုလိုမျိုး တရားမဝင်အဆောက်အအုံတွေ တိုးချဲ့ဆောက်လုပ်နေတာကို နိုင်ငံတော်အစိုးရအနေနဲ့ လက်ခံခွင့်ပြုပေးခဲ့တာမဟုတ်ပါဘူး။ ဒီလုပ်ငန်းတွေရဲ့ အစက ၂၀၁၇ ခုနှစ် က စတင်ခဲ့တဲ့ ရွှေကုက္ကိုလ် စီမံကိန်းဖြစ်ပါတယ်။ ရွှေကုက္ကိုလ်စီမံကိန်းဆိုတာ မြန်မာ-ရထိုက် ရွှေကုက္ကိုလ် အထူးစီးပွားရေးဇုန်စီမံကိန်းအဖြစ် Yatai International Holding Group နဲ့ ချစ်လင်းမြိုင် ကုမ္ပဏီတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ စီမံကိန်းလုပ်ငန်းတွေစတင်ဖို့ကို ၂၀၁၆ ခုနှစ် လောက်ကတည်းက ပြင်ဆင်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက NLD အစိုးရရဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ နောက်ပိုင်း ၂၀၁၇ ခုနှစ်၊ ဧပြီလထဲမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြခွင့်ပြုချက်ယူခဲ့ကြောင်း သိရှိရပြီး ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကတော့ စီမံကိန်းတင်ပြရာမှာ လောင်းကစားရုံတွေတည်ဆောက်မယ့် အစီအစဉ် မပါဝင် ဘူးလို့ဆိုခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ ဒီစီမံကိန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) က ၂၅ ဒသမ ၅ ဧကသာ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ နှစ်ဦးပိုင်းမှာ ခွင့်ပြုပေးထားတဲ့ အဆောက်အဦတွေထက် ပိုမိုဆောက်လုပ်နေကြောင်း ပြည်သူတွေက တိုင်ကြားတဲ့အတွက် ဒါနဲ့ ပတ်သက်ပြီးလည်း အဲ့ဒီအချိန်က တာဝန်ရှိတဲ့ NLD အစိုးရအနေနဲ့ ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့တာကြောင့် စီမံကိန်းလုပ်ငန်းတွေ ယာယီရပ်ဆိုင်းခဲ့တာ ကိုလည်း တွေ့ရှိရပါတယ်။ ဒီစီမံကိန်းကိစ္စကို အဲဒီတုန်းက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးရဲ့(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ မြဝတီမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က မေးခွန်းမေးမြန်းတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းက ပြန်လည်ဖြေကြားတဲ့အခါ မြေ ၂၅ ဒသမ ၅ ဧက ပေါ်မှာ အဆင့်မြင့်လူနေအိမ်တွေဆောက်လုပ်ဖို့အတွက် ဥပဒေနဲ့အညီ စိစစ်ခွင့်ပြုခဲ့တာ ဖြစ်ကြောင်း၊ ဥပဒေအရလိုက်နာရမဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့ပျက်ကွက်ရင်၊ ချိုးဖောက် သွေဖည်ခဲ့ရင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့တာ တွေ့ရှိရပါတယ်။ နောက်ပိုင်းမှာ လောင်းကစားလုပ်ငန်းတွေနဲ့ ပတ်သက်နေတဲ့ သူတွေက ရပ်ဆိုင်းနေတဲ့လုပ်ငန်းတွေ ဆက်လုပ်လို့ရအောင် တရုတ်နိုင်ငံက အကောင်အထည် ဖော်နေတဲ့ BRI စီမံကိန်းမှာ ပါဝင်သယောင် ဝါဒဖြန့်ခဲ့တာ တွေ့ရှိရတဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက BRI စီမံကိန်းမှာမပါဝင်ကြောင်း ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတုန်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို သံအမတ်ကြီး မစ္စတာ ချန်ဟိုင် လာရောက်တွေ့ဆုံစဉ်မှာ ရှင်းလင်းတင်ပြ ခဲ့ပါတယ်။ ဒီရွှေကုက္ကိုလ်စီမံကိန်းတစ်ခုတည်းသာ နိုင်ငံတော်ကို တစ်စိတ်တစ်ပိုင်း တင်ပြပြီး ဆောင်ရွက်ခဲ့တာဖြစ်ပေမယ့် ကျန်တဲ့ ကျောက်ခက်နဲ့ KK Park စတဲ့ စီမံကိန်း တွေကတော့ လုံးဝ တင်ပြခဲ့တာ မရှိဘူးဆိုတာလည်း တွေ့ရှိရပါတယ်။
နောက်လောင်းကစားလုပ်ငန်းစီမံကိန်းတစ်ခုဖြစ်တဲ့ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာမှာ လုပ်နေတဲ့ Chongkhaed Garden Resort လောင်းကစားရုံစီမံကိန်းကို KKO အဖွဲ့က ဗိုလ်မှူးချုပ် အဆင့်ရှိတဲ့ စိုင်းကျော်လှ က ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ မှာတော့ ထိုင်းနိုင်ငံအခြေစိုက် ထိုက်ချန်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ပြီး Online လိမ်လည် လောင်းကစား မှုလုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်ခဲ့တာဖြစ်ကြောင်းစိစစ်တွေ့ရှိရပါတယ်။
KK Park စီမံကိန်းကိုတော့ KNU အဖွဲ့ ရဲ့ မုလအိအလင်း( Mu La Ei Ahlin) ကုမ္ပဏီနဲ့ ဟွာ့ည အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းစု (Huanya International Holding Group) လက်အောက်ခံ ထိုင်းနိုင်ငံအခြေစိုက် Trans Asia International Holding Group တို့ က ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ သဘောတူစာချုပ် ချုပ်ပြီး စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီစာချုပ်မှာ မုလအိအလင်းဘက်က အသိသက်သေများအနေနဲ့ လက်ရှိ KNU ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ စောကွယ်ထူးဝင်းနဲ့ KNU ကာကွယ်ရေးဌာနရဲ့ အကြီးအကဲဖြစ်တဲ့ စောရော်ဂျာခင်တို့ ကိုယ်တိုင် လက်မှတ်ရေးထိုးထားကြောင်းကိုလည်း ကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါတယ်။ အဲဒီ မုလအိအလင်း ကုမ္ပဏီဆိုတာ KNLA စစ်ဦးစီးချုပ်အဆင့်ရှိ စောဂျော်နီရဲ့ သားအကြီးဆုံးဖြစ်တဲ့ စောဒို့စိုးဂျော်နီ က ပိုင်ဆိုင်တာဖြစ်ပြီး မြေပြင်မှာတော့ သူလူယုံတွေဖြစ်တဲ့ စောဝင်းကျော်နဲ့ စောကျော်သူတို့က လုပ်ကိုင်နေတာ ဖြစ်ကြောင်းကိုလည်း စိစစ်တွေ့ရှိရပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း နိုင်ငံရေးဖြစ်စဉ်တွေကြောင့် နိုင်ငံတော်ရဲ့ လုံခြုံရေး အခြေအနေတွေအပေါ် အခွင့်ကောင်းယူပြီး ဒီဒေသတွေမှာ တရားမဝင်အဆောက်အဦတွေ တိုးချဲ့ ဆောက်လုပ်နေကြောင်းသိရှိခဲ့ရပါတယ်။ ဒီအဆောက်အဦတွေဆောက်လုပ်ဖို့အတွက် ပစ္စည်းကိရိယာတွေ၊ အခြေခံလိုအပ်ချက်တွေကို ထိုင်းနိုင်ငံဘက်ကတစ်ဆင့် တင်သွင်းခဲ့တာဖြစ်သလို နိုင်ငံခြားသားပိုင် ကုမ္ပဏီများက ကြီးကြပ်လုပ်ကိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီပုံတွေကတော့ ဂြိုလ်တုဓာတ်ပုံ တွေအရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ အဲဒီဒေသအတွင်းမှာ တိုးချဲ့ဆောက်လုပ်ခဲ့တဲ့ အဆောက်အဦပုံတွေကို သိသာထင်ရှားစွာတွေ့ရမှာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ကစလို့ သက်ဆိုင်ရာ ကရင်ပြည်နယ်အစိုးရကို တရားမဝင်အဆောက်အဦတွေ ဆောက်လုပ်နေထိုင်မှု မရှိစေရေး စစ်ဆေးကြပ်မတ်ဖို့ ညွှန်ကြားခဲ့တဲ့အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့် ကလည်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အဲဒီတရားမဝင်အဆောက်အဦတွေ ဆောက်လုပ် တဲ့ နယ်မြေတွေက လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ ရရှိထားတဲ့ သူတွေကို တရားစွဲပြီး လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ပိုင်ခွင့်တွေ ပယ်ဖျက်ခဲ့ပြီးဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား လက်လှမ်းမီပြီး တည်ငြိမ်အေးချမ်းတဲ့ နယ်မြေ ဒေသတွေမှာ အခုလိုတရားမဝင်တဲ့ ဒုစရိုက်ရာဇဝတ်မှုတွေကို လုပ်ဆောင်လို့မရနိုင်ပါဘူး။ ဒါ့ကြောင့် KNU အဖွဲ့ဟာ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ KNU တပ်မဟာ ၅ က ဖာပွန်မြို့နယ်ထဲမှာရှိတဲ့ သီးမူးထာ နယ်မြေခံလုံခြုံရေးစခန်းကို စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး NCA သဘောတူညီချက် တွေကို ချိုးဖောက်ကာ နယ်မြေဒေသတည်ငြိမ်မှုမရှိစေဖို့ စတင်ဖန်တီးခဲ့ပါတယ်။ KNU တပ်မဟာ ၆ က ပြည်တွင်းမှာ အကြမ်းဖက်ဆူပူဆန္ဒပြမှုတွေလုပ်ဆောင်ပြီး ထွက်ပြေးတိမ်းရှောင်လာတဲ့ လူငယ်တွေကို လက်ခံကာ စစ်သင်တန်းတွေပေးခဲ့သလို NUG အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းပြီး PDF အကြမ်းဖက် သမားတွေကို လက်နက်ပါတပ်ဆင်ပေးတဲ့အထိလုပ်ဆောင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့မှာတော့ သင်္ကန်းညီနောင်မြို့ကို KNU နဲ့ PDF တို့ပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ကော့ကရိတ်နဲ့ သင်္ကန်းညီနောင်မြို့ကြားက အာရှလမ်းမကြီးကို အကြမ်းဖက်သောင်းကျန်းသူတွေ က ထိန်းချုပ်ခဲ့ကြပါတယ်။ ကရင်ပြည်နယ် နယ်စပ်ဒေသအနှံ့အပြားမှာ KNU နဲ့ အပေါင်းပါ သောင်းကျန်းသူအဖွဲ့တွေက လုံခြုံရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့တွေကို တိုက်ပွဲဖော်ဆောင်ပြီး နယ်မြေ ဒေသမတည်ငြိမ်အောင် လုပ်ခဲ့ပါတယ်။ ဒီလိုမျိုးလုပ်ဆောင်မှုတွေနဲ့ နိုင်ငံတော်ရဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းတွေကို KNU ထိန်းချုပ်နယ်မြေတွေထဲကနေ ဖယ်ရှားပြီး အခုဖြစ်ပေါ်နေတဲ့ Online လိမ်လည်လောင်းကစားမှုနဲ့ ဒုစရိုက်လုပ်ငန်းတွေကို သောင်းကျန်းသူအဖွဲ့တွေက အခကြေးငွေယူ အကာအကွယ်ပေးပြီး ဥပဒေမဲ့ လုပ်ဆောင်လာခဲ့ကြတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ အစိုးရအနေနဲ့ ဒီ Online လိမ်လည်လောင်းကစားမှုလုပ်ငန်းတွေကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူပြီး အမြစ်ပြတ်ချေမှုန်းဖို့ ရည်မှန်းထားတဲ့အတိုင်း ဒီသောင်းကျန်းသူတွေ ယာယီထိန်းချုပ်ထားတဲ့ အာရှလမ်းမကြီးပေါ်က ကျုံဒိုး - ကော့ကရိတ်လမ်းပိုင်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း၊ ကော့ကရိတ်မြို့နဲ့ ကော့ကရိတ် - သင်္ကန်းညီနောင် လမ်းပိုင်းကို စက်တင်ဘာလ အတွင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အသက်သွေးချွေးတွေပေးဆပ်ပြီး ပြန်လည်ထိန်းချုပ်နိုင်ခဲ့ ပါတယ်။ KNU နဲ့အပေါင်းပါသောင်းကျန်းသူတွေဟာ ရရှိလာတဲ့ တရားမဝင်ငွေကြေးနဲ့ လူအင်အား၊ ငွေအင်အား အလုံးအရင်းသုံးပြီး နယ်မြေတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားအောင် လုပ်ဆောင်ခဲ့တာကို တပ်မတော်က ခက်ခက်ခဲခဲ ပြန်လည်တိုက်စစ်ဆင်ပြီး တည်ငြိမ်မှုရှိအောင် လုပ်ခဲ့ရပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ လေးကေ့ကော်အပါအဝင် နယ်စပ်ဒေသ တစ်လျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မြဝတီဒေသကို နယ်မြေစိုးမိုးရေးဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဘက်ကနေ တရားမဝင် လမ်းကြောင်းတွေကတစ်ဆင့် နယ်စပ်ဖြတ်ကျော်ပြီး ကျွန်တော်တို့နိုင်ငံထဲကို ဝင်ရောက်လာပြီး ဒီ Online လိမ်လည်လောင်းကစားမှုလုပ်ငန်းအပါအဝင် ဒုစရိုက်လုပ်ငန်းတွေလုပ်ဆောင်ခဲ့ကြတဲ့ ပြည်ပနိုင်ငံသားတွေကို အဆက်မပြတ် ဖမ်းဆီးထိန်းသိမ်း ကာ သက်ဆိုင်ရာနိုင်ငံတွေကို ပြည်နှင်လွှဲပြောင်းပေးမှုတွေ ဆက်လက်ဆောင်ရွက်နေပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့အထိ နိုင်ငံပေါင်း ၅၂ နိုင်ငံက နိုင်ငံခြားသား ၆၈၅၈၂ ဦးကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါတယ်။ မြဝတီဒေသမှာ Online လိမ်လည် လောင်းကစားမှုလုပ်ငန်းတွေနဲ့ ဒုစရိုက်လုပ်ငန်းတွေ ပြန်လည်အခြေမချ နိုင်စေဖို့အတွက် တရားမဝင် ဆောက်လုပ်ထားတဲ့အဆောက်အဦတွေကို အပြီးတိုင် ဖြိုချဖျက်ဆီး ရှင်းလင်းခြင်းတွေ ဆောင်ရွက်နေပါတယ်။ KK Park နယ်မြေထဲမှာ ဒီနေ့အထိ ၂၅၆ လုံးကို ဖြိုချဖျက်ဆီးရှင်းနိုင်ခဲ့ပြီး ကျန်ရှိတဲ့ ၃၇၉ လုံးကိုလည်း ဆက်လက်ဖြိုချဖျက်ဆီးသွားမှာဖြစ်ပါတယ်။ Online လိမ်လည်လောင်းကစားမှုလုပ်ငန်းတွေကို ကျွန်တော်တို့ တိုက်ဖျက်ရှင်းလင်းနေမှုအပေါ် KNLA နဲ့ PDF အမည်ခံအကြမ်းဖက်အဖွဲ့တို့ ပူးပေါင်းပြီး မြဝတီဒေသ၊ လေးကေ့ကော်နဲ့ အနီးဝန်းကျင်တစ်ဝိုက်မှာ တိုက်ပွဲတွေဖော်ဆောင်ကာ အမျိုးမျိုးနှောင့်ယှက်နေပါတယ်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ကနေ နိုဝင်ဘာလ ၂၆ ရက်နေ့အတွင်း တိုက်ပွဲဖြစ်စဉ် ၂၅ ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ အသက်ခန္ဓာစွန့်လွှတ်ခဲ့ရပေမယ့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက် တွေ အောင်မြင်တဲ့အထိ တရားမဝင်ဒုစရိုက်လုပ်ငန်းတွေကို ဆက်လက်ရှင်းလင်း ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အဲဒီဒေသက အချို့အခိုင်အမာ အဆောက်အဦတွေကို ဆိုရင် Online လောင်းကစားမှု ပြန်လည်မလုပ်ဆောင်နိုင်အောင် မြေလှန်ဖျက်ဆီးမှု၊ မိုင်းခွဲဖျက်ဆီးမှုတွေ လုပ်ပြီး ရေသောက်မြစ် အမြစ်ဖြတ်ဖျက်ဆီးလျက်ရှိပါတယ်။
ဖမ်းဆီးထိန်းသိမ်းရမိတဲ့ နိုင်ငံခြားသားတွေရဲ့ ထွက်ဆိုချက်တွေကိုကြည့်ရင် သူတို့ဟာ ထိုင်းနိုင်ငံဘက်ကနေ မြန်မာနိုင်ငံထဲကို ဝင်ရောက်လာတာဖြစ်ပြီး ဒါကိုလည်း ကျွန်တော်တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ အလားတူထွက်ဆိုချက်တွေလည်း ကျွန်တော်တို့ဆီမှာ အများကြီး ရရှိထားပါတယ်။ ဒီနိုင်ငံခြားသားတွေကို သူတို့နိုင်ငံရဲ့ အစိုးရတွေလာမခေါ်မချင်း သူတို့ကို ထိန်းသိမ်းထားရတဲ့တာဝန် အင်မတန်ကြီးပါတယ်။ တစ်နေ့တာလိုအပ်တဲ့ အစားအစာအပြင် သောက်ရေ၊ သုံးရေ ကအစ ဝတ်စရာနဲ့ အိပ်ယာအဆုံး အားလုံးကို နိုင်ငံတော်က ဖြည့်ဆည်းပေးထားရတာ ဖြစ်ပါတယ်။ စားစရိတ်အတွက် မှာတင် တစ်နေ့သုံးနပ်စာအတွက် တစ်ဦးကို တစ်သောင်းခွဲကျပ်နှုန်း အနည်းဆုံး ကုန်ကျပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ ငွေကျပ်သိန်း တစ်သောင်းသုံးထောင်ကျော် (၁,၃၃၆,၀၅၀,၀၀၀ ကျပ်) သုံးစွဲကုန်ကျခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ အနေနဲ့နိုင်ငံသိက္ခာမကျအောင် အခုလိုဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ကိုယ့်နိုင်ငံသားကို အမြန်ဆုံး လာရောက်ခေါ်ဆောင်ပေးကြဖို့ကိုလည်း ပြောကြားလိုပါတယ်။ ပြည်ဖျက် မီဒီယာတွေကတော့ ဒါကိုအခွင့်ကောင်းယူပြီး အဖျက်အမှောင့်တွေ လုပ်ဆောင်နေသလို အစိုးရအပေါ် မီဒီယာအားနဲ့ ထိုးနှက်တိုက်ခိုက်မှုတွေ လုပ်နေကြတဲ့အတွက် သတိရှိကြဖို့လိုပါတယ်။ အမေရိကန်နိုင်ငံက သူတို့နိုင်ငံသားတွေကို Online လိမ်လည်မှုကနေ ကာကွယ်ဖို့အတွက် Scam Center Strike Force (SCSF) ဖွဲ့ပြီးဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့သလို အောက်လွှတ်တော်မှာလည်း မြန်မာ့အရေးဆွေးနွေးမှုတွေ ပြုလုပ်ပြီး Online လိမ်လည်လောင်းကစားမှု နှိမ်နင်းရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်ဖို့ ပြောဆို လာတာတွေ တွေ့ရှိရပါတယ်။ ဒါဟာ ပွဲလှန့်တုန်းဖျာခင်းတဲ့ ကိစ္စလို့ ကျွန်တော်တို့မြင်ပါတယ်။
ဒီကြားထဲမှာ အကြမ်းဖက် KNU အဖွဲ့အနေနဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က ဖလူး(မင်းလက်ပံ) ဒေသမှာ ဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်၊ တောင်းဆိုချက်တစ်ခု လုပ်ကြံထုတ်ပြန် လာတာကို တွေ့ရပါတယ်။ ထုတ်ပြန်ချက်မှာ DKBA အမည်နဲ့ စွပ်စွဲထားတာဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒီနေရာမှာ KKO/DKBA ဆိုတဲ့ အသုံးအနှုန်းကိုပဲ သုံးစွဲသွားပါမယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှာ DKBA ဟာ ကလိုထူးဘောကရင်အစည်းအရုံး (KKO) ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီတုန်းက ဥက္ကဋ္ဌက မန်းရောဘတ်ဇန်ဖြစ်ပါတယ်။ ဒုဥက္ကဋ္ဌက စောမိုရှေး ဖြစ်ပါတယ်။ သူတို့စတင် ဖွဲ့စည်းစဉ်က ထုတ်ပြန်ချက်ထဲမှာ KKO အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး(KNU)အား မိခင်အဖွဲ့အစည်း အဖြစ် ခံယူတယ်လို့ ပါဝင်ပါတယ်။ အကြမ်းဖက် KNU အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို လေ့လာကြည့်ရင် သူတို့ဟာ ဖလူး(မင်းလက်ပံ)ဒေသနဲ့ ပါဝင်ပတ်သက်နေသူတွေကို အတွင်းကျကျ သိနေတာကို တွေ့နိုင်ပါတယ်။ အဲဒီကိစ္စမှာ KNU ကိုယ်တိုင် ထဲထဲဝင်ဝင် ပတ်သက်နေတာဖြစ်ပါတယ်။ အကြမ်းဖက် KNU ရဲ့ ထုတ်ပြန်ချက်နဲ့ လက်တွေ့မြေပြင်မှာ ဖြစ်ပျက်နေတာကလည်း ကွာခြား နေတာ တွေ့ရပါတယ်။ ဂြိုလ်တု ဓာတ်ပုံမှတ်တမ်းများအရ ယခု အခင်းဖြစ်ပွားခဲ့ရာနေရာ ဖလူး၊ မင်းလက်ပံဒေသဟာ KNU တို့ရဲ့ KK Park ရဲ့တောင်ဘက် အနီးအနားမှာပဲရှိတဲ့နေရာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် မတိုင်မီက ဘာမှ မရှိခဲ့ပါဘူး။ ၂၀၂၄ ခုနှစ်မှာ အဆောက်အဦတွေ စတင်ဆောက်လုပ် လာပါတယ်။ ဒီအချိန်မှာ ကျွန်တော်ပြောခဲ့သလို အဲ့ဒီဒေသမှာ KNU နဲ့ အပေါင်းပါ အကြမ်းဖက်အဖွဲ့ တွေရဲ့ ကရင်ပြည်နယ် နယ်စပ်ဒေသတွေမှာ သောင်းကျန်းတိုက်ပွဲဖော်ဆောင်တဲ့ အချိန်ဖြစ်လို့ အစိုးရရဲ့ လုံခြုံရေးအဖွဲ့အစည်း၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ မရှိချိန်ဖြစ်ပါတယ်။ KNU ရဲ့ ထုတ်ပြန်ချက် စာမျက်နှာ(၁)အပိုဒ် ၂ မှာ " KNU တပ်ဖွဲ့များက ၎င်း DKBA တပ်ဖွဲ့များ တပ်စွဲထား၍ တိုက်ခိုက်သည့် နေရာအားရှင်းလင်းရာ DKBA တပ်ဖွဲ့ဝင်အနည်းဆုံး ၂၃၀ ဦး လက်နက်ချပြီး ၎င်းအခြေချစခန်းအား KNU မှ ထိန်းသိမ်းနိုင်ခဲ့သည်” ဟု ရေးသားထားပါတယ်။ တကယ့် ဖြစ်စဉ်မှာတော့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့၊ နေ့လယ် ၂ နာရီလောက်မှာ မင်းလက်ပံရွာကို KNU နဲ့ PDF အကြမ်းဖက်အဖွဲ့အချို့ ကား ၃ စီးနဲ့ရောက်လာပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ စဉ်းစားကြည့်နော်။ မင်းလက်ပံရွာမှာရှိတဲ့ DKBA ၊ KKO ပေါ့ဗျာ သူတို့အချင်းချင်းဟာ တကယ့် ရန်ဘက်တွေ၊ ရန်သူတွေဆိုရင် ဒီလိုကားနဲ့ ပေါ်ပေါ်တင်တင် လာမလား။ ပြီးတော့ အဲဒီနေရာက KKO လုံခြုံရေးယူထားတဲ့ ဂိတ်ကို ရောက်လာပြီး KKO အဖွဲ့က ဗိုလ်မှူး အဆင့်ရှိ စောဖားထီး ကို ခေါ်ပြီး KKO အဖွဲ့ကို လက်နက်တွေ သူတို့ဆီအပ်ဖို့ ပြောခဲ့တယ်လို့ သိရပါတယ်။ စောဖားထီးက သူတို့ကို ဒီနေရာမှာ တာဝန်ခံက သူမဟုတ်ကြောင်း၊ စောကျော်ကိုမင်း(ခေါ်) သခွားသီး ဖြစ်ကြောင်းနဲ့ သူတို့ကို မဖမ်းဖို့ပြောခဲ့ပါတယ်။ KNU/PDF အဖွဲ့ အနေနဲ့ သူတို့ကို KNU ဗဟိုက ဖမ်းခိုင်းတာဖြစ်ကြောင်းနဲ့ KKO ဆီက လက်နက် ၁၇၀ လက်နဲ့ အဖွဲ့ဝင်အချို့ကို ဖမ်းဆီးသွား ခဲ့ပါတယ်။ အဲဒီ ကိစ္စတွေဖြစ်နေချိန်မှာပဲ KNU/PDF အကြမ်းဖက်အဖွဲ့က KKO ခေါင်းဆောင်တွေဆီ ဆက်သွယ်ပြီး စောကျော်ကိုမင်း(ခေါ်)သခွားသီး ကို မင်းလက်ပံမှာ မတွေ့တဲ့အတွက် ဖမ်းဆီးအပ်နှံ ပေးဖို့ တောင်းဆိုခဲ့တယ်ဆိုတာ သိရပါတယ်။ KNU/PDF အဖွဲ့က ဖမ်းသွားတဲ့ KKO တွေ ပြန်လွတ် မြောက်ရေးအတွက် KKO ခေါင်းဆောင်တွေ KUN နဲ့ ဆက်သွယ်ညှိနှိုင်းနေတယ်ဆိုတာလည်း သိရပါတယ်။ မရှေးမနှောင်းမှာပဲ နိုဝင်ဘာ ၂၄ ရက်နေ့မှာ DKBA/KKO အနေနဲ့ KNU က တောင်းထားတဲ့ စောကျော်ကိုမင်း(ခေါ်) သခွါးသီးကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ သူတို့နယ်မြေအတွင်း နိုင်ငံခြားသားများ သယ်ဆောင်ခြင်းကို စစ်ဆေးတွေ့ရှိရင် ဖမ်းဆီးအရေးယူ မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါတွေကိုကြည့်ရင် မင်းလက်ပံကိစ္စဟာ KNU သိတယ်။ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတယ်ဆိုတာ ထင်ရှားပါတယ်။
KNU အကြမ်းဖက်အဖွဲ့တွေ့ရဲ့ ထုတ်ပြန်ချက် စာမျက်နှာ (၂) အပိုဒ်၂ မှာ “စစ်တပ်နှင့်၎င်းတို့ ကို ကူညီတိုက်ခိုက်ပေးနေသော တပ်ဖွဲ့များမှ ဆက်လက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ဖြစ်နေလို့ KNU အနေနဲ့ ၎င်းပတ်ဝန်းကျင်လုံခြုံရေးအတွက် ဆက်လက်တာဝန်ယူထားတယ်” လို့ ပါဝင်ပါတယ်။ ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ KK Park နဲ့ ရွှေကုက္ကိုလ်မှာ ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေရပါတယ်။ အဲဒီနေရာတွေကို KNU အကြမ်းဖက်တွေက လာပစ်လို့ တိုက်ပွဲငယ်များ ဖြစ်နေပါတယ်။ KNU အနေနဲ့ ဒီလိုလိမ်လည်ထုတ်ပြန်တာ အကြောင်းနှစ်ချက်ရှိပါတယ်။ နံပါတ်(တစ်) က မင်းလက်ပံမှာ သူတို့ ထိန်းသိမ်းထားတဲ့သူတွေထဲက သူတို့အကြောင်း ထဲထဲဝင်ဝင် သိတဲ့လူတွေကို နှုတ်ပိတ်ချင်တာပါမယ်။ နှုတ်ပိတ်တာ လက်လွန်သွားရင် တိုက်ပွဲဖြစ်လို့ သေတာပါလို့ အကြောင်းပြချင်တာဖြစ်မယ်။ နံပါတ်(နှစ်)က သူတို့နဲ့ ပတ်သက်တဲ့သဲလွန်စတွေကို ဖျောက်ဖျက်ပြီး အခြားအဖွဲ့တွေအပေါ် အပြစ်ပုံချဖို့ဖြစ်ပါမယ်။ ဒါကို ထင်ရှားစေတာကတော့ စာမျက်နှာ ၃ မှာ ပါတဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ “ မနက်စောစောတွင် Scam အလုပ်သမား ရာပေါင်းများစွာသည် အသေခံဒရုန်းတိုက်ခိုက်မှုများ ရှိမည်ကြား၍ ထိတ်လန့်တုန်လှုပ်စွာ ခြံဝင်းအတွင်းမှ ထွက်ပြေးရန်ကြိုးစားခဲ့ကြသည်။ အဆောက်အဦများအတွင်း အလုပ်သမား အချင်းချင်း ရန်ပွဲများဖြစ်နေသည့် ဆူညံသံများ၊ အရိပ်အယောင်များ တွေ့ရသည်” လို့ ရေးထား ပါတယ်။ တကယ့်မြေပြင်မှာ ဖြစ်ပွားခဲ့တာကတော့ နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၅ နာရီခွဲခန့်မှာ မင်းလက်ပံမှာ တရားမဝင် ရောက်ရှိပြီး KNU ရဲ့ ဖမ်းဆီးပိတ်လှောင်ခံထားရတဲ့ ပြည်ပနိုင်ငံသား များက သူတို့ကို ပိတ်လှောင်မထားဖို့ အဝတ်အစားတွေကို မီးရှို့ဆန္ဒပြ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါကို KNU/PDF အဖွဲ့က ပစ်ခတ်တယ်လို့ သိရပါတယ်။ ပြည်ပနိုင်ငံသားအချို့ ထိခိုက်ဒဏ်ရာရကြောင်းနဲ့ သေဆုံးနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ ကျွန်တော်တို့ရရှိထားတဲ့ မှတ်တမ်းဓာတ်ပုံများပဲ ဖြစ်ပါတယ်။ ဒါတွေဖြစ်ပြီးနောက်ပိုင်းမှာ နိုဝင်ဘာ ၂၅ ရက်နေ့ ည ၇ နာရီခွဲမှာ တရုတ်နိုင်ငံသား ၆၃၅ ဦး၊ လာအိုနိုင်ငံသား ၂၃ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၆ ဦး စုစုပေါင်း ၆၇၄ ဦးဟာ သောင်ရင်းမြစ် တစ်ဖက်ကမ်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မဲ့ကိုကင်းကျေးရွာဘက်ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။ အဲဒီနေ့ ညပိုင်းမှာပဲ မင်းလက်ပံထဲက ကျားဖြန့်လုပ်ငန်း ဦးစီးလုပ်ကိုင်နေသူလို့ ယူဆရတဲ့ ပြည်ပနိုင်ငံသား ၂၀ လောက်ကို သူတို့ရဲ့ Double Cub မော်တော်ယာဉ်များ၊ ဆီပေပါ ၁၀၀ လုံးခန့်နဲ့၊ ငွေထည့်ထားတဲ့ မီးခံသေတ္တာ ကား ၄ စီးတိုက်စာကို KNU/ PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သယ်ထုတ်သွားကြောင်းသိရပါတယ်။ ကျန်သတင်းတွေ ရှိနေနိုင်ပါသေးတယ်။ ဒီလောက်ဆိုရင် အကြမ်းဖက် KNU ဘာလည်းဆိုတာ အားလုံးက သိနိုင်ပြီလို့ ပြောကြားလိုပါတယ်။
ကျွန်တော်တို့အနေနဲ့ ဒီOnline လိမ်လည်လောင်းကစားမှုလုပ်ငန်းတွေကို စတင်ခြေရာခံမိတဲ့ အချိန်ကစလို့ အိမ်နီးချင်းမိတ်ဆွေနိုင်ငံတွေနဲ့ပူးပေါင်းပြီး ရှာဖွေဖော်ထုတ်ဖမ်းဆီးမှုတွေကို တက်တက် ကြွကြွ ဆောင်ရွက်နေသလို ဒေသတွင်းနိုင်ငံတွေနဲ့ အတူပူးပေါင်းဆောင်ရွက်နေတာလည်း ဖြစ်ပါ တယ်။ နိုင်ငံအဝှမ်း နေရာအနှံအပြားမှာ စစ်ဆင်ရေးတစ်ရပ်သဖွယ် နှိမ်နင်းလျက်ရှိပါတယ်။ ရရှိထားတဲ့ သတင်းအရ ဒီလ ၂၄/ ၂၅ / ၂၆ ရက်တို့မှာ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အနီးကို ရှင်းလင်းခဲ့ရာမှာ မိုင်းနောင်မြို့ အရှေ့တောင်ဘက် နောင်တောက်ရွာ၊ ကောင်းဟိုင်းရွာ၊ ဝမ်ကျောင်းရွာအနီးမှာ Online လိမ်လည်လောင်းကစားမှုကျူးလွန်တဲ့ ပြည်ပနိုင်ငံသား ၂၈ ဦး၊ မြန်မာနိုင်ငံသား ၈ ဦးတို့ကို အဆောက်အဦများ၊ မော်တော်ယာဉ်များ၊ ဆက်စပ်ပစ္စည်းများ၊ လက်နက်ငယ် ၅ လက်တို့နဲ့ အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ ဒီ Online လိမ်လည်လောင်းကစားမှုလုပ်ငန်းတွေနဲ့ ဒုစရိုက် လုပ်ငန်းတွေကို ဘယ်သောအခါမှ ခွင့်ပြုခဲ့ခြင်းမရှိသလို မြန်မာနိုင်ငံရဲ့ပိုင်နက်နယ်မြေကို အသုံးချပြီး မိတ်ဆွေနိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအပေါ် ရာဇဝတ်မှုကျူးလွန် နေတာကိုလည်း လုံးဝ(လုံးဝ) လက်ခံမှာမဟုတ်ဘူးဆိုတာ အလေးအနက်ထား ပြောကြားထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေတဲ့ ဒီ Online လိမ်လည် လောင်းကစားမှုလုပ်ငန်းတွေ မြန်မာ့ ရေ၊ မြေကနေ အမြန်ဆုံးအမြစ်ပြတ်စေရေး တိုက်ဖျက် ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း အသိပေး ပြောကြားအပ်ပါတယ်။







