ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ဖိတ်ကြား ချက်အရ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးလာရောက်သည့် ဘယ်လာရုစ် သမ္မတ နိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသော အထူးလေယာဉ်သည် ယနေ့ညပိုင်းတွင် မြန်မာနိုင်ငံလေပိုင်နက်အတွင်းသို့ စတင်ဖြတ်သန်းဝင်ရောက်လာရာ မြန်မာ့ တပ်မတော်(လေ)မှ စတုတ္ထမျိုးဆက်လွန် Su-30 SME ဘက်စုံသုံး အကြီးစား ဂျက်တိုက်လေယာဉ် ၃ စီးက လိုက်ပါခြံရံပျံသန်းကြိုဆိုခဲ့ပြီး နေပြည်တော် တပ်မတော် လေဆိပ်သို့ ရောက်ရှိဆင်းသက်သည်။
လေဆိပ်သို့ရောက်ရှိစဉ် ဘယ်လာရုစ်သမ္မတ နိုင်ငံသမ္မတ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဘီလာရုစ်သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တာဝန် ရှိသူများက ရင်းနှီးနွေးထွေးစွာ ခရီးဦးကြိုဆိုနှုတ်ဆက်ကြသည်။
ထို့ပြင် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စား လှယ်အဖွဲ့အား နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့် အစဉ်အလာနှင့်အညီ ကော်ဇောနီလျှောက်လှမ်း တစ်လျောက် အလေးပြု ကြိုဆိုကြပြီး တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် အကအဖွဲ့များက ရိုးရာယဉ်ကျေးမှု အက အလှ တို့ဖြင့် ကြိုဆိုကပြဖျော်ဖြေကြကာ ကျောင်းသား/ ကျောင်းသူများက နှစ်နိုင်ငံ အလံများ ဝှေ့ယမ်းကာ “ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတကြီး ကျန်းမာပါစေ၊ နှစ်နိုင်ငံ ချစ်ကြည်ရေးအဓွန့်ရှည်ပါစေ” ဟုကြွေးကြော်၍လည်းကောင်း၊ လမ်းဘေးဝဲယာ တစ်လျှောက် နှစ်နိုင်ငံအထိမ်းအမှတ် အလံများစိုက်ထူခြင်း၊ ရောင်စုံမီးအလှဆင် ထားရှိခြင်း၊ “ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ အလက်ဇန္ဒားလူကာရှန်ကို အား မြန်မာနိုင်ငံမှ လှိုက်လှဲစွာ ကြိုဆိုပါ၏” ဟု ရေးသားဖော်ပြ ကြိုဆိုထားသည့် LED ပိုစတာကြီးများစိုက်ထူခြင်းဖြင့်လည်းကောင်း သောင်းသောင်းဖြဖြကြိုဆိုကြသည်။
မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့၏ သံတမန်ဆက်ဆံမှုမှာ ၂၆ နှစ် တာကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ သို့ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးနှစ်ကြိမ်သွားရောက်ခဲ့ပြီး ယခုအခါ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko အနေဖြင့် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီး လာရောက်ခဲ့ခြင်းဖြစ်ပြီး ယခုခရီးစဉ်သည် နှစ်နိုင်ငံသံတမန်ဆက်ဆံမှုကာလအတွင်း ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတတစ်ဦး၏ ပထမဆုံးသမိုင်းဝင်ခရီးစဉ်ဖြစ်ကြောင်း၊ ချစ်ကြည်ရေး ခရီးစဉ်ရောက်ရှိစဉ်အတွင်း ဘယ်လာရုစ် သမ္မတနိုင်ငံသမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် ကဏ္ဍ ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခြင်း၊ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းတို့ ဆောင်ရွက်သွား မည်ဖြစ်သည်။
ယခုကဲ့သို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ခြင်းအားဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာများမြှင့်တင်ခြင်း၊ ယဉ်ကျေးမှုဆိုင် ရာများ အပြန်အလှန်ဖလှယ်နိုင်ခြင်း၊ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုနည်းပညာ များ အပြန်အလှန်ဖလှယ်နိုင်ခြင်းနှင့် နှစ်နိုင်ငံအကြား နယ်ပယ်ပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။


