နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူများအား ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်၊ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာ ခွင့်ပြု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့်ကြားနာစစ်ဆေးဆဲအမှုများကို ပိတ်သိမ်း နေပြည်တော်၊ ၂၀၂၅ နိုဝင်ဘာလ ၂၇

Thursday, November 27, 2025 - 15:45

             အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်သူလူထုတစ်ရပ်လုံးက လိုလား တောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး အတွက် အဓိကထားဆောင်ရွက် လျက်ရှိသည့်အားလျော်စွာ ပြည်သူလူထုပူးပေါင်း ဆောင်ရွက် မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဦးတည်ချက်ချမှတ် ဆောင်ရွက်လျက်ရှိ ပါသည်။ မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေး ပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က အရ ပြစ်မှုထင်ရှားစီရင်ခံရပြီး အကျဉ်းထောင်/ အချုပ်ထောင်/ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၇၂၄ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များ ကိုပါ ဆက်လက် ကျခံပါမည်”ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပစ်ဒဏ်များအပေါ် လျော့ပေါ့၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

             ထို့အပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်မှု ထင်ရှားစီရင်ခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၂၃၆၁ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့်ပြု ခဲ့သည်။

             ၎င်းအပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၇ အရ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့်လည်းကောင်း၊ ယင်းပြစ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရာဇဝတ်ကျင့်ထုံးဥပ ဒေပုဒ်မ ၅၁၂ ဖြင့်လည်းကောင်း တရားစွဲဆိုခံရသူ ၅၅၈၀ ဦး တို့၏ ကြားနာစစ်ဆေးဆဲ အမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုမှ ကင်းလွတ်ခွင့်ပြုခဲ့သည်။

          နိုင်ငံတော်အနေဖြင့် ပြစ်မှုကျူးလွန်ခဲ့သည့် အကျဉ်းသူ၊ အကျဉ်းသားများကို ၎င်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုများအရ အကျဉ်းထောင်အတွင်း ပြစ်ဒဏ်များချမှတ်ခဲ့သော်လည်း အကျဉ်းထောင်နှင့် အကျဉ်းစခန်းများအတွင်း  လူမှုရေး၊ ကျန်းမာရေးဆိုင်ရာများနှင့် အခြား ရသင့်သည့် လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ ကောင်းမွန်ပြည့်စုံစွာ ဆောင်ရွက်ပေးထားပြီး ယခုပြန်လည် လွတ်မြောက်လာသည့်အချိန်တွင် မိဘဆွေမျိုး များက ဝမ်းပန်းတသာဖြင့် ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။