တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) မှ နယ်လှည့် ဆေးကုသရေးအဖွဲ့ မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေး နေပြည်တော်၊ ၂၀၂၅ နိုဝင်ဘာလ ၂၇

Thursday, November 27, 2025 - 16:15

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံရေ ယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့ဖြင့် ရောက်ရှိနေသည့် တပ်မ‌တော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည်  နေ့လယ်ပိုင်း တွင် မြောင်းမြမြို့နယ်၊ စကားမြားကျေးရွာသို့ ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆို နှုတ်ဆက်ကြသည်။

အဆိုပါ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် မြောင်းမြမြို့နယ်၊ စကားမြားကျေးရွာရှိ မဟာရုံကျောင်းတိုက်၌ အခြေပြု၍ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၀၁ ဦး၊ ခွဲစိတ်ရောဂါ ၂၃ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃၀ ဦး၊ ကလေးရောဂါ ၂၇ ဦး၊ အရိုးရောဂါ ၃၅ ဦး၊  နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ  ၂၉ ဦး၊ မျက်စိရောဂါ ၃၆ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၃၁ ဦး စုစုပေါင်းဒေသခံပြည်သူ ၄၁၂ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။ ၄င်းတို့အနက်    အထွေထွေခွဲစိတ်လူနာ ၃ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၁ ဦး၊ Ultrasound စက်ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၃၀ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၉ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ  ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါတယ်-

၁. အမျိုးသား

အထက်ကွမ်းခြံကျေးရွာကနေလာရောက်ပြီးတော့ ဆေးကုသမှုခံယူတာပါ။ ကျွန်တော်ကတော့ အထွေထွေပေါ့နော်။  အသက်က ၆၀ ကျော်ဆိုတော့ မောတာတို့၊ ဘာတို့ အဲလိုမျိုးပေါ့။ ဟုတ်ကဲ့ လာပြတာပါ။ အိမ်တိုင်ယာရောက်နီးနီးပေါ့နော်။ လာပြီးတော့ပြတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။ သောက်ဆေးတွေပေးတယ်။ နောက်ပြီး လိုအပ်တဲ့ ဆေးတွေကို ဘယ်နှစ်လ စွဲသောက်ရမယ်။ အတိအကျလုပ်ပေးပါတယ်။ နယ်လှည့်ဆေးကုသရေးအဖွဲ့မှာ ပါရဂူတွေကအစ အကုန်လုံးအပြည့်အစုံပါပါတယ်။ အဲဒီအတွက်လည်း လာရောက်ကုသတဲ့သူတွေကနေပြီးတော့ အထူးပဲအားထားတယ်။ ဘာလို့လဲဆိုတော့ ဟိုကျန်ခဲ့တဲ့တစ်နှစ်ကျော်ကလည်း ကျွန်တော် တစ်ခါပြဖူးတယ်။ အရိုးအကြောဆရာဝန်ကြီးက ပါရဂူကြီးကလုပ်လိုက်တာ ချက်ချင်းပျောက် သွားတယ်။ ကျွန်တော်အားကိုးတယ်။ အားထားတယ်။ ဒါကြောင့်မို့လို့ ဒီနှစ်လည်း ဆက်လာတာ ။ အခုလိုလာရောက်ပြီးတော့ ကုသပေးတဲ့အားလုံးအဖွဲ့သားအားလုံး၊ အရာရှိ ၊အရာခံအားလုံး ကိုလည်း အထူးပဲကျွန်တော့်အနေနဲ့ ပြည်သူများရဲ့ ကိုယ်စားကျေးဇူးတင်ရှိပါတယ်။

၂။ အမျိုးသမီး

အ.ထ.က စကားမြားကပါ။ ကျွန်မကတော့ မျက်စိရောဂါကို လာပြီးတော့ပြတာဖြစ်ပါတယ်။ မျက်စိထဲမှာ အစက်အပြောက်ကလေးတွေ့လို့ပေါ့နော်။ လာပြီးတော့ပြတာပါ။ ဆေးတွေပေး လိုက်တယ်။ မျက်မှန်တွေပေးလိုက်တယ်ပေါ့နော်။ နီးနီနားနားနဲ့ ကျေးရွာဘေးနားမှာရှိတဲ့ ရွာသူ ရွာသားအားလုံးအတွက်လည်း ကောင်းတယ်ပေါ့နော်။ ကျန်းမာရေးကုသမှုတွေခံရတဲ့အတွက် ပိုပြီးတော့ ကောင်းမွန်ပါတယ်။ တကူးတက သွားရမယ့်နေရာကို မသွားရဘဲနဲ့ အိမ်တိုင်ယာ ရောက်ပဲ တချို့ကျတော့မသွားနိုင်ဘူးလေ။ အဲလိုမျိုးရောဂါတွေ တအားပြင်းထန်တဲ့သူတွေကျ မသွားနိုင်ဘူး။ အရိုးအကြောဘာညာပေါ့။ အဲလိုမျိုးတွေကျတော့ မသွားနိုင်တဲ့အတွက် သူတို့က လာပြီးတော့ ကုသတဲ့အတွက် ပိုပြီးတော့ ကောင်းမွန်ပါတယ်ပေါ့နော်။ ကျွန်မတို့ရွာကို အခုလို အထူးတလည်လာရောက်ပြီးတော့ ကုသပေးတဲ့အတွက် အားလုံးရဲ့ကိုယ်စားကျေးဇူးတင်ပါ တယ်ရှင်။