မြစ်ကြီးနားမြို့နှင့် ဒလမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် နေပြည်တော်၊ နိုဝင်ဘာ-၂၇

Thursday, November 27, 2025 - 16:00

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ယနေ့နံနက် ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ခေမာသီရိ ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၃၀ ပါးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက် ဖြင့် နှလုံးစမ်းသပ်စစ်ဆေးပေးခြင်းနှင့် ဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် သံဃာတော်များအား မြစ်ကြီးနားမြို့ရှိတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေး သည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို မြစ်ကြီးနားတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ခေမာသီရိကျောင်းတိုက်မှ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ အံ့ကြီးအနောက်ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော် ၅ ပါးနှင့် ဒေသခံပြည်သူ ၁၆၆ ဦးတို့ကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ ဓမ္မသီတလဓမ္မာရုံ၌ အရိုးအကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ဒလတပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး အံ့ကြီးကျောင်းတိုက် ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။