KK Park နယ်မြေအတွင်း Online လိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၉ လုံး ထပ်မံဖြိုချဖျက်ဆီး၊ ရွှေကုက္ကိုလ်နယ်မြေအတွင်းမှ တရားမဝင်ပြည်ပနိုင်ငံသား ၁၉၅ ဦးတို့အား  ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ နေပြည်တော်၊ ၂၀၂၅ နိ

Wednesday, November 26, 2025 - 16:45

KK Park နယ်မြေအတွင်း Online လိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၉ လုံး ထပ်မံဖြိုချဖျက်ဆီး၊
ရွှေကုက္ကိုလ်နယ်မြေအတွင်းမှ တရားမဝင်ပြည်ပနိုင်ငံသား ၁၉၅ ဦးတို့အား  ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့

နေပြည်တော်၊ ၂၀၂၅ နိုဝင်ဘာ ၂၆

မြန်မာနိုင်ငံအစိုးရအနေဖြင့် online လိမ်လည်မှုများ နှင့် online လောင်းကစားမှု များကို အများဆုံးကျူးလွန်လျက်ရှိသည့် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်း တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့် ဝင်ရောက်ရှင်းလင်းခြင်း၊ တရားမဝင် အဆောက်အအုံများနှင့်  online လိမ်လည်မှုများတွင် အသုံးပြုခဲ့သည့် အသုံးအဆောင် ပစ္စည်းများအား စနစ်တကျ ဖြိုချဖျက်ဆီးခြင်း၊ တရားမဝင် ပြည်ပနိုင်ငံ သားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင် လွှဲပြောင်းပေးခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

 online လိမ်လည်မှုများနှင့် online လောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် KK Park နယ်မြေအတွင်းရှိ Online လိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့ကြသော အဆောက်အအုံများကို အပိုင်း(၃)ပိုင်းခွဲ၍ စနစ် တကျ ဖြိုချဖျက်ဆီးခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်သည်။ ထိုသို့ဆောင်ရွက်လျက် ရှိရာ ယနေ့တွင် အပိုင်း (၃) နယ်မြေအတွင်း တရားမဝင်အဆောက်အအုံ ၉ လုံးကို ထပ်မံဖြိုချ ဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ အပိုင်း(၃)ပိုင်းတွင် တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးရှိသည့်အနက် ၂၄၆ လုံးကို ဖြိုချဖျက်ဆီးပြီး ဖြစ်ကြောင်း သိရသည်။

အလားတူ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌လည်း ရှင်းလင်းဖော်ထုတ်မှုများကို ဆက် လက်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် အဆောက်အအုံ ၄၁ လုံးအတွင်းထပ်မံစစ်ဆေးခဲ့ရာ Online လိမ်လည်မှု လုပ်ငန်းသုံး Computer ၊ Mobile Phone နှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိခြင်း မရှိကြောင်း သိရှိရသည်။

ထို့ပြင် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ Online လိမ်လည်မှုနှင့် လောင်းကစားမှုများ ကျူးလွန်ခဲ့ပြီး အဆောက်အအုံများ၊ လမ်းဆုံလမ်းခွများ၌ ထွက်ပြေးတိမ်းရှောင်ပုန်းအောင်းနေထိုင်လျက် ရှိကြသည့် တရုတ်နိုင်ငံသား ၁၈၁ ဦး၊ မလေးရှားနိုင်ငံသား ၆ ဦး၊ ကင်ညာနိုင်ငံသား ၁ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၂ ဦး၊ ဆီးရီးယားလီယွန်နိုင်ငံသား ၂ ဦး၊ မာလဝီနိုင်ငံသား ၁ ဦး၊ ထိုင်ဝမ်နိုင်ငံသား ၂ ဦး၊ စုစုပေါင်း ၁၉၅ ဦးတို့ကို ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

  ထို့ကြောင့် ရွှေကုက္ကိုလ်နယ်မြေအတွင်း စုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုများအရ ယနေ့အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၂၀၄၂ ဦးနှင့် Online လိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၃၀၉၈ လုံး၊ မိုဘိုင်းဖုန်း ၂၁၇၅၀ လုံး၊ star Link ဘန်း ၁၀၂ လုံး၊ Router ၂၂ လုံးနှင့် လုပ်ငန်းသုံးပစ္စည်းအများအပြားကို စိစစ်တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး သိမ်းဆည်းရမိ ပစ္စည်းများအား စနစ်တကျဖျက်ဆီးရှင်းလင်းခဲ့ကြောင်းနှင့် ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများကို မြဝတီ မြို့နယ်၊ ပူလွဲပူ ကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင်ကျေးရွာအတွင်း လုံထင်းဝန်းရှိ အဆောက် အအုံ၌ ထိန်းသိမ်းထားရှိပြီး တရားမဝင်ပြည်ပနိုင်ငံသား စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ ပြည်ပနိုင်ငံသား ၁၄၄ ဦးကို စစ်ဆေးနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်း အဖွဲ့များ၏ လိုအပ် သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ယနေ့အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂၈၈၂ ဦး ထိန်းသိမ်းနိုင်ခဲ့ကာ ၁၂၆၈၇ ဦး ကို ပြည်နှင်နိုင်ရေး စစ်ဆေးခဲ့ပြီး ၎င်းတို့အနက်မှ ၁၀၀၂၉ ဦးကို ထိုင်းနိုင်ငံမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲ ပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၈၅၃ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် Online လိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝ အခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။