မြဝတီမြို့၌ လူမှုကွန်ရက်အသုံးပြုကာ လိုင်စင်မဲ့မော်တော်ယာဉ်များ အရောင်းအဝယ်ပြုလုပ်နေသူ တစ်ဦးအား ဖော်ထုတ်ဖမ်းဆီးအရေးယူ နေပြည်တော်၊ ၂၀၂၅ နိုဝင်ဘာ ၂၆

Wednesday, November 26, 2025 - 16:30

            လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို နှောင့်ယှက်ဖျက်ဆီးလိုသူများက ၎င်းတို့ ပြစ်မှုကျူးလွန်ရာတွင် သဲလွန်စမကျန်ရှိစေရေး လိုင်စင်မဲ့မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား အသုံးပြုကျူးလွန်ဖျောက်ဖျက်ခြင်းများ၊ ဖွံ့ဖြိုးတိုးတက်လာသည့် ခေတ်နှင့်အညီ နိုင်ငံအနှံ့ မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များ တွင်ကျယ်စွာ အသုံးပြုလာကြသကဲ့သို့ လိုင်စင်မဲ့ မော်တော် ယာဉ်/ မော်တော်ဆိုင်ကယ်များကို တရားမဝင်အရောင်းအဝယ်ပြုလုပ်လာကြသည့်အပြင် လူမှုကွန်ရက် စာမျက်နှာများ အသုံးပြု၍လည်း အရောင်းအဝယ်ပြုလုပ်ခြင်းများ ဆောင်ရွက်လာကြသည်ကို စိစစ်တွေ့ရှိရပါသည်။ ထိုသို့ လိုင်စင်မဲ့မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များ တရားမဝင် ရောင်းဝယ်အသုံးပြုခြင်းများအား တာဝန်ရှိသူများက စိစစ်ဖော်ထုတ်ဖမ်းဆီးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

            ထို့သို့စိစစ်ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ TikTok လူမှုကွန်ရက်စာမျက်နှာ၌ @naungminsatt အကောင့်ဖြင့် လိုင်စင်မဲ့မော်တော်ယာဉ်များပြသကာ အရောင်းအဝယ်ပြုလုပ် နေသည်ကို တွေ့ရှိရသဖြင့် အဆိုပါအကောင့်ပိုင်ရှင်အား စိစစ်ခဲ့ရာ @naungminsatt အကောင့် ပိုင်ရှင်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ နောင်မင်းဆက် (၂၆)နှစ်ဖြစ်ကြောင်း သိရှိရပြီး ၎င်းမှာ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ သစ်တပင်လမ်း၊ အမှတ် (၄/၀၀၃၈)၌ နေထိုင်ကာ ခြံဝင်းအတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ထားရှိ၍ အရောင်းအဝယ် ပြုလုပ်နေကြောင်း ဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၅ ရက်နေ့ ည ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် ဝင်ရောက်ရှာဖွေခဲ့ရာ နောင်မင်းဆက်အား အဆိုပါခြံဝင်းအတွင်းမှ YGN-7 1P-4273 TOYOTA LEXUS၊ KYN-4 9K-6698 BMW၊ KYN-7 5K-6318 TOYOTA LEXUS အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ် ၃ စီး၊ စိစစ်ဆဲ မော်တော်ယာဉ် ၁ စီး၊ ပေါင်း ၄ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

          လိုင်စင်မဲ့မော်တော်ယာဉ်များအား လူမှုကွန်ရက်အသုံးပြု၍ အရောင်းအဝယ်ပြုလုပ်နေသူ နောင်မင်းဆက်အား မြဝတီမြို့မရဲစခန်း(ပ)အမှတ် ၂၆၈/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ-၈ ဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းနှင့် အလားတူ အကောက်ခွန်မဲ့ တရားမဝင် လိုင်စင်မဲ့မော်တော် ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များအား စီးနင်းအသုံးပြု၊ အရောင်းအဝယ်ပြုလုပ်ခြင်းများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။