ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီး ကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ငပုတောမြိုနယ်၊ ကျုံကူးရွာသိုရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုကြသည်။
အဆိုပါတပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများသည် ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာ စိတ္တသုခဘုန်းကြီးကျောင်း တွင်အခြေပြု၍ ကျုံကူးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၃၇ ဦး၊ ခွဲစိတ်ရောဂါ ၃၇ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၃ ဦး၊ ကလေးရောဂါ ၃၂ ဦး၊ အရိုးရောဂါ ၇၉ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၄ ဦး၊ မျက်စိရောဂါ ၁၁၉ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၀၇ ဦး၊ စုစုပေါင်း ဒေသခံပြည်သူ ၅၅၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၉ ဦး၊ မျက်စိခွဲစိတ်လူနာ ၇ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၄ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၈၅ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၇ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထို့အပြင် ဆေးဝါးလာရောက်ကုသမှုခံယူကြသည့် ဒေသခံပြည်သူများကို တာဝန်ရှိ သူများက လိုက်လံကြည့်ရှုအားပေးပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိခဲ့ရပါတယ် -
၁။ လည်ပင်းအကျိတ်က ပြည်တည်လို့ အကြောရောင်တာ၊ ဇက်ကြောတက်တာကနေ စဖြစ်တာပါ။ ဒီမတိုင်ခင်မှာ ပြခဲ့တာရှိပါတယ်။ စာမေးပွဲ ဖြေနေသေးလို့ဆိုပြီး မခွဲဖြစ်သေးတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေတယ်ပေါ့။ ကိုယ့်ဒေသမှာ လာပြီးကုသပေးတဲ့အခါကျတော့ အစစအရာရာ အဆင်ပြေသွားတာပေါ့။ အခုလိုမျိုး လာရောက်ပြီး ကုသပေးတဲ့အတွက် ဆရာ၊ဆရာမ များ အားလုံးကို ကျေးဇူးတင်ပါတယ်။
၂။ ကျွန်မရဲ့မေမေက အကြောနဲ့ပတ်သက်ပြီး လမ်းလျှောက်လို့လည်း သိပ်မကောင်းလို့ လာပြတာပါ။ အရင်တုန်းကလည်း လာပြဖူးပါတယ်။ အရင်တစ်ခေါက်လာတုန်းကလည်း အဲ့လိုပဲ အကြောနဲ့ ပတ်သက်ပြီး ဆေးလာပြတော့ ဆေးထိုးပေးတယ်။ သောက်ဆေးတွေဘာတွေ ပေးတယ်ဆိုတော့ သက်သာတယ်။ အခုကျုံကူးတိုက်နယ် အတွင်းမှာရှိတဲ့ လူတွေအားလုံးက ဒီနေရာကို လာပြီးကုသလို့ရတယ်ဆိုတော့ အဆင်ပြေသွားတာပေါ့။ အခုလိုမျိုး ပင်ပင်ပန်းပန်းနဲ့ ဆေးလာရောက်ကုသပေးတဲ့ အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ နောက်နောင်ကိုလည်း အခုထပ်ပိုပြီးတော့ လာရောက်ကုသပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။




