ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာ၌ အခြေပြု၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည့် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသော တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် နိုဝင်ဘာ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါရွာမှ ပြန်လည်ထွက်ခွာ၍ ညနေပိုင်းတွင် ဝါးခယ်မမြို့နယ်၊ညောင်ငူကျေးရွာအုပ်စု၊ မရမ်းချောင် ကျေးရွာသို့ ရောက်ရှိရာ နယ်မြေခံတပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက် ကြသည်။
အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ဝါးခယ်မမြို့နယ်၊ ညောင်ငူ ကျေးရွာအုပ်စု၊ မရမ်းချောင်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ အခြေပြု၍ အဆိုပါ ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၇၂ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၁၁ ဦး၊ ခွဲစိတ်ရောဂါ ၂၆ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃၅ ဦး၊ ကလေးရောဂါ ၄၂ ဦး၊ အရိုးရောဂါ ၄၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၃ ဦး၊ မျက်စိရောဂါ ၁၀၈ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၄၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၄င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၄ ဦး၊ မျက်စိခွဲစိတ်လူနာ ၆ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၂၇ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၇၀ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၈ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါတယ်-
၁။ ကလေးနှလုံးသွေးကြေားတစ်ချောင်း အပိုပါလို့ ဒီမှာနယ်လှည့်ဆရာဝန်တွေ လာတယ် ဆိုလို့ လာပြတာပါ။ နှလုံးသွေးကြောက စိုးရိမ်ရတယ်တဲ့။ ၆ ဒသမ ၅ တောင်ရှိတယ်တဲ့။ အပေါက် တော်တော်ကျယ်တယ်တဲ့။ အဲ့ဒါ ဒီကလေးက အရေးကြီးတယ်တဲ့။ နှလုံးက မဖြစ်မနေ ပိတ်ရမယ်တဲ့။ ကြာရင်တော့ မကောင်းဘူး။ စိုးရိမ်ရတယ်လို့ ပြောတယ်။ ဒီလိုမျိုး နယ်လှည့် ဆရာဝန်တွေလာတော့လည်း ကိုယ်တွေအတွက်လည်း ကောင်းတယ်လေ။ သူများတွေအတွက် လည်း ကောင်းတယ်။ ဆရာဝန်ကြီးတွေလည်း ဘုန်းကြီးပါစေ။ အသက်ရှည်ကျန်းမာပါစေ။ အခုလိုမျိုးလာရောက်ပြီးတော့ အခမဲ့လာရောက်ကုသပေးတာ သူတို့လည်း ဒီထက်မက ဘုန်းကြီးအသက်ရှည်ပြီးတော့ နိုင်ငံတာဝန်တွေလည်း ထမ်းဆောင်နိုင်ကြပါစေ။
၂။ ကျွန်မက ရွှေလောင်း အ.ထ.က ကျောင်းက အလယ်တန်းပြဆရာမပါ။ ဆီးချိုနဲ့ လက်မ အရွတ်ရောင်တာလေ။ အဲ့ဒီရောဂါတွေ လာပြတာပါ။ ဗိုလ်ကြီးတွေကလည်း ကျကျနန စိတ်ရှည် လက်ရှည်နဲ့ သေချာရှင်းပြတယ်။ သေချာလည်း ကုပေးပါတယ်။ လိုအပ်တဲ့ဆေးဝါးတွေလည်း လိုတာတွေ လုပ်ပေးလိုက်တယ်လေ။ အဲ့လိုဆိုတော့လည်း ဆရာမတို့လည်း စိတ်ချမ်းသာရတာ ပေါ့နော်။ ကိုယ့်ရပ်ကိုယ်ရွာနဲ့ နီးနီးနားနားမှာ ရောက်လာပြီးတော့ ပြရတယ်ဆိုတော့ အခက်အခဲ မရှိဘူး။ အားလုံးအဆင်ပြေတယ်လေ။ နယ်လှည့်ဆေးကုသအဖွဲ့ ဆရာဝန်ကြီးတွေ အကုန်လုံး နောက်တစ်ခါ volunteer တွေ အကုန်လုံး ဝိုင်းဝန်းပြီးတော့ ကူညီပေးကြတယ်။ ရပ်ရွာရော၊ အဖွဲ့အစည်းတွေအကုန်လုံးက စေတနာပါပါနဲ့ စိတ်ပါလက်ပါနဲ့ အားတက်သရောနဲ့ လုပ်ပေးကြ တာကို တွေ့ရတယ်။ အဲ့ဒီအတွက် အများကြီး ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။




