၁။ ဂျပန်ဝန်ကြီးချုပ်သစ်ရဲ့ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ပြောကြားချက်များကို ကျွန်တော်တို့ နိုင်ငံတကာ မီဒီယာတွေမှာ တွေ့လိုက်ပါတယ်။
၂။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့သဘောထားကတော့
(တစ်) မြန်မာနိုင်ငံအစိုးရသည် တရုတ်နိုင်ငံရဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)ကို ခိုင်မာစွာ ထောက်ခံရပ်တည်လျက်ရှိပါတယ်။ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)အပေါ် မြန်မာနိုင်ငံက ခိုင်မာစွာထောက်ခံရပ်တည်လျက် ရှိကြောင်းကိုလည်း မြန်မာနိုင်ငံယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံခေါင်းဆောင်များနှင့်တွေ့ဆုံရချိန်တိုင်းမှာ ထပ်လောင်းအတည်ပြု ခိုင်မာစွာ ပြောကြားခဲ့ပါတယ်။
(နှစ်) တရုတ်-မြန်မာနှစ်နိုင်ငံသည် အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး မဟာဗျူဟာ မိတ်ဖက်နိုင်ငံများနဲ့ အေးအတူပူအမျှအသိုက်အဝန်းကို တည်ဆောက်နေတဲ့နိုင်ငံများ ဖြစ်ပါတယ်။ ဒီအချက်အပေါ်မှာ မြန်မာက အထူးအလေးထား တန်ဖိုးထားပါတယ်။
(သုံး) ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက်ရဲ့ ပထမအချက်ပါအတိုင်း တရုတ် နိုင်ငံရဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ်မှာ မြန်မာက လေးစားပြီး ၎င်းအချက်အပေါ်ကာကွယ်ခြင်းကို မြန်မာက အစဉ်အမြဲထောက်ခံရပ်တည် လျက်ရှိပါတယ်။
ဂျပန်ဝန်ကြီးချုပ် Mrs. Takaichi ၏ ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ ပြောကြားချက်အပေါ် မီဒီယာများ၏ မေးမြန်းချက်များအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြန်လည်ဖြေကြားချက်
Friday, November 21, 2025 - 15:30
