မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် online လိမ်လည်မှုများ၊ online လောင်းကစားမှုများတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး Online လိမ်လည်လောင်းကစားမှုများကို အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့် ဝင်ရောက် ရှင်းလင်းခြင်း၊ တရားမဝင်အဆောက်အအုံများအား ဖြိုချဖျက်ဆီးခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ မြဝတီ-မဲထော်သလေး (KK Park) နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ ၁၉၆ လုံးကို စနစ်တကျ ဖြိုချဖျက်ဆီးခဲ့ပြီး ရွှေကုက္ကိုလ် နယ်မြေအတွင်း၌ Online လောင်းကစားမှုနှင့် လိမ်လည်မှုများ ကျူးလွန်ခဲ့သည့် ပြည်ပ နိုင်ငံသား ၃၅၁ ဦးကိုထပ်မံ ဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။
မြဝတီ-မဲထော်သလေး (KK Park) နယ်မြေအတွင်း Online လိမ်လည်လောင်း ကစားမှုများကျူးလွန်ရာတွင် အသုံးပြုလျက်ရှိသည့် အဆောက်အအုံ ၆၃၅ လုံး ရှိသည့် အနက် ယနေ့တွင် ၁၄ လုံးကို ဆက်လက်ဖြိုချဖျက်ဆီးခဲ့ရာ ယနေ့အထိ တရားမဝင် အဆောက်အအုံ ၁၉၆ ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့် တရားမဝင် အဆောက်အအုံများကို ဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိကြောင်း သိရှိရသည်။
အလားတူ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌လည်း ရှင်းလင်းဖော်ထုတ်မှုများကို နိုဝင်ဘာ ၁၈ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့စတုတ္ထနေ့တွင်လည်း ရွှေကုက္ကိုလ် နယ်မြေ၊ ရှင်းယုံလီဝန်းအတွင်းရှိ ၁၂ ထပ် အဆောက်အအုံ ၃ လုံးနှင့် ၉ ထပ် အဆောက်အအုံ ၃ လုံးတို့ကို ရှာဖွေစစ်ဆေးခဲ့ရာ Online လိမ်လည်မှုနှင့် လောင်းကစားမှု လုပ်ငန်းများ လုပ်ကိုင်နေသူများကို တွေ့ရှိရခြင်းမရှိဘဲ ဝန်းအတွင်းရှိ ဂိုဒေါင်အတွင်းမှ star Link ဘန်း ၁၀၁ လုံးနှင့် Router ၂၁ လုံး တို့ကို စိစစ်တွေ့ရှိခဲ့ပြီး ဖော်ထုတ် ရှင်းလင်းခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ Online လိမ်လည်မှုနှင့် လောင်းကစားမှုများ ကျူးလွန်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ပုန်းအောင်းနေထိုင်လျက်ရှိကြသည့် တရုတ်နိုင်ငံသား ၁၁၆ ဦး၊ ဗီယက်နမ်နိုင်ငံသား ၃၆ ဦး၊ ကင်ညာနိုင်ငံသား ၁၄ ဦး၊ အီသီရိုးပီးယားနိုင်ငံသား ၇၅ ဦး၊ တောင်အာဖရိကနိုင်ငံသား ၈ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၂၃ ဦး၊ ယူဂန်ဒါနိုင်ငံသား ၂၉ ဦး၊ ဇင်ဘာဘွေနိုင်ငံသား ၁ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁၄ ဦး၊ ပါကစ္စတန်နိုင်ငံသား ၃ ဦး၊ ဘင်္ဂလားဒေ့နိုင်ငံသား ၁ ဦး၊ လိုက်ဘေးဒီးယားနိုင်ငံသား ၁ ဦး၊ နိုင်ဂျီးဒီးယားနိုင်ငံသား ၂ ဦး၊ မော်ရိုကိုနိုင်ငံသား ၁ ဦး၊ မာလဝီနိုင်ငံသား ၁ ဦး၊ ကင်မရွန်းနိုင်ငံသား ၆ ဦး၊ မွန်ဂိုးလီးယားနိုင်ငံသား ၁ ဦးနှင့် တရုတ်(တိုင်ပေ)နိုင်ငံသား ၁ ဦး၊ စုစုပေါင်း ၃၅၁ ဦးတို့ကို ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။ ထို့ကြောင့် ရွှေကုက္ကိုလ် နယ်မြေအတွင်း စုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုများအရ နိုဝင်ဘာ ၁၈ ရက်မှ ယနေ့အထိ မြန်မာနိုင်ငံအတွင်း သို့ တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၃၆၇ ဦးနှင့် Online လိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၂၆၅၃ လုံး၊ မိုဘိုင်းဖုန်း ၂၁၇၅၀ လုံး၊ star Link ဘန်း ၁၀၁ လုံး၊ Router ၂၁ လုံးနှင့် လုပ်ငန်းသုံး ပစ္စည်းအများအပြားကို စိစစ်တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖော်ထုတ်ရှင်းလင်းခြင်း များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများကို မြဝတီမြို့နယ်၊ ပူလွဲပူ ကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင်ကျေးရွာအတွင်း လုံထင်းဝန်းရှိ အဆောက်အအုံ၌ ထိန်း သိမ်းထားရှိပြီး တရားမဝင်ပြည်ပနိုင်ငံသား စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ ယနေ့တွင် ပြည်ပနိုင်ငံသား ၂၀၀ ဦးကို စစ်ဆေးနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည် လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေး အချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ နိုဝင်ဘာလ ၂၁ ရက်အထိ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂၂၀၇ ဦး ထိန်းသိမ်းနိုင်ခဲ့ကာ ၁၁၆၄၀ ဦးကို စစ်ဆေးခဲ့ပြီး ၎င်းတို့အနက်မှ ၉၉၇၈ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၂၂၉ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ် ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် Online လိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝ အခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။




















