၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကျင်းပ  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   နှင့်

Thursday, November 20, 2025 - 16:00

 ၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကျင်းပ  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   နှင့် ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်ပေးအပ်

နေပြည်တော်၊ နိုဝင်ဘာ - ၂၀

၂၀၂၄ ခုနှစ် အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော နှင့် ဇနီး၊  ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး နှင့် ဇနီး၊ ‌ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီး များနှင့်ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စာပေဆုစိစစ် ရွေးချယ်ရေးကော်မတီဝင်ဆရာကြီး၊ ဆရာမကြီးများ၊ ဆုရပုဂ္ဂိုလ်များ၊ စာပေပညာရှင်များ၊ အနုပညာရှင်များ၊ စာပေ ဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့်ဇနီး အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ်  အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆု ရရှိကြသူများ၏ အတ္ထုပ္ပတ္တိ၊ ဓာတ်ပုံ၊ ဆုရစာအုပ်များ၊ စာအုပ်စာစောင်နှင့် စာပေဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် အခမ်းအနားကို စတင်ကျင်းပရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ အနုပညာရှင်ဝန်ထမ်းများ၏ “ဘဝအလင်းရောင် စာပေတန်ဆောင်” ပြဇာတ်ဖြင့်ဖျော်ဖြေတင်ဆက်မှုနှင့် “စာပေအလင်း အမှောင်ခွင်း မြန်မာစာပေအစ ကျေးဇူးတရားက”  မှတ်တမ်း Video Clip ကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း(၁)ရက်ကို  စာဆိုတော်နေ့အဖြစ်သတ်မှတ်ပြီး အသိဉာဏ်ပညာနှင့် ဗဟုသုတအဖြာဖြာ တိုးပွားရာတိုးပွားကြောင်း ပေးစွမ်းသည့်စာအုပ်စာပေများကို ပြုစု ရေးသားအားထုတ်ကြသည့် စာဆိုတော်ကြီးများကို ဂုဏ်ပြုချီးမြှင့်သည့် စာပေအခမ်း အနားများ၊ စာပေဟောပြောပွဲများကို မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပလေ့ရှိကြကြောင်း။

နိုင်ငံနှင့် အများပြည်သူတို့၏ ကောင်းကျိုးအဖြာဖြာကို ကလောင်စွမ်းအားဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် စာပေပညာရှင်ကြီးများ၊ စာဆိုတော်ကြီးများ၏ စာပေ ဂုဏ်ကျေးဇူးကို လေးမြတ်ဂုဏ်ပြုလျက် စာဆိုတော်နေ့အခမ်းအနားကို မြန်မာ့ ယဉ်ကျေးမှုအစဉ်အလာတစ်ခုအဖြစ် ၁၉၄၄ ခုနှစ်က စတင်ပြီး ကျင်းပလာကြသည်မှာ  နှစ်ပေါင်း ၈၀ ကျော်ကြာခဲ့ပြီဖြစ်ကြောင်း။

အလိမ္မာ စာမှာရှိ” ဆိုသည့်စကားအတိုင်း လူသားများအတွက် အသိပညာနှင့် အလိမ္မာပညာကို စာပေက ပေးပါကြောင်း၊ စာပေက ပေးသည့် အသိပညာနှင့်အလိမ္မာ ကို အခြေခံပြီး လူ့ပတ်ဝန်းကျင် အဆောက်အအုံကြီး ကြီးထွားစည်ပင်လာခြင်းလည်း ဖြစ် ကြောင်း၊ ထို့ကြောင့် စာပေသည်အလေးအမြတ်ထားအပ်သည့် ဂုဏ်ကျေးဇူးရှိပြီး စာပေများကို ပြုစုကြသည့် စာဆိုတော်ကြီးများ၏ကြီးမားလှသည့် ဂုဏ်ကျေးဇူးများကို လေးစားဂုဏ်ပြုသည့်အနေဖြင့် စာဆိုတော်နေ့အခမ်းအနားကို ကျင်းပပြုလုပ်ကာ ဂုဏ်ပြုပူဇော်ကြခြင်းပင်ဖြစ်ကြောင်း။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ပုဒ် ၃ ခု ချမှတ်ထားရာတွင် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဟူသည့်အချက်လည်း ပါဝင်ကြောင်း၊ ပညာရေးတွင် အသိ ပညာ၊ အတတ်ပညာနှင့် အတန်းပညာမြင့်မားရေး အားလုံးအကျုံးဝင်ကြောင်း၊ ပညာ ရေး၏ အခြေခံအကျဆုံးသည်စာပေဖြစ်ပြီး စာပေကပင် ပညာကိုပေးစွမ်းခြင်း ဖြစ် ကြောင်း။

ထို့ကြောင့်လည်း တိုးတက်သည့်နိုင်ငံတိုင်းက စာပေကိုအလေးထားပြီး စာ ကောင်းပေမွန်များ ရေးသားပြုစုသူ စာပေပညာရှင်များကို ချီးမြှောက်ဂုဏ်ပြုကြ ကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် ပြည်သူကို မျိုးချစ်စိတ်ရှင်သန်စေခဲ့ သကဲ့သို့ လွတ်လပ်ရေးရပြီးစနိုင်ငံတော်ကို ပြန်လည်ထူထောင်သည့်ကာလတွင်လည်း အသိအမြင်တိုးပွားစရာ သုတစာပေများ ခေတ်နှင့်အညီ ပေါ်ထွက်လာခဲ့ပါကြောင်း၊ အလုပ်သမား လယ်သမားအကျိုးပြုစာပေများ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အားပေးသည့်စာပေများ ထွက်ပေါ်ခဲ့သကဲ့သို့ နိုင်ငံတော်အစိုးရက ချီးမြှင့်သည့် စာပေ ဗိမာန်ဆု၊ အနုပညာစာပေဆိုင်ရာဆု၊ အမျိုးသားစာပေဆု၊ ပုဂ္ဂလိကအဖွဲ့အစည်းများက ချီးမြှင့်သည့် စာပေဆုများ၊ စာပေပြိုင်ပွဲများ၊ စာရေးဆရာ အသင်းအဖွဲ့များနှင့် မြန်မာ နိုင်ငံစာပေလုပ်သားအဖွဲ့ စသည်များကလည်း စာပေဖွံ့ဖြိုးရေးကို အထောက်အကူပြု သည့် နောက်ခံများ ဖြစ်ခဲ့ကြကြောင်း။   

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံနှင့် ပြည်သူများ၏ ကောင်းကျိုးကို ရှေးရှုသည့် ခေတ်မီအသိပညာ၊ အတတ်ပညာများကို ဖြန့်ဖြူးပေးသည့် သုတစာပေများ၊ ကိုယ့် နိုင်ငံကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှု အစဉ်အလာများကို လေးစားမြတ်နိုး တန်ဖိုးထား စိတ်များ ထက်သန်လာအောင် လှုံ့ဆော်ပေးသည့် ရသစာပေများကို အားထုတ်ရေးဖွဲ့ ခဲ့ကြသည့်စာဆိုကြီးများ၏ စာကောင်းပေမွန်လက်ရာများကို အမျိုးသားစာပေဆု အဖြစ်ရွေးချယ်ပြီး စာဆိုတော်နေ့ရောက်တိုင်း နှစ်စဉ်ချီးမြှောက်ဂုဏ်ပြုလျက်ရှိ ကြောင်း၊ ထိုကဲ့သို့ ကောင်းမွန်သည့်အစဉ်အလာကို ၁၉၄၈ ခုနှစ်က စတင်ခဲ့ပြီး ယခု ဆိုပါက နှစ်ပေါင်း ၇၀ ကျော် ရှိခဲ့ပြီဖြစ်ကြောင်း။

နိုင်ငံတော်၏လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ လမ်းညွှန် မှုနှင့် ၁၉၄၇ ခုနှစ်၊ ဩဂုတ်လတွင် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းအမည်ဖြင့် စတင်တည်ထောင်ခဲ့သည့်စာပေဗိမာန်သည် တိုင်းရင်းသားပြည်သူများ နိုင်ငံတကာ ဗဟုသုတတိုးပွားရေးအတွက် ဘာသာပြန်စာပေများနှင့် စာအုပ်စာပေများကို ပြုစု ထုတ်ဝေရေးလုပ်ငန်းနှင့်အတူ မြန်မာစာပေဖွံ့ဖြိုးရေးအတွက် ၁၉၄၈ ခုနှစ်ကစပြီး “စာပေဗိမာန်ကာလပေါ်ဝတ္ထုဆု” ကို ချီးမြှင့်ခဲ့ကြောင်း။

စာပေဗိမာန်ကာလပေါ်ဝတ္ထုဆု”ကို“စာပေဗိမာန်ဆု”၊ “အနုပညာစာပေဆိုင်ရာ ဆု”၊ “အမျိုးသားစာပေဆု” စသည်ဖြင့် ဆုအမည် အမျိုးမျိုးပြောင်းလဲခဲ့ပြီး ဆုချီးမြှင့် မည့် ဘာသာရပ်များ၊ ဆုငွေများကိုလည်း တိုးတက်ချီးမြှင့်ခဲ့သည်မှာ ၂၀၂၄ ခုနှစ် အတွက် အမျိုးသားစာပေဆုတွင် ဆုချီးမြှင့်မည့်ဘာသာရပ် ၁၉ မျိုးအထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း။

          အကြောင်းအမျိုးမျိုးကြောင့် ပုံနှိပ်ထုတ်ဝေခြင်း မပြုဖြစ်သေးသည့် ကလောင် ရှင်တို့၏ လက်ရာကောင်းမွန်သည့်စာမူများကို စာအုပ်ဖြစ်စေရေး အားပေးသည့် ရည်ရွယ်ချက်ဖြင့် “စာပေဗိမာန်စာမူဆု” အဖြစ် ချီးမြှင့်ခဲ့သည်မှာ ယခုနှစ်အတွက် ဘာသာရပ် ၁၄ မျိုးကို ရွေးချယ်ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း။

ထို့အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသားပြုစုခဲ့သည့် ပုဂ္ဂိုလ်များ ၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသည့်အနေဖြင့် “အမျိုးသား စာပေတစ်သက်တာဆု” ကို ၂၀၀၁ ခုနှစ်ကစပြီး နှစ်စဉ် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ ယခင်နှစ်အထိ စာပေပညာရှင်ကြီး (၄၈)ဦးကို အမျိုးသားစာပေတစ်သက်တာဆု ချီးမြှင့်ခဲ့ပြီး ဖြစ်ကြောင်း။

အမျိုးသားစာပေတစ်သက်တာဆုကို ချီးမြှင့်ရာတွင်လည်း စာပေပညာရှင်ကြီး များကို အလေးအမြတ်ထားသည့်အနေဖြင့် တစ်နှစ်ထက် တစ်နှစ် အရေအတွက်တိုးပြီး ချီးမြှင့်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ်တွင် စာပေပညာရှင်ကြီး ၅ ဦးအထိ ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း၊ အမျိုးသားစာပေတစ်သက်တာဆု ချီးမြှင့်ခံရသည့် ဆရာ၊ ဆရာမကြီးတို့ အားလုံးသည်လည်း ပညာဂုဏ်ရည်၊ စာပေဂုဏ်ရည်တို့ ပြည့်ဝကြပြီး လေးစားဂုဏ်ပြုသင့်ကြသည့် ပုဂ္ဂိုလ်ကြီးများဖြစ်ကြောင်း၊ စာပေပညာရှင်ကြီးများ အားလုံးကို အမျိုးသားစာပေတစ်သက်တာဆုရှင်များအဖြစ် နိုင်ငံတော်က ထိုက်တန် စွာ ချီးမြှောက်ခွင့်ရသည့်အတွက် အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်သည်ကို ပြောကြား လိုကြောင်း။

          ၂၀၂၄ ခုနှစ်အတွက် ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း ၉၅၉ အုပ်အတွင်းမှ အမျိုးသားစာပေဆုအတွက် သတ်မှတ်ထားသည့် ဘာသာရပ် ၁၉ မျိုး အနက် ဘာသာရပ် ၁၄ မျိုးကို ရွေးချယ်ခဲ့ပြီး စာပေဗိမာန်စာမူဆုတွင် ပြိုင်ပွဲဝင်စာမူ ၂၄၇ စောင်အတွင်းမှ ဘာသာရပ် ၁၄ မျိုးအနက် ဆုချီးမြှင့်ရန်ထိုက်တန်သည့် စာမူ ပေါင်း ၃၀ ကို ရွေးချယ်ခဲ့ပြီးဖြစ်သဖြင့် ယနေ့အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည် ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၏ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပတော့မည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုများကိုလည်း တစ်ဆင့် ပြီးတစ်ဆင့် ဆောင်ရွက်လျက်ရှိသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ဆန္ဒမဲပေးပိုင် ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေး နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့ သို့ ရွေးကောက်ပွဲကို အပိုင်းလိုက် တစ်ဆက်တည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲ မပြုလုပ်နိုင်သည့် မြို့နယ်များကိုလည်း ကျင်းပနိုင်သည့်အချိန်တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ထိုသို့ ရွေးကောက်ပွဲကာလ နီးကပ်လာသည်နှင့်အမျှ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိ ရန်လည်း အဓိကကျကြောင်း၊ နိုင်ငံတော်အစိုးရက နိုင်ငံရေးတည်ငြိမ်ရေးနှင့် ရွေး ကောက်ပွဲများ စနစ်တကျအောင်မြင်အောင် ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေ ချိန်တွင် ပြည်သူများအနေဖြင့်လည်း တိုင်းပြည်၏ အလှည့်အပြောင်းဟုဆိုရမည့် ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် ပါဝင်ကူညီပေးကြရန်နှင့် မိမိတို့နိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်မှု၊ စိတ်ရှည် သည်းခံမှုနှင့် ပိုမိုကောင်းမွန်သည့်အနာဂတ်ကို မြော်တွေးကြိုးပမ်းကြရန်လည်း တိုက်တွန်းလိုကြောင်း။

နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထားပြီး စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စု ကြီး အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးစသည်တို့နှင့်အတူ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ရေးတို့အတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် အလွန်အရေးကြီးကြောင်း၊ မိမိတို့ ပြည်သူအားလုံး ဒီမိုကရေစီ အလေ့အထကောင်းများ ရရှိအောင်၊ အသိဉာဏ်ပညာများပြည့်ဝအောင်၊ ခေတ်မီ ဗဟု သုတများ ဆည်းပူးနိုင်အောင် “စာပေ” ဖြင့် ထိန်းကျောင်းလေ့ကျင့်ပေးရမည် ဖြစ် ကြောင်း။

စာပေသည် လူတို့၏ စိတ်ဓာတ်ကို သိမ်မွေ့စေတတ်သကဲ့သို့ မေတ္တာတရား ကိုလည်း ကြီးမားလေးနက်စေပါကြောင်း၊ ထို့အပြင် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ တာဝန်သိစိတ်တို့ကိုလည်း ပေးစွမ်းနိုင်ပါကြောင်း၊ ယခုကဲ့သို့ တိုင်းပြည်နှင့် လူမျိုး အတွက် ကြီးမားသည့်အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးသည့် စာပေများကို ဖန်တီးရေးသားကြသည့် စာပေပညာရှင်ကြီးများကို ယနေ့ စာဆိုတော်နေ့တွင် ဆုချီး မြှင့်ခွင့်ရသည့်အတွက် အလွန်ဝမ်းမြောက်မိပါကြောင်းကို ထပ်လောင်းပြောကြားလို ကြောင်း၊ ဆက်လက်၍လည်း သမိုင်းစဉ်ဆက် အခြေခိုင်ခဲ့သည့် မိမိတို့၏ မြန်မာစာပေ ပင်မကြီး လဲကျမသွားစေရေး စုပေါင်းအင်အားဖြင့် ဆက်လက်ပြုစုစောင့်ရှောက်ကြရန် မှာကြားလိုကြောင်း၊ အထူးသဖြင့် တန်ဖိုးမဖြတ်နိုင်သည့် စာပေယဉ်ကျေးမှုများကို နောင်လာနောက်သားမျိုးဆက်တို့အတွက် လက်ဆင့်ကမ်းအမွေအဖြစ် ပေးအပ်နိုင်ကြ ပြီး ပြောင်းလဲဖွံ့ဖြိုးလာသည့် ခေတ်ကာလများနှင့်အတူ အလျဉ်မပြတ် စီးဆင်းနိုင်သည့် မြန်မာစာပေရေစီးကြောင်း တည်တံ့ခိုင်မြဲအောင် ဆက်လက် ကြိုးပမ်းကြပါစို့ဟု တိုက်တွန်းပြောကြားလိုကြောင်း။  

ယနေ့ ဆုချီးမြှင့်ခံကြရသည့် စာပေပညာရှင်ကြီးများ အသက်ရှည်ကျန်းမာ ကိုယ် စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပြီး အမျိုးဘာသာ သာသနာကောင်းကျိုးကို သယ်ပိုး ဆောင်ရွက်နိုင်သည့်၊ နိုင်ငံ၏ပုံရိပ်ကို မြှင့်တင်ပေးနိုင်သည့် စာကောင်းပေမွန်များကို ဆက်လက်ရေးသားဖွဲ့ဆိုနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း။

ယနေ့အခမ်းအနားကို တက်ရောက်လာကြသည့် စာပေပညာရှင်ကြီးများ၊ စာပေ ဆုရရှိသူများ၊ ယခုကဲ့သို့ စာပေဆုများ အောင်မြင်စွာချီးမြှင့်နိုင်အောင် မိမိတို့၏ ကိုယ် ပိုင်အချိန်များကိုပေးပြီး အစည်းအဝေးများကို ကျင်းပပြုလုပ်ကာ စာပေစေတနာ အပြည့်အဝဖြင့် ဆောင်ရွက်ပေးခဲ့ကြသည့် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီနှင့် စာပေဗိမာန်စာမူဆုရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ ပညာရှင် များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာစာပေလောက ခိုင်မြဲစည်ပင် ဖွံ့ဖြိုးရေးအတွက် ဆက်လက်ပါဝင်ကူညီပေးကြရန် မေတ္တာရပ်ခံအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ နှင့် ဇနီးတို့က ၂၀၂၄ ခုနှစ်၊ အမျိုးသားစာပေတစ်သက်တာဆု ရရှိကြသည့် စာပေပညာရှင်ဆရာကြီးနှင့် ဆရာမကြီးများဖြစ်ကြသည့် ဦးသန်းညွန့် (ဇင်မင်း-သမိန်ထော)၊ ဦးကိုကို(ကို-တက္ကသိုလ်)၊ ဒေါက်တာဒေါ်ပို (မလေးပို)၊ ဒေါ်တင်ရီ (တင်ရီမ-ညောင်ဦး)၊ ဒေါက်တာ ဒေါ်ခင်သန်းဦး(မမိုးမြေ) တို့ကို နိုင်ငံတော်မှ ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့က ချီးမြှင့်သည့် အထူးဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်သည်။

၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့အား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုး သားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနား အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်အား ဂါရဝပြုပေးအပ်သည်။

ထို့နောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ ဝင်အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဦးသန်းဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်အောင်စန်း နှင့် ဦးမောင်မောင်အုန်းတို့က အမျိုးသားစာပေဆုရရှိသူများနှင့် စာပေဗိမာန်စာမူဆု ရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် အမျိုးသားစာပေတစ်သက်တာဆုရှင်ဆရာကြီး ဦးကိုကို (ကို-တက္ကသိုလ်) က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ၎င်းနောက် ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များက “ဝထကလသ” တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ နှင့်ဇနီးနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုရရှိကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးတို့သည် ၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက် တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ရရှိခဲ့ကြသူများ၊ အနုပညာရှင်များ၊ စာပေပညာရှင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ် အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ရရှိခဲ့ကြသူများ၊ အနုပညာရှင်များ၊ စာပေပညာရှင်များနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။