ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး(၅/၂၀၂၅) ကျင်းပ နေပြည်တော်၊  နိုဝင်ဘာ ၁၉

Wednesday, November 19, 2025 - 18:30

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၅/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ်(၁၈)  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက Video Conference စနစ်ဖြင့် တက်ရောက် ကြသည်။

          ဦးစွာ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၅)မှတ်တမ်းကို အတည်ပြုခြင်း ဆောင်ရွက်သည်။ ထို့နောက်နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာ စကား ပြောကြားရာတွင် မိမိတို့အနေဖြင့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို တည်ငြိမ်မှုရှိပြီး အောင်မြင်စွာဆောင်ရွက်နိုင်ရန် ကြိုးစားအကောင်အထည်ဖော်  ဆောင်ရွက်လျက် ရှိကြောင်း၊ လက်ရှိ မိမိတို့နိုင်ငံအပေါ် အနောက်အင်အားကြီး နိုင်ငံအချို့နှင့် ၎င်းတို့၏ ဩဇာလွှမ်းမိုးခံနိုင်ငံများအနေဖြင့် စီးပွားရေးပိတ်ဆို့အရေးယူဆောင်ရွက်မှုများ၊ မီဒီယာအသုံးပြု ထိုးနှက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်မှုများအပေါ်  နိုင်ငံတော်အကြီးအကဲ၏ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆောင်ရွက်သည့် ထိပ်သီးအစည်းအဝေးများ၊ ကမ္ဘာ့ အင်အားကြီးနိုင်ငံများသို့သွားရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်များအတွင်း နိုင်ငံတကာ ခေါင်းဆောင် အများအပြားနှင့် ထိတွေ့ဆက်ဆံခြင်း၊ တွေ့ဆုံဆွေးနွေး ခြင်းတို့ဖြင့် မိမိတို့နိုင်ငံအပေါ် တစ်ဖက်သတ် စွပ်စွဲပြောဆိုချက်များနှင့် ပြည်တွင်းပြည်ပ ဆန့်ကျင်ဘက် အဖွဲ့အစည်းများရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများနဲ့ အဖျက်အမှောင့် လုပ်ဆောင်ချက်များကို  နိုင်ငံတကာမှ နားလည်သဘောပေါက်စေခဲ့ပြီး မိမိတို့နိုင်ငံအပေါ် နိုင်ငံတကာရဲ့ ယုံကြည်မှုကို မြှင့်တင်ပေးခြင်းနဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံ မှုတွေကို ရရှိခဲ့ကြောင်း။

          လက်ရှိကာလတွင် နယ်စပ်ဒေသများကို အခြေပြု၍ ဖြစ်ပေါ်လျက်ရှိသော နိုင်ငံဖြတ်ကျော် မှုခင်းများနဲ့ နယ်စပ်အခြေပြု လက်နက်ကိုင်အဖွဲ့အစည်းများက ကာစီနိုနဲ့ အွန်လိုင်းလောင်းကစားခြင်းများကို နိုင်ငံတကာ ရာဇဝတ်အဖွဲ့များ နှင့်အတူ ကျူးလွန်ဆောင်ရွက်နေသည့်အတွက် နိုင်ငံတော်အစိုးရမှ ထိထိ ရောက်ရောက် ရှင်းလင်း ဆောင်ရွက်နေကြောင်း၊ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ မှစ၍ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ လယ်အထိ နှစ်နှစ်ကျော်ကာလအတွင်း မြန်မာသို့ အိမ်နီးချင်းနိုင်ငံ များမှတစ်ဆင့် တရားမဝင် ရောက်လာခဲ့သည့် နိုင်ငံပေါင်း(၅၂) နိုင်ငံမှ နိုင်ငံခြားသား (၆၈၀၀၉) ဦးကို  အိမ်နီးချင်း နိုင်ငံများမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်ပြန်လည် လွှဲပြောင်း ပေးခဲ့ပြီး ဖြစ်ကြောင်း၊  အိမ်နီးချင်း နယ်စပ်လမ်းကြောင်းများမှ တစ်ဆင့် မိမိတို့နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာပြီး နယ်စပ်ဒေသများတွင် အခိုင်အမာအခြေချ၍ အွန်လိုင်း လိမ်လည်မှုများ ကျူးလွန်နေသည့်လောင်းကစားအဖွဲ့များကိုလည်း အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် အင်တိုက်အားတိုက် ရှင်းလင်းဖယ်ရှား ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို နိုင်ငံတကာမှ သတင်းအမှန်အတိုင်း သိရှိနိုင် စေရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဆိုပါနယ်မြေရှိ တာဝန်ရှိသူများက ဆောင်ရွက် ပေးကြရန်လိုအပ်ကြောင်း။

          မိမိတို့နိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် တရားမဝင် ကုန်သွယ်မှုများသည် အဓိကအဟန့်အတားဖြစ်နေပြီး လူမှုရေး၊ စီးပွားရေး နှင့် လုံခြုံရေး ကဏ္ဍများအပေါ် များစွာဆိုးကျိုး သက်ရောက်စေလျက်ရှိကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် စီမံချက်များချထားပြီး တိုးတက် ဖမ်းဆီးနိုင်ရေးဆောင်ရွက်ခဲ့သည့်အတွက် ယခုအခါ တရားမဝင်ကုန်သွယ်မှုများ ယခင်ကထက် များစွာလျော့နည်း ကျဆင်းလာသည်ကို တွေ့ရှိရကြောင်း၊ လက်ရှိအခြေအနေအရ ရနောင်း၊ ကော့သောင်း၊ ရန်ကုန် လမ်းကြောင်းတွင် ကုန်သွယ်မှုကိုလည်း ပိုမိုတိုးမြှင့် ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ လက်ရှိကာလတွင် နယ်စပ်ဖြစ်သည့်  မြဝတီ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် များသို့ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှု မရှိစေရေး  အလေးအနက်ထားပြီး တားဆီးစစ်ဆေးခြင်းများကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှုအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်၊ ဥပဒေများအပြင် လိုအပ်ပါက ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့်ပါ  စိစစ်ဖော်ထုတ် အရေးယူနိုင်ရေး ပေါင်းစပ်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုသည် နိုင်ငံအတွက်ဘက်ပေါင်းစုံက ဆိုးကျိုးများကိုသာ သက်ရောက် စေသည့်အတွက် အလုံးစုံပပျောက်စေရေးအထိ ရည်မှန်းချက်ထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

          မူးယစ်ဆေးဝါးသည် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ လူမှုစီးပွားဘဝကို ပြင်းထန်စွာ ရိုက်ခတ်စေလျက်ရှိကြောင်း၊ အဓိကအားဖြင့် လုံခြုံရေးအရ တည်ငြိမ်မှုမရှိသည့် ဒေသများနှင့် နယ်စပ်ဒေသများတွင် လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များမှ သယ်ယူခြင်းနဲ့ ရောင်းဝယ်ဖောက်ကားခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် ကျောင်းသား/ ကျောင်းသူအရွယ် လူငယ်များအား ပစ်မှတ်ထား သုံးစွဲစေခြင်းတို့ကြောင့်  မိမိတို့ရဲ့ ကျောင်းသား၊ ကျောင်းသူများ ပညာရေး ထိခိုက်ခြင်းနှင့် လူ့အညွန့်ကျိုးသည့်ကိစ္စများ မဖြစ်ပေါ်စေရေးအတွက် မူးယစ်ဆေးဝါးများကို အမြစ်ပြတ်အောင် ဖော်ထုတ်ဖမ်းဆီး နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ကာ ထိထိရောက်ရောက် အရေးယူသွားရန်လိုအပ်ကြောင်း။

 

          နိုင်ငံစီးပွားတိုးတက်စေရန်မှာ ကုန်ထုတ်လုပ်မှု တိုးတက်ရန် အဓ်ိက လိုအပ်ပါကြောင်း၊ နိုင်ငံတော် ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့ ဆိုသည့် ဆောင်ပုဒ်ကို အကောင်အထည် ဖော်ရာတွင် နိုင်ငံကိုဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် နိုင်ငံအတွင်း မှီတင်း နေထိုင်ကြသည့် ပြည်သူလူထုအားလုံးတွင် တာဝန်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် ကုန်ထုတ်လုပ်မှု ကဏ္ဍအပေါ်တွင် များစွာ မူတည် နေကြောင်း၊ ကုန်ထုတ်လုပ်မှုဆိုရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှုလုပ်ငန်းများ၊ သတ္တုတူးဖော်ရေး၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများအားလုံး တစ်ခုနှင့်တစ်ခု ဆက်စပ် ပါဝင်နေပြီး နိုင်ငံ့စီးပွားရေးကို သက်ဝင်လှုပ်ရှား စေသကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်း များစွာကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊

          ထို့အတူ ပြည်သူများ၏ နေထိုင်စားသောက်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကုန်စည်စီးဆင်းမှုလွယ်ကူချောမွေ့စေရန်နှင့်  ကုန်စည်ဈေးနှုန်း တည်ငြိမ်ရန် လည်းလိုအပ်ကြောင်း၊ ထို့ကြောင့်  အခြေခံကျသည့်  ဆန်ဈေးနှုန်း တည်ငြိမ်နေသည် ဆိုသော်လည်း ထုတ်လုပ်မှု၊ ဝယ်ယူမှု၊ ဖြန့်ဖြူးမှု၊ ရောင်းချမှုနှင့် စားသုံးမှုစသည့် ကွင်းဆက်များ အားလုံးကို လိုက်လျောညီထွေ ဟန်ချက်ညီညီဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက် နိုင်ရန်လိုအပ်ကြောင်း၊ ထို့ပြင် ဆန်စပါးနည်းတူ အခြားရာသီပေါ် သီးနှံများအတွက် လည်း ရောင်းဝယ်ဖောက်ကားမှု ကွင်းဆက် မှန်ကန်စေရေး ဆောင်ရွက်ပေးခြင်းဖြင့် စိုက်ပျိုး ထုတ်လုပ်သူ တောင်သူများ၏ လူမှုစီးပွားဘဝ အဆင်ပြေမှုရရှိနိုင်မည်ဖြစ်သည့်အတွက် စျေးကွက် စစ်ဆေးရေး၊ ဈေးနှုန်းထိန်းညှိရေးနှင့် မတရားအမြတ်တင် ရောင်းချမှုများကို ထိထိရောက်ရောက် စစ်ဆေးထိန်းသိမ်းသွားရန် လိုအပ်ကြောင်း။

          နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်သော စိုက်ပျိုးရေး အခြေခံကုန်ထုတ်လုပ်မှု (Agro-based Industries) ကို ယခုအခါ အဓိကဦးစားပေး ဆောင်ရွက်ရမှာဖြစ်ပြီး အနာဂတ် ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှု (Sustainable Development) ပန်းတိုင်များအထိ ရရှိစေရန် အလေးထားဆောင်ရွက်သွားကြစေလိုကြောင်း။

 

          မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်တဲ့အတွက် သီးနှံ အထွက် တိုးမြှင့်ရေးသည် နိုင်ငံ၏ အဓိကပန်းတိုင်ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများ အထွက်တိုးလာမှသာ ပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံအတွက် လိုအပ်သည့် စားနပ်ရိက္ခာ များလည်း လုံလောက်မှုရရှိနိုင်မည် ဖြစ်သည့်အတွက် စိုက်ပျိုးရေးကဏ္ဍကို အခြေခံ၍ စီးပွားရေးကွင်းဆက် တစ်ခုလုံးကို ခိုင်မာအောင် တည်ဆောက်ရန် လိုအပ်ကြောင်း၊ ထို့ပြင် ထုတ်လုပ်မှုတိုးတက်ရေးအတွက် နည်းပညာအသုံးချမှုများ အပါအဝင် စက်မှုဖွံ့ဖြိုးတိုးတက်မှု များကို အကျိုးရှိစွာ အသုံး ချ၍  ပူးပေါင်းကြံဆ ဆောင်ရွက်သွားကြရန်လည်း လိုအပ်ကြောင်း၊ အခြေခံ ဆီထွက် သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီစွာထုတ်လုပ်နိုင်အောင် ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ ပန်းတိုင်ရည်မှန်းချက်ရရှိရန် အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

စိုက်ပျိုးရေးဆောင်ရွက်ရာတွင် တောင်သူများအား စိုက်ပျိုးမြေအမျိုးအစားကို သိရှိ နားလည်၍ နည်းစနစ်တကျ စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးပြီး နည်းစနစ်တကျဆောင်ရွက်တတ်စေရေး ကြီးကြပ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း။

 ထို့ပြင် အရည်အသွေးကောင်းမွန်တဲ့ စားသုံးဆီများထုတ်လုပ်နိုင်ရန် အတွက် ဆီစက် များ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ မှ ချေးငွေများ  ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်မတည်ရင်းနှီးမှုများကို ခွင့်ပြုပေးလျက်ရှိကြောင်း၊ စားသုံးသူ ပြည်သူများအနေဖြင့်လည်း လိုအပ်သည်ထက် ဆီကို ပိုမိုစားသုံးခြင်းသည် မိမိတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ကို သိရှိပြီး ဆီစားသုံးမှုကို တတ်နိုင်သမျှလျော့ချရန် လိုအပ်သည့်အပြင် အသိပညာပေးခြင်းအစီအစဉ်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် စေလိုကြောင်း။

နိုင်ငံ၏ စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါ၊ ဝါး၊ ရာဘာအပြင် ကော်ဖီ၊ ငရုပ်ကောင်း များကို တိုးတက်စိုက်ပျိုးရန် လိုအပ်ကြောင်း၊ ယင်းသီးနှံများသည် ပြည်ပဈေးကွက်တွင် ဝယ်လိုမှုအားကောင်းသည့် အမယ်များဖြစ်ကြောင်း၊ ၎င်းတို့ကိုစိုက်ပျိုးရာတွင်လည်း မျိုးကောင်းမျိုး သန့် ရရှိရန်လည်း လိုအပ်ကြောင်း၊ ဝါ တွင် ချည်ထည်ထုတ်လုပ် နိုင်ရန် အတွက် ချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့်စိုက်ပျိုးရန် လိုအပ်ကြောင်း၊ အလားတူ မိမိတို့နိုင်ငံတွင် ဝါး စိုက်ပျိုးနိုင်သည့် မြေဧကပေါင်း သိန်းခန့် ရှိကြောင်း၊ ဝါးမှ တဆင့် ပျော့ဖတ်ထုတ်လုပ်ပြီး ၎င်းမှတဆင့် အရည်အသွေးမီစက္ကူအဖြစ် တန်ဖိုးမြှင့် ပြောင်းလဲထုတ်လုပ်နိုင်ပါကြောင်း၊ ပျော့ဖက်များကိုလည်း ပြည်ပသို့တင်ပို့၍ ဈေးကွက် ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ရာဘာနှင့် ပတ်သက်၍လည်း ရာဘာအချောထည် ထုတ်ကုန်ပစ္စည်းများအဖြစ် တာယာမျိုးစုံ၊ ရာဘာဖိနပ် စသည့်ရာဘာထွက်ပစ္စည်းတို့ကို ထုတ်လုပ်၍ ပြည်တွင်းတွင် သုံးစွဲနိုင်သကဲ့သို့ ရာဘာတန်ဖိုးမြှင့် Value added အနေဖြင့်  ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ကြောင်း၊ စားသောက်ကုန်ကော်ဖီသည်လည်း နေ့စဉ် ပြည်တွင်းစားသုံးမှုများပြားသည့် မရှိမဖြစ် ကုန်ပစ္စည်း ဖြစ်သည့်အပြင် ပြည်ပသို့ တင်ပို့ ရာတွင်လည်း ဈေးကွက်ရှိသည့် စားသောက်ကုန်ပစ္စည်း ဖြစ်သဖြင့်အောင်မြင်အောင် မဖြစ်မနေတိုးချဲ့ စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ အလားတူငရုပ်ကောင်းသည် ပြည်တွင်း၌ သာမက နိုင်ငံတကာတွင် ဟင်းခတ် အမွေးအကြိုင်အဖြစ် အသုံးပြုသည့် ဈေးကွက်ဝင် သီးနှံဖြစ်သည့်အတွက် စိုက်ပျိုးရန်ကိုက်ညီသော ဒေသများတွင် တိုးချဲ့ စိုက်ပျိုးရန် လိုအပ်ကြောင်း။

          နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အလတ်စားနှင့် အကြီးစားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုသည် အရေးပါသည့် လိုအပ်ချက် တစ်ခု လည်းဖြစ်ကြောင်း၊ “စက်မှုစွမ်းအားခေတ်ကျော်လွှား” ဆိုသည့်အတိုင်း စက်မှု ကဏ္ဍ တိုးတက် မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ် တည်ဆောက် နိုင်မည် ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများမှ ပြည်တွင်းတွင်လိုအပ်သည့် ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်ပသွင်းကုန်များ လျော့ချလာနိုင်ပြီး နိုင်ငံခြားငွေ သုံးစွဲမှုများ လျှော့နည်းသက်သာ လာမည် ဖြစ်သည့်အတွက် တိုင်းပြည်စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည် ဖြစ်ကြောင်း၊ စက်မှုကဏ္ဍ တိုးတက်စေရန်အတွက်  လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုစနစ်ကို ခိုင်မာအောင်တည်ဆောက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ရင်းနှီး မြှုပ်နှံမှု၊ အခွန် အခနှင့် လုပ်ငန်းလိုင်စင်ဆိုင်ရာ မူဝါဒများကို ရှင်းလင်း၍ရိုးရှင်းအောင် ဆောင် ရွက်ပြီး စက်မှုလုပ်ငန်းများအတွက် လိုအပ်သော ဝန်ဆောင်မှုနှင့် အခြေခံ အဆောက်အဦများ စုစည်းပေးထားသည့် အထူးစက်မှုဇုန်များ (Industrial Zones)ကို တည်ဆောက် ပေးထားပြီး ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများတွင် နည်းပညာမျှဝေခြင်းများကို ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်မည်ဆိုပါက မိမိတို့နိုင်ငံအတွင်းရှိ လုပ်ငန်းများတွင်လည်း စဉ်ဆက်မပြတ် တိုးတက်မှုရှိ နေမည်ဖြစ်ကြောင်း။

          မိမိတို့နိုင်ငံ၏ ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး ဆောင်ရွက်ရာတွင် MSME ကဏ္ဍ သည်လည်း လွန်စွာအရေးပါလျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊  ယနေ့ခေတ်ကာလ တွင် MSME များကို ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် စီးပွားရေးပတ်ဝန်းကျင် တွင် ရှင်သန်ရပ်တည်နိုင်ရန်အတွက် ဒစ်ဂျစ်တယ်စနစ်ကို မဖြစ်မနေ ပြောင်းလဲ အသုံးပြုရန် လိုအပ်လျက်ရှိပြီး ဒစ်ဂျစ်တယ်စနစ်သည် ဈေးကွက်ယှဉ်ပြိုင်နိုင်မှု စွမ်းရည်ကို တိုးတက် လာစေသည့်   အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာရန်အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် နည်းပညာ၊ ငွေကြေးနဲ့ ဈေးကွက်ဆိုင်ရာ အကူအညီများစွာကို ကူညီပံ့ပိုးပေး လျက်ရှိ ကြောင်းနှင့် နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း ကုန်ထုတ်လုပ်မှုတွင် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူ့စွမ်းအားအရင်းအမြစ် ပြည့်စုံစေရေး ဆောင် ရွက် ပေးရန် လမ်းညွှန်မှာကြားထားပြီးလည်းဖြစ်သည့်အတွက် MSME လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် မိမိတို့ အစိုးရ၊ လုပ်ငန်းရှင်နှင့် ပြည်သူများ အားလုံးတို့မှ လက်တွဲညီညီ ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း။

ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မိမိတို့၏ ပညာရေးဆိုင်ရာ မူဝါဒများအဖြစ် လူတိုင်း အတွက် ပညာသင်ယူမှု အခွင့်အလမ်းများမြှင့်တင်ရေး၊ နိုင်ငံသားတိုင်း KG+9 ပြီးမြောက် အောင်မြင်ရေး၊ သင်ရိုးညွှန်းတမ်းများ ပြုပြင်မွမ်းမံရေး၊ ဆရာအရည်အသွေး မြှင့်တင်ရေး၊ သင်ကြားသင်ယူမှုမြှင့်တင်ရေး၊ စီမံခန့်ခွဲမှုအရည်အသွေးမြှင့်တင်ရေးတို့အပြင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး ၊မွေးမြူရေးကျောင်းများဖွင့်လှစ်ရေးတို့ကို  အားပေး ဆောင်ရွက်လျက် ရှိကြောင်း၊ ဆရာ၊ ဆရာများ အရေအတွက် နှင့် အရည်အချင်းများ ကောင်းမွန်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်တင်ပေးရန်အတွက် သင်တန်းပေးခြင်းနှင့် ဘာသာစကားများ သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ထို့ပြင် ဝေးလံခေါင်ဖျား သည့် ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာ၊ ဆရာမများကို အလှည့်ကျစနစ်ဖြင့် တာဝန်ပေးအပ်ရန်လိုအပ်ပြီး ထိုက်သင့်သည့် သက်သာ ချောင်ချိရေးနှင့် အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးရန်လည်း လိုအပ်ကြောင်း၊ ကျောင်းသားများ ရာနှုန်းပြည့်နီးပါး ကျောင်းတက်ရောက်ရေး၊ အတန်းစဉ် အောင်မြင်ရေးနှင့် ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားပေးရန်လည်း လိုအပ်ကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲ မအောင်မြင်သူများကိုလည်း Job Training ပေး၍ အလုပ်လုပ်နိုင်ရန် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း များကို လည်း ဖွင့်လှစ်ပေးခဲ့ပြီးလည်းဖြစ်သည့်အပြင် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ သင်တန်းများကိုလည်း ဝန်ကြီးဌာနများအလိုက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့်အပြင် ထပ်မံတိုးချဲ့ ဖွင့်လှစ်ပေးရန်လည်း လျာထားဆောင်ရွက်လျက်ရှိပါကြောင်း။

          ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ ယနေ့ခေတ်တွင် ကိုယ်လက်လှုပ်ရှားမှု နည်းပါးသည့် နေထိုင်မှုပုံစံကြောင့် ရောဂါများဖြစ်ပွားလျက်ရှိကြောင်း၊ ထို့ကြောင့် ကိုယ်လက်လှုပ်ရှား နည်းပါးသူများအနေဖြင့် ကျန်းမာရေးအရ လမ်းလျှောက်လေ့ကျင့်ခန်း ဆောင်ရွက်စေ လိုကြောင်း၊ လမ်းလျှောက်ခြင်းသည် အချိန်မကုန်၊ ငွေကြေးကုန်ကျမှုမရှိသည့် အကောင်းဆုံး သော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း တစ်ခုလည်းဖြစ်ကြောင်း၊ လာမည့် ဒီဇင်ဘာလသည် ကိုယ်လက်လှုပ်ရှား အားကစားရာသီဖြစ်သည့်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် လူထုလမ်းလျှောက်ပွဲများကို စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းဖြင့် ပြည်သူလူထုမှ တက်တက်ကြွကြွဖြင့် ပါဝင် လာအောင် ယခုကာလတွင် လုပ်ဆောင်ပေးကြရန် လိုအပ်ကြောင်း။

          နိုင်ငံတော်တွင် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာရန် လိုအပ် ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် မျိုးဆက်သစ် အားကစားသမားများ မွေးထုတ် နိုင်ရန်အတွက်  အခြေခံပညာကျောင်းနှင့် တက္ကသိုလ်များတွင်  ဘောလုံးကွင်းများ၊ အားကစားကွင်းများအပြင် ပြည်နယ်နှင့်တိုင်း မြို့ကြီးများတွင် မိုးလုံလေလုံအားကစားရုံများ၊ Synthetic Rubber ပြေးလမ်းပါသည့် အားကစားကွင်း၊ ဘောလုံးကွင်းများကို အဆင့်မြှင့် ဆောင်ရွက်ပေးထားပါကြောင်း၊ သို့ဖြစ်၍ အဆိုပါ အားကစားကွင်းများအား ရေရှည် တည်တံ့ရေးအတွက် ပြုပြင်ထိန်း သိမ်းခြင်းများ ဆောင်ရွက်ရမည့်အပြင် ထူးချွန်သည့် မျိုးဆက်သစ် ကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်လည်း စဉ်ဆက်မပြတ် လေ့ကျင့်ပေးခြင်း၊ နည်းစနစ်များသင်ကြားလေ့ကျင့်ပေးခြင်းများ စသဖြင့် ဆောင်ရွက် ပေးကြရန် လိုအပ်မည်ဖြစ်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ မွေးထုတ် ပေးနိုင်ရေး ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း။

          နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် စီမံကိန်းဆိုင်ရာ လုပ်ငန်းများ တင်ပြရာတွင် ဝန်ကြီးဌာနများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှုများ အပေါ်မူတည်၍ စာရင်းဇယားတွင် ထည့်သွင်းဖော်ပြသည့် ကိန်းဂဏန်းများကို မှန်ကန်ရန် လိုအပ်ပြီး အရှိအတိုင်း တင်ပြကြရန်လိုအပ်ကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေးနှင့် သန်းခေါင်စာရင်း ၊ ကုန်သွယ်ရေး ကိစ္စများ စသည်တို့တွင် တိကျမှန်ကန်ရန် လိုအပ်ပါကြောင်း၊ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ နှစ်အလိုက် လုပ်ငန်းစီမံချက်များတွင် တင်ပြလာသည့် ကိန်းဂဏန်း အချက်အလက်များသည် မြေပြင်အရှိ အခြေအနေနှင့် ကွဲလွဲတတ်သည့်အတွက်  လုပ်ငန်းစီမံချက်များ လျာထား ဆောင်ရွက်ရာတွင် အားနည်းမှုများ ဖြစ်ပေါ်လေ့ရှိသဖြင့် ကြပ်မတ်စိစစ်ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊  ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများအနေဖြင့် ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးနိုင်စေရေး ကြီးကြပ် ဆောင်ရွက်သွားရန်လည်း လိုအပ်ကြောင်း။

          ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယခုလာမည့် ဒီဇင်ဘာလ ၂၈ ရက်မှ စ၍ အပိုင်း(၃)ပိုင်းဖြင့် ဆောင်ရွက်သွားမည်ကို သိရှိကြပြီးဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ် ထွန်းကားစေရေးအတွက် ယခုအချိန်တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးသည် အရေးကြီးဆုံးကိစ္စရပ်ဖြစ်သည်ကို ပြည်သူလူထုက နားလည်သဘောပေါက်ပြီး လိုလား တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်အတွက်  သက်ဆိုင်သည့် အဖွဲ့အစည်းများအားလုံးက ဘက်ပေါင်းစုံမှ စည်းရုံးဆောင်ရွက်သွား ကြစေလိုကြောင်း။

          ယခုအခါ မိမိတို့နိုင်ငံအတွင်း ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်၍ ရလဒ်ကောင်းများ ဖြစ်ပေါ်စေရေးအတွက်ကိုလည်း တာဝန်ရှိသူအဆင့်ဆင့်တို့မှ မျက်ခြေမပြတ် စောင့်ကြည့်လျက် လိုအပ်ချက်များကို ချမှတ်ပေးထားသည့် မူဝါဒ၊ လမ်းညွှန်ချက်များ နှင့်အညီ ကြပ်မတ်ထိန်းသိမ်းပေးကြရန်နှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက အမှာစာများအား ရှင်းလင်းဖတ်ကြားကြပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုဝန်ကြီးများ၏ တင်ပြ ဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။