တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့်မြစ်ရေယာဉ်(စကု)မှ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၅ နိုဝင်ဘာ ၁၉
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ဆေးမှူးများ၊သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာရှိ စတုဘုမ္မိကမဟာသတိပဌာန်းကျောင်းတိုက်၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်း ကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၉၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၈၄ ဦး၊ ခွဲစိတ်ရောဂါ ၂၂ ဦး၊ သားဖွား/မီးယပ်ရောဂါ ၅၆ ဦး၊ ကလေးရောဂါ ၈၆ ဦး၊ အရိုးရောဂါ ၃၂ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၀ ဦး၊ မျက်စိရောဂါ ၄၈ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၃၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၄ ဦး၊ မျက်စိခွဲစိတ်လူနာ ၃ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၈ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထို့အပြင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်တွင် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ် (ရွှေပုဇွန်)ပေါ်၌ မွေးဖွားပေးခဲ့သော ထနီးကျေးရွာနေ အဖ ဦးသက်ပိုင်မှူး၊ အမိ ဒေါ်ဇင်မီမီထက် တို့၏ အသက် ၂ နှစ်အရွယ်ရှိ သား မောင်စိုးထက်ရွှေ အား တာဝန်ရှိသူ များက ဆေးရုံရေယာဉ်ပေါ်တွင် ခေါ်ယူတွေ့ဆုံ၍ ကာကွယ်ရေးဦးစီးချုပ်(ရေ)က ချီးမြှင့် ပေးအပ်သည့် ကလေးပစ္စည်းများနှင့် အာဟာရပြည့် အစားအစာများကို ပေးအပ်ခဲ့ပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။


