ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) (၇၅)ကြိမ်မြောက် စိန်ရတု (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ နိုဝင်ဘာ - ၁၄

Friday, November 14, 2025 - 15:30

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ဗဟို၏ (၇၅)ကြိမ်မြောက် စိန်ရတု (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ  ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန် နာယကကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားပြီး ဆုများ ပေးအပ်ချီးမြှင့်သည်။

          ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ  ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး နှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း မှတ်တမ်းဓာတ်ပုံပြခန်းအား ကြည့်ရှုကြသည်။

ထို့နောက် အခမ်းအနားကိုကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဆရာတော်၊ သံဃာ တော်များ၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA) ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊(၇၅)ကြိမ်မြောက် စိန်ရတု (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲများတွင် ဆုရရှိသူများနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

          ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး၏ (၇၅)ကြိမ်မြောက် စိန်ရတု (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ကြပြီး ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အလံအား ဂါရဝပြု ဦးညွတ်အလေးပြုကြသည်။

          ယင်းနောက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ ခေတ်ဟောင်းကာလပေါ်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သည့် မသုသုသံသာအောင် က သုံးရောင်ခြယ်သီချင်းဖြင့် သီဆိုဖျော် ဖြေသည်။

၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းကြီး စတင်ပေါ်ပေါက်ချိန်ကတည်းက ထားရှိခဲ့သည့် ရည်ရွယ်ချက်များ နှင့်အညီ (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲများကိုကျင်းပပြီး “သာသနာ” တော် ထွန်းကားပြန့်ပွား ရေးကြိုးပမ်းဆောင်ရွက်ခဲ့သည်မှာ ယနေ့ဆိုပါက(၇၅)ကြိမ် မြောက် တိုင်ခဲ့ပြီဖြစ်ကြောင်း၊ အသင်းကြီးစတင်ပေါ်ပေါက်လာကတည်းက “အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ” ကြီးပွားမြင့်မားရေးအတွက် ရည်ရွယ်ချက်ထားရှိခဲ့ပြီး မူလချမှတ်ခဲ့သည့် ရည်ရွယ်ချက်များနှင့်အညီ ယနေ့အချိန်တိုင်အောင် မပျက်မယွင်းဘဲ တာဝန်ရှိသူများက ကြိုးပမ်းအကောင်အထည်ဖော် နေကြသည်ကို တွေ့ရှိရသည့် အတွက် ဝမ်းမြောက်ဂုဏ်ယူစွာ အသိအမှတ်ပြုပါကြောင်း။

YMBA အသင်းကြီး၏ သမိုင်းကြောင်းကို ပြန်လည်ပြောကြားရမည်ဆိုပါက မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းသည် ဒွန်တွဲပါလာမည်ပင်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် YMBA အသင်းကြီးသည် လွတ်လပ်ရေးနှင့် အမျိုးသားနိုင်ငံရေးကို ဦးဆောင်ဦးရွက်ပြုခဲ့သည့် အစောဆုံး အမျိုးသားရေးအသင်း အဖွဲ့ကြီး ဟုဆိုနိုင်ပါကြောင်း၊ ၁၉၀၆ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့သည့် အသင်းကြီး သည် ယနေ့ဆိုပါက နှစ်ပေါင်း ၁၁၉ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း။

မြန်မာ့သမိုင်းကိုပြန်ကြည့်မည်ဆိုပါက မိမိတို့လူမျိုးများသည် အမျိုးသားရေး စိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်ပြင်းပြသူများဖြစ်သည်ကို အခိုင်အမာတွေ့ရှိရပါ ကြောင်း၊ မိမိတို့သည် လွတ်လပ်ရေးကြီး ဆုံးရှုံးခဲ့ရသော်လည်း မြန်မာတစ်မျိုးသားလုံး ၏ စည်းလုံးညီညွတ်မှုအားကြောင့် ၁၉၀၆ ခုနှစ်တွင် ဘာသာရေးကိုအခြေခံသည့် YMBA အသင်းကြီးပေါ်ပေါက်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ၁၉၂၀ ပြည့်နှစ်တွင် YMBA မှ GCBA ဟူ၍ပြောင်းလဲဖွဲ့စည်းကာ ယခင်ကထက် နိုင်ငံရေးလှုပ်ရှားမှုများကို ပိုမို ဆောင်ရွက်နိုင်ခဲ့ကြသည့် သမိုင်းမှတ်တမ်းများကိုလည်းတွေ့ရှိရကြောင်း၊ ထို့နောက် တို့ဗမာ အစည်းအရုံးပေါ်ပေါက်လာပြီး အစည်းအရုံးဝင် သခင်လူငယ်များမှတစ်ဆင့် ရဲဘော်သုံးကျိပ်၊ ရဲဘော်သုံးကျိပ်မှတစ်ဆင့် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို စတင် ဖွဲ့စည်းနိုင်ခဲ့ကာ လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့သည့်အထိ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းကြီးက အခြေခံအုတ်မြစ်ကောင်းများကို ချမှတ်ပေးနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် တပ်မတော်ရဲ့ သမိုင်းအစ ဘီအိုင်အေ ကဆိုသကဲ့သို့ မျိုးချစ်စိတ်ရဲ့အစ YMBA ကဟု ပြောရမည်ဖြစ်ကြောင်း။

အမျိုး” ဟူသည်ကို “အမျိုးသားများ ကြီးပွားတိုးတက်ရေး၊ အမျိုးသားများနှင့် သက်ဆိုင်သောအရေးအခင်းများ”ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြောင်း၊ သမိုင်းစဉ်တစ် လျှောက်ကို လေ့လာကြည့်မည်ဆိုပါကလည်း ကမ္ဘာ့နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးတိုးတက် ရေးနှင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် စဉ်ဆက်မပြတ်ကြိုးပမ်း တည်ဆောက်နေကြ သည်ကို တွေ့ရှိရကြောင်း၊ ယနေ့ကမ္ဘာ့ဖြစ်ရပ်များကိုကြည့်ပါက ခေတ်မီဖွံ့ဖြိုးတိုးတက် သည့် နိုင်ငံများအပါအဝင် နိုင်ငံများသည် အခြားသောနိုင်ငံရေးများထက် အမျိုးသား ရေးကို ဦးစားပေး ဖော်ထုတ်လာကြသည်ကိုတွေ့နိုင်ကြောင်း၊ နိုင်ငံတော်၏ ဘက်စုံ အကျိုးစီးပွားများ အောင်မြင်ဖြစ်ထွန်းစေရေး “စစ်မှန်သော အမျိုးသားရေး စိတ်ဓာတ်” နိုင်ငံသားတိုင်း တွင် မရှိမဖြစ်ရှိနေကြရန် လိုအပ်ကြောင်း၊ ယင်းအချက်ကို တွေးတော ဆင်ခြင်မိကြသည့် ဗုဒ္ဓဘာသာသာ ကလျာဏယုဝအသင်းကြီးကို စတင် တည်ထောင်ခဲ့ ကြသူများသည် အမျိုးဆိုသည်နှင့်ပတ်သက်၍ ထည့်သွင်းခဲ့ကြ ခြင်းဖြစ်ကြောင်း။

မိမိတို့၏ မြန်မာစာပေ၊ မြန်မာဘာသာ စကားသည် နှစ်ပေါင်းရှည်ကြာ သမိုင်း အထောက်အထား ခိုင်မာစွာဖြင့် တည်ရှိခဲ့ပြီးဖြစ်ကြောင်း၊ ဘာသာစကားတစ်ခု၏ တန်ဖိုးကို မိမိမွေးရပ်ဇာတိတိုင်းပြည်မဟုတ်သည့် နိုင်ငံရပ်ခြားဒေသတစ်ခုသို့ ရောက်ရှိချိန်မှ ပိုမိုနားလည်သိရှိတတ်ကြကြောင်း၊ ထိုအခါမှ မိမိတို့၏ကိုယ်ပိုင်ဘာသာ စကား၊ ကိုယ်ပိုင်စာပေသည် ပိုမိုလေးနက်သည်ကို သိလာကြကြောင်း၊ ဒီမြေမှာမွေး ဒီမြေမှာကြီးပြင်းသူတိုင်းသည် မိမိတို့၏ ကိုယ်ပိုင် စာပေနှင့်ဘာသာစကားကို အလေးထားကြရန် လိုကြောင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ဘာသာစကားစာပေများ ပျောက်ဆုံးမှုကြောင့် တိုင်းပြည်ပါပျောက်သည်အထိဖြစ်ခဲ့သည့် သာဓကများလည်းရှိ နေကြောင်း။

ယနေ့အချိန်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးအနေဖြင့်လည်း ဘာသာ၊ စာပေနှင့်ပတ်သက်ပြီး ဆက်လက်ပုံဖော်ဆောင်ရွက်နေသကဲ့သို့ နိုင်ငံတော်အစိုးရအနေ ဖြင့်လည်း မြန်မာစာပေနှင့်ကိုယ်ပိုင်ဘာသာ စကားများရှိပြီးသားထက် တိုးတက် မြင့်မားလာစေရန် ဘက်စုံထောင့်စုံမှ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိနေသည်ကို ပြောကြားလိုကြောင်း။

ယနေ့ခေတ်မှ ပညာခေတ်မဟုတ်ကြောင်း၊ ကမ္ဘာဦးကာလ ကတည်းက ပညာကိုအခြေပြုပြီး လူ့ဘောင်လောကကို တည်ဆောက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ပညာကြောင့်ပင် လူသားတို့ယဉ်ကျေးမှုသမိုင်း ပြောင်းလဲတိုးတက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများကို လေ့လာကြည့်ပါက ပညာတတ်များပေါကြွယ်ဝခြင်း နှင့် ပညာရေးကို နှစ်ကာလများစွာကတည်းက အားပေးခဲ့ကြခြင်းကြောင့် ဖြစ်သည်ကို တွေ့နိုင်ကြောင်း၊ “ဥစ္စာဟူသည် မျက်လှည့်မျိုး၊ ပညာဟူသည် မြတ်ရွှေအိုး” ဆိုသည့်အတိုင်း အသိပညာ၊ အတတ်ပညာများ ပြည့်ဝနေခြင်းသည် မိမိတို့တစ်ဦး တစ်ယောက်ချင်း၏ ဘဝများအတွက်သာမက ပညာတတ်များပြည့်ဝသည့် နိုင်ငံတော် တစ်ခုအတွက်လည်း ကမ္ဘာ့အလည်တွင် ဝင့်ထည်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိအချိန်တွင် နိုင်ငံတော်၏ အနိမ့်ဆုံးပညာရေးရည်မှန်းချက်အဖြစ် KG+9 အထိ မသင်မနေရ ပညာရေးစနစ်ကို ချမှတ်ထားပြီး ပညာတတ် လူ့စွမ်းအားအရင်းအမြစ် ကောင်းများ ပေါ်ထွက်လာအောင် ဆောင်ရွက် ပေးလျက်ရှိနေကြောင်း။

မိမိတို့နိုင်ငံ၏ ပညာရေးစနစ်သည် အတန်းပညာမှ တစ်ဆင့် အတတ်ပညာ၊ အသိပညာအထိ ပြည့်စုံအောင် ဖန်တီးပေးထားသည့် စနစ်ကောင်းတစ်ခုပင်ဖြစ် ကြောင်း၊ အတတ်ပညာ အသိပညာပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်း များကသာလျှင် နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်း ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း။

လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်မှစပြီး တိုင်းပြည် လွတ်လပ်ရေးကြိုးပမ်းမှု အတွက် ရှေ့ပြေးသဖွယ်ပေါ်ပေါက်ခဲ့သော YMBA အသင်းကြီးကချမှတ်ခဲ့သည့် ရည်ရွယ်ချက်များကို ယနေ့ကာလတိုင် မျိုးဆက်သစ်များက လက်ဆင့်ကမ်းတာဝန်ယူ ထမ်းရွက်လျက်ရှိနေသည်ကို တွေ့ရှိရကြောင်း။                                         မျိုးချစ်စိတ်ဓာတ်ခိုင်မာမှု၊ လျော့နည်းမှုပေါ်မူတည်ပြီး နိုင်ငံတော်သည် ဆူကြုံ နိမ့်မြင့် ခရီးအသွယ်သွယ်ကို လျှောက်လှမ်းခဲ့ရကြောင်း၊ ထို့ကြောင့် ကြုံတွေ့ခဲ့ရသည့် သမိုင်းဖြစ်စဉ်များကို သင်ခန်းစာယူပြီး ယခုနှစ် အမျိုးသားအောင်ပွဲနေ့အတွက် ချမှတ်ထားသော ဆောင်ပုဒ်ဖြစ်သည့် “စည်းလုံးချစ်ကြည်လက်တွဲညီ ရွှေပြည်သစ် ဆီလှမ်းကြမည်” ဆိုသည့် ဆောင်ပုဒ်သည် ယနေ့အချိန်တွင် တိုင်းပြည်၏ ပကတိ လိုအပ်ချက်ဖြစ်သော ခိုင်မာကောင်းမွန်သည့် အမျိုးသားရေးစိတ်ဓာတ်တစ်ခုပင် ဖြစ် သည်ကို အားလုံးရင်ထဲတွင် စွဲမြဲနားလည်နေကြရန် လိုအပ်ကြောင်း။

မြတ်စွာဘုရား၏ သာသနာတော်ဆိုသည်မှာ အဆုံးအမတစ်ခု ဖြစ်သကဲ့သို့ ကိုယ်စီကိုယ်စီတွင်ရှိသင့်သည့် ကိုယ်ချင်းစာတရားတစ်ခုလည်း ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင်တိုင်း၏ နှလုံးအိမ်တွင် မြတ်စွာဘုရား၏ အဆုံးအမများ ကိန်းအောင်းနေ ရန်အတွက် (၃၈)ဖြာမင်္ဂလာတရားတော်သည် အခြေခံပင်ဖြစ်ကြောင်း၊ ထိုသို့အဆုံးအမ များ တိုင်းသူပြည်သားများ၏ နှလုံးအိမ်တွင်တည်ရှိနေရန် ၁၉၄၉ ခုနှစ်မှစပြီး (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲများကို YMBA အသင်းကြီးက ဦးဆောင်ကျင်းပခဲ့ သည်မှာ ယခုအခါ(၇၅) ကြိမ်မြောက် စိန်ရတု အခါသမယတိုင်ခဲ့ပြီဖြစ်ကြောင်း။

ထိုသို့ကျင်းပနိုင်ခြင်းသည် နိုင်ငံတော်နှင့် တစ်မျိုးသားလုံးအတွက် ဝမ်းမြောက် ဂုဏ်ယူဖွယ်ရာ ဆောင်ရွက်မှုတစ်ခု ဖြစ်ကြောင်း၊ ယခုနှစ် (၇၅) ကြိမ်မြောက် (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲများကိုကျင်းပရာတွင် ယခင်နှစ်များနှင့်မတူ ထူးခြားသည်မှာ မြန်မာဘာသာနှင့်သာမကပဲ တိုင်းရင်းသားဘာသာများဖြစ်သည့် မွန်၊ ပအိုဝ့် ဘာသာများနှင့်ပါ ဖြေဆိုနိုင်ခဲ့သည်ကို ဝမ်းမြောက်ဂုဏ်ယူ ဖွယ်ရာတွေ့ရှိ ရကြောင်း၊ နောင်လာမည့်နှစ်များတွင်လည်း ယခုတိုင်းရင်းသား ဘာသာစကားများ အပြင် အခြားတိုင်းရင်းသားဘာသာစကားများနှင့်ပါ ဖြေဆိုနိုင်ကြရေးအတွက် မိမိအနေ ဖြင့် တိုက်တွန်းပြောကြား လိုကြောင်း။

မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ပေါ်ပေါက်ခဲ့သည့် YMBA အသင်းကြီးသည့် ယနေ့ဆိုပါက နှစ်ပေါင်း ၁၁၉ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ စတင် ပေါ်ပေါက်ချိန်ကတည်းက ချမှတ်ခဲ့သည့် “အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကို အားပေးပါ” ဆိုသည့် ရည်ရွယ်ချက်သည် ယနေ့ထက်တိုင် အသက်ဝင်နေဆဲ၊ မျိုးဆက် သစ်များက လက်ဆင့်ကမ်း ဆောင်ရွက်နေရဆဲ သမိုင်းပေးတာဝန်များပင် ဖြစ်ကြောင်း၊ အဆိုပါတာဝန်များကို ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့်လည်း တစ်တပ် တစ်အားကြိုးစား ဆောင်ရွက်နေသကဲ့သို့ အမိနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကလည်း အမျိုးကိုချစ်သည့်စိတ်၊ ဘာသာကို အလေးထားသည့်စိတ်၊ သာသနာကို ထိန်းသိမ်း စောင့်ရှောက်လိုသည့်စိတ်၊ ပညာကိုမြှင့်တင်လိုသည့် စိတ်ဓာတ်ခံယူချက်များဖြင့် တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများတွင် ကိုယ်စီကိုယ်စီ တာဝန်သိသိ တာဝန်ရှိရှိ ပူးပေါင်းဆောင်ရွက် သွားကြရန်တိုက်တွန်း မှာကြားလိုကြောင်းဖြင့်ပြောကြားသည်။

          ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း ဥက္ကဋ္ဌ ဦးရဲထွန်းက တပ်မတော် စစ်သမိုင်းပြတိုက်သို့ ပေးအပ်လှူဒါန်းသည့် ၁၃၁၃ ခုနှစ်၊ တန်ခူးလဆန်း(၁၀) ရက်၊ ၁၉၅၂ ခုနှစ်၊ ဧပြီလ(၄) ရက်သောကြာနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင် မြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း အဆောက်အဦ အုတ်မြစ်ချရာတွင် အသုံးပြုခဲ့သော သမိုင်းဝင်ဗိသုကာသံလက်အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းထံ ပေးအပ်သည်။

          ယင်းနောက် ပအိုဝ်းရိုးရာယဉ်ကျေးမှုအကအဖွဲ့နှင့် မွန်ရိုးရာယဉ်ကျေးမှုအက အဖွဲ့တို့က တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေကြသည်။

          ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာ ရေးကော်မရှင်ဥက္ကဋ္ဌက ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)၏ (၇၅)ကြိမ် မြောက်စိန်ရတု (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲတွင် မြန်မာဘာသာ (အကြီးတန်း)၊ ပအိုဝ်းဘာသာ(အကြီးတန်း)နှင့် မွန်ဘာသာ(အငယ်တန်း)တို့တွင် ပထမဆုရရှိခဲ့ကြသူများ အား ဆုများပေးအပ်ချီးမြှင့်သည်။

          ၎င်းနောက် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး  ဦးလှမိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က (၇၅)ကြိမ်မြောက် စိန်ရတု (၃၈)ဖြာ မင်္ဂလာတရားတော် နှင့် ဗုဒ္ဓဝင်စာမေးပွဲတွင် ဆုရရှိခဲ့ကြသူများအား ဆုများပေးအပ် ချီးမြှင့်သည်။

          ယင်းနောက် အခမ်းအနားတက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူ များက(၃၈)ဖြာမင်္ဂလာတေးအား ရွတ်ဆိုကြပြီး ဇာတိမာန်သီချင်းအား သီဆိုကြရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ  ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး နှင့် အခမ်းအနား တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

          အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌသည် အခမ်းအနားတက်ရောက်လာကြသူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ဆုရရှိသူများ၊ အခမ်းအနားတက်ရောက်လာကြသူ များနှင့်အတူ နေ့လည်စာအား အတူတကွသုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။