တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေး ချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရန်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာများကို ကာကွယ်စောင့်ရှောက်ရန်အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေး နှင့် အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေးတာဝန်များကို ရှေ့တန်းစစ်မျက်နှာများတွင် မိဝေးဖဝေး၊ မိသားစုများနှင့် ဝေးကွာ၍ နေ့မအား ညမနား စွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်ခဲ့ပြီး ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သော အောင်ပွဲအလီလီရ ရှေ့တန်းပြန်နိုင်ငံ့ သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ကျေးရွာရှိ နယ်မြေခံတပ်ရင်း၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများက ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုကြသည်။
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက် နှာများတွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ပြီး အောင်ပွဲအလီလီရယူနိုင်ခဲ့သော အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား ဒုတိယတိုင်းမှူးနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူ များက အောင်သပြေခက်များ၊ ဂုဏ်ပြုပန်းကုံးများနှင့် ဂုဏ်ပြုပန်းများဖြင့် ကြိုဆို ဂုဏ်ပြုကြပြီး အိုးစည်၊ ဒိုးပတ်၊ အတီး၊ အမှုတ်၊ အက၊ အလှများဖြင့် ဝမ်းမြောက်စွာ သောင်းသောင်းဖျဖျ ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သတင်းရရှိသည်။

