နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၆)သင်တန်း ဆင်းပွဲများ ကျင်းပပြုလုပ် နေပြည်တော်၊ ၂၀၂၅ နိုဝင်ဘာ ၁၃ ရက်

Thursday, November 13, 2025 - 17:15

 

                နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး သုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်နိုင်ရန် အတွက် နိုင်ငံသားတိုင်းစစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ် များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

                ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၆)သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံ သင်တန်း ကျောင်းအသီးသီး၌ ကျင်းပပြုလုပ်ကြသည်။ အဆိုပါ သင်တန်းဆင်းပွဲများကို   သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်းဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။

                ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆု များဖြစ်သည့် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက်နည်း ပထမဆု၊ ချေမှုန်းရေး ပထမဆု၊ အိပ်ဆောင်အကောင်းဆုံးဆု ရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့် ကြသည်။

                သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက်ရောက်ကြသော နေပြည်တော်ကောင်စီဉက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန် ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၆)မှ သင်တန်းဆင်း နိုင်ငံ့သား ကောင်းစစ်သည်များအား တွေ့ဆုံအမှာစကား ပြောကြားကာ ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးကြသည်။

                အဆိုပါ  ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၆)မှ သင်တန်းသားများကို ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ် စသည့် ဘာသာရပ်များနှင့် အထွေထွေဘာသာရပ်များကို  အဆင့်ဆင့် လေ့ကျင့်သင်ကြားပေး ခဲ့ကြကြောင်း  သိရှိရသည်။

                ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ပုဒ်မ-၃၈၅ တွင် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ် စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ-၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန် နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်း ထားသည်။ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့် အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့ တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်း ဆောင်ရန်ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေ ကြပြီဖြစ်သည်။

                ယနေ့တွင် သင်တန်းဆင်းခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်း   နိုင်ငံ့သားကောင်း စစ်သည်များသည်လည်း အဖွဲ့အစည်းဖြင့် စည်းစနစ်ကျစွာလုပ်ကိုင် ဆောင်ရွက်တတ် သည့် အလေ့အကျင့်များ(TeamWork)ရရှိခဲ့ပြီး နိုင်ငံချစ်စိတ်(Nationalism)၊ မျိုးချစ်စိတ်(Patriotism)၊ အဖွဲ့အစည်းစိတ်(Team Sprit)၊ ရဲဘော်ရဲဘက်စိတ်(esprit de corps) အပြည့်ဖြင့် တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးသို့ သွားရောက်၍ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို  ဂုဏ်ယူစွာ ထမ်းဆောင်ကြတော့ မည်ဖြစ်သည်။

                ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၆)တွင် တက်‌ရောက်ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့တာဝန်ကျရာတပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက် တာဝန်ထမ်းဆောင်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ သင်တန်း ဆင်း နိုင်ငံ့သားကောင်းစစ်သည်များ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရ ပါတယ် ----

၁။            ကျွန်တော်ပြည်သူ့စစ်မှုထမ်း သင်တန်းကို တက်ရောက်ရတဲ့ ရည်ရွယ်ချက် ကတော့ နိုင်ငံတော်ကလည်း ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းလိုက်တဲ့ အတွက် ကြောင့် မိဘကလည်းတိုက်တွန်းပြီးတော့ ကျွန်တော်ကလည်း စစ်သားကောင်း တစ်ယောက် ဖြစ်ချင်တာနဲ့ တပ်မတော်ရဲ့ဂုဏ်ကို မြှင့်တင်ချင်တာနဲ့ ကျွန်တော်က ဒီထဲကိုဝင်ရောက်လာခြင်း ဖြစ်ပါတယ်။ ကွာခြားသွားတဲ့အရာတွေကတော့ အပြင်မှာဆို ကျွန်တော်ပေါ့ပေါ့ပါးပါးပဲ နေတာပါ။ ဒီမှာကျတော့ ကိုယ့်ဟာနဲ့ကိုယ် အကျင့်လေး တွေဖြစ်လာတယ်။ မနက်ဆို အိပ်ယာစောစောထတက်လာတယ်။ အရာအားလုံးက အကျင့်တွေနဲ့ပဲ အကုန်ဖြစ်လာတယ်။ စည်းကမ်းရှိလာတယ်။ မိဘတွေကလည်း ဒီလိုမျိုးဖြစ်စေချင်နေတာပါ။ ကျွန်တော်ကလည်း ဒီလိုမျိုးဖြစ်တာနဲ့ ကွက်တိ သွားဖြစ်ပါတယ်။ ဒီတပ်မတော်ထဲ ဝင်လာတာမှန်တယ်လို့ပဲ ကျွန်တော့်အနေနဲ့ ယူဆ ပါတယ်။ နောက်လာမယ့် ညီတော်တွေကိုလည်း နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းကို တက်ရောက်ကြပါလို့ ကျွန်တော်ပြောချင်ပါတယ်။

၂။            ကျွန်တော်ဒီသင်တန်းမှာ ချေမှုန်းရေးဆုကို ရရှိခဲ့ပါတယ်။ စရောက် တဲ့အချိန်မှာ တော်တော်လေးပင်ပန်းပါတယ်။ နောက်ပိုင်းကျတော့ နည်းပြဆရာတွေ သင်ကြားပြသပေးတာတွေကို သေချာလိုက်လုပ်ပြီး ဆရာတွေရဲ့ ဆုံးမမှုတွေ၊ ဖေးမမှုတွေနဲ့ပဲ တဖြည်းဖြည်းနဲ့ နေသားကျလာပါတယ်။ ဒီဆုကို ရရှိဖို့အတွက် ဆရာတွေသင်ကြားပေးတဲ့ အရာတွေကို စာတွေ့ဖြစ်စေ၊ လက်တွေ့ဖြစ်စေ စနစ်တကျနဲ့ သေသေချာချာလေး လိုက်ပါဆောင်ရွက်တဲ့အတွက်ကြောင့် ဒီဆုကို ရရှိခဲ့ခြင်းဖြစ် ပါတယ်။ ကျွန်တော့်ရဲ့ ပညာအရည်အချင်းကတော့ ဒဿနိကဗေဒ ဘာသာရပ် ဖြစ်ပါ တယ်။ ကျောင်းတော်ကြီးက သင်ကြားပေးလိုက်တဲ့ ပညာရပ်တွေကို မြေပြင်မှာ သေချာစွာစနစ်တကျ အသုံးပြုပြီးတော့ အမြဲတမ်းစစ်သည် ညီအကို နောင်တော် တွေနဲ့အတူ သေသေချာချာ ပူးပေါင်းဆောင်ရွက်သွားပါမယ်။ နောင်လာမယ့်ညီ အကိုတွေကို ပြောချင်တာကတော့ နိုင်ငံတော်က ချမှတ်ထားတဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို လိုက်နာပြီးတော့ ဒီပြည်သူ့စစ်မှုထမ်းသင်တန်းကို တက်ရောက်ဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။

၃။            ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြဌာန်း လိုက်ပြီဖြစ်တဲ့ အတွက်ကြောင့် နိုင်ငံ့သားကောင်းတစ်ယောက်အနေနဲ့ ဥပဒေကို စောင့်ထိန်းရမယ်ဆိုတဲ့ အသိနဲ့ ဒီသင်တန်းကို တက်ရောက်ခြင်းဖြစ်ပါတယ်။ အရပ်သား ဘဝနဲ့ စစ်မှုထမ်းဘဝက တော်တော်လေးကွာခြားပါတယ်။ တပ်မတော်သား တစ်ယောက်ဖြစ်လာတဲ့ အခါမှာ အရင်ကထက်ပိုပြီးတော့ စည်းကမ်းကောင်း လာတယ်လို့ ထင်ပါတယ်။ ရရှိခဲ့တဲ့ ဆုအမျိုးအစားကတော့ လက်ဖြောင့်တပ်သားဆု ဖြစ်ပါတယ်။ ဒီဆုကို ဘယ်လိုရအောင် ကြိုးစားခဲ့လဲဆိုတော့ နည်းပြဆရာတွေ သင်ခန်းစာပို့ချတဲ့ အချိန်မှာ စိတ်ပါဝင်စားစွာနဲ့ လေ့လာသင်ယူ မှတ်သားပြီးတော့ အာရုံစိုက်ပြီး လုပ်ခဲ့လို့ ဖြစ်ပါတယ်။ ဒီအတတ်ပညာတွေကို အသုံးချပြီးတော့ နိုင်ငံတော် အပေါ် အသက်ပေးပြီးတော့ ကာကွယ်စောင့်ရှောက်သွားမယ်လို့ ခံယူထားပါတယ်။ သင်တန်းဆင်းပြီးကာလ ကျောင်းတော်ကြီးက သင်ကြားပေးလိုက်တဲ့ ပညာရပ်တွေကို မြေပြင်မှာ လက်တွေ့အသုံးချပြီးတော့ အမြဲတမ်းစစ်မှုထမ်း ညီအကိုတွေနဲ့အတူတူ တိုင်တိုင်ပင်ပင်နဲ့ ကျရာတာဝန်တွေကို ကျေပွန်စွာထမ်းဆောင်မယ်လို့ ခံယူထားပါ တယ်။

                ထို့နောက် ညပိုင်းတွင် သင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၆)မှ နိုင်ငံ့သားကောင်းစစ်သည်များကို သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲများပြုလုပ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။